ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက် စာမျက်နှာတွင် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့့် ဖမ်ဆီး ထားသော မချောစန္ဒီထွန်းနှင့် ပက်ထရစ် ကွမ် ဂျာလီ တို့အား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်

letter head

ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက် စာမျက်နှာတွင် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့့် ဖမ်ဆီး ထားသော မချောစန္ဒီထွန်းနှင့် ပက်ထရစ် ကွမ် ဂျာလီ တို့အား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်

နေ့စွဲ။ ။ အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်
မချောစန္ဒီထွန်းနှင့် ပက်ထရစ် ကွမ် ဂျာလီ တို့ကို ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်မှတဆင့် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့် ယခုလ (အောက်တိုဘာလ၊ ၂၀၁၅) ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ပုဒ်မ၊ အသရေဖျက်မှု ပုဒ်မ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
အစိုးရတရပ်အနေဖြင့်၊ တပ်မတော်အနေဖြင့် ပြည်သူတို့၏ အသံကို နားစွင့်ရန်လိုအပ်ပါသည်။ ထို့အတူ သည်းခံ စိတ်ရှည်သော အစိုးရတရပ် ဖြစ်အောင် ကြိုးစား ပြုမူရန်လည်း လိုအပ်ပါသည်။ ဤသို့သော လုပ်ရပ်မှာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်ပြီး ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖေါ်မှုကို ခြိမ်းခြောက်ရာလည်း ရောက်ပါသည်။
လူမှုကွန်ရက်စာမျက်နှာသည် လူတိုင်း မိမိတို့၏ ခံစားချက်များ၊ သဘောထားအမြင်များကို လွတ်လပ်စွာ ဖေါ်ထုတ်ကြ၊ ဖလှယ်ကြသည့် လူမှုဆုံရပ်တခုဖြစ်သည်။ ထိုစာမျက်နှာပေါ်တွင်ပင် အတိုက်အခံခေါင်းဆောင်များ၊ အစိုးရအာဏာပိုင်များအား ဝေဖန်ပုတ်ခတ်မှု၊ သရော်မှု၊ အကြံပေးမှုများ နေ့စဉ်နှင့်အမျှရေးသား ဖေါ်ထုတ်နေသည်ကို တွေ့မြင်နေကြရသည်။
မိမိတို့အနေဖြင့် ရုတ်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်၊ ရေးသား၊ ပြောဆို ဖေါ်ပြမှုများကို ယနေ့အချိန်အထိ အားပေးအားမြှောက်ပြုခြင်းမရှိခဲ့ပါ။ သို့သော်လည်း လက်လွတ်စပယ် ဖမ်းဆီးအရေးယူသည့်အခြေအနေထိ တုန့်ပြန်မှုကိုလည်း ကန့်ကွက်ပါသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တွင် “လူတိုင်းလွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိပဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်” တို့လည်း ပါဝင်ပါသည်။

ယခုကဲ့သို့ ဖမ်းဆီး၊ တရားစွဲခြင်းသည် နိုင်ငံတိုင်း လက်ခံကျင့်သုံးရမည့် အပြည်ပြည်ဆိုင်ရာ စာတမ်းအား ဖောက်ဖျက် ကျူးလွန်ရာရောက်သည့်အပြင် နိုင်ငံသားများအား နိုင်ငံရေးအရ ပြင်းထန်သော ခြိမ်းခြောက်မှုတခုဖြစ်သည်ဟု မိမိတို့ အနေဖြင့် ယုံကြည်ပါသည်။ ထို့အပြင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုသောအချိန်တွင် ထိုကဲ့သို့ တဖက်သတ်ဖမ်းဆီး အရေးယူမှုများကြောင့် ရွေးကောက်ပွဲ၏ တရားမျှတမှုအား များစွာ ထိခိုင်စေမည်ဖြစ်ပါသည်။

ထိုကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသောအားဖြင့်၊ ပြည်သူများ၏ လွတ်လပ်မှုအား အသိအမှတ်ပြုသောအားဖြင့် စွဲဆိုထားသော အမှုများကို ပလပ်၊ ပယ်ဖျက်ပေးပြီး ဖမ်းဆီးထားမှုမှ အမြန်ဆုံးလွှတ်ပေးပါရန် မိမိတို့ နို်င်ငံရေအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ အလေးအနက် တောင်းဆိုလိုက်ပါသည်။

နို်င်ငံရေအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆(၀) ၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် +၉၅(၀) ၉၄ ၂၅၃၀၈၈၄၀

Statement on two activists arrested