၂၀၁၉ ခုနှစ်၊ ဇွန်လ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မိထ္ထီလာမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း(၇)ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိထ္ထီလာမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် ဟောပြော ပို့ချပေးနိုင် ခဲ့သည်။ အဆိုပါဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၆၀)ဦး တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများလည်း ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။

မိထ္ထီလာမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း(၄)ပွဲကို မိထ္ထီလာ ကွန်ပျူတာတက္ကသိုလ်၊ မိထ္ထီလာ နည်းပညာ တက္ကသိုလ်၊ မိထ္ထီလာ စီးပွားရေးတက္ကသိုလ်နှင့် မိထ္ထီလာ တက္ကသိုလ်တို့တွင် ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၆၆၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။

မြင်းခြံမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း(၃)ပွဲကို မြင်းခြံဒီဂရီကောလိပ်၊ အလင်းဥယျာဉ်ပညာဒါနကျောင်းနှင့်ရှားတော ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် ဟောပြောပို့ချခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၀၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။

 

မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပို့ချသော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ၌ ကျောင်းသူ တစ်ဦးမှ မေးမြန်း

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်နှင့် ကိုဝဏ္ဏနွယ်တို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာ မိတ်​ဆက်​​ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ​ဟော​ပြောပွဲ ပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့သည်။  ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်နှင့် ကိုခင်မောင်ဝင်း တို့မှ လူ့အခွင့်​့အ​ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာ တတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင် အောင်ကြိုးစားစေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေး သူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

လူ့အခွင့်အရေး(နည်းပြ)နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှု(မွမ်းမံ) သင်တန်း ပို့ချခြင်း

ပြင်ဦးလွင်မြို့တွင် ပို့ချခဲ့သော လူ့အခွင့်အရေး(နည်းပြ)နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု(မွမ်းမံ) သင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး(နည်းပြ)နှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု(မွမ်းမံ)သင်တန်းကို မန္တလေးတိုင်း ဒေသ ကြီး၊ ပြင်ဦးလွင်မြို့၌ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့ထိ (၂၀) ရက်တာ ပို့ချပေးခဲ့သည်။

သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူ မှ  သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၉)ဦး နှင့် သင်တန်းသား (၁၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ရွက်စိမ်းနု၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်း၊ Future Light Youth Network၊ သက်တံရောင်စဉ် ပရဟိတလူငယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု၊ မာဃလူမှုကူညီရေးအသင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ Ray of Light၊ CSO NW၊ Roman Catholic လူငယ်အဖွဲ့၊ CA Group၊ တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)၊ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)၊ မိုင်းဝယ်လူငယ်အဖွဲ့၊ Mother Land၊ ကူကီး ကျောင်းသားများ၊ ဇိုမီး ကျောင်းသားနှင့် လူငယ် အဖွဲ့အစည်း (ZSYO)နှင့် ရည်ရွယ်ရာ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း တို့မှ အဖွဲ့ဝင်များဖြစ်ကြသည်။ ထို့ပြင် သင်တန်းတက်ရောက် သူများသည်  ရှမ်း၊ ဗမာ၊ ဓနု၊ ကရင်၊ မွန်၊ ကချင်၊ တအာင်း၊ ရှမ်းနီ၊ ကူကီးနှင့် ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။

ဒေသအသီးသီးမှ သင်တန်းတက်ရောက်လာကြသော သင်တန်းသူ/သင်တန်းသားများသည် ၎င်းတို့ နေထိုင်ရာ ဒေသများ၌ ရင်ဆိုင်နေကြရသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို တင်ပြခဲ့ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နှင့် သီပေါမြို့အနီးရှိ ကျေးရွာများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းများ၊ တပ်သားသစ် စုဆောင်းခြင်းများ ယခုထိ ရှိနေခြင်း၊ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့(ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ)တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကြောင့် လွတ်လပ်စွာ သွားလာ၍ မရဘဲ စစ်ဆေးမှုများ ရှိခြင်း၊ ကချင်ပြည်နယ်အတွင်း ဒေသတစ်ခုနှင့်တစ်ခုကို လွတ်လပ်စွာ သွားလာ၍ မရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်အဖွဲ့ AAPP ပြခန်းကို လေ့လာ

ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗြိတိသျှသံရုံးမှ Zoe Hambrjdgr (Myanmar Desk Officer, FCO)၊ ကိုဇော်နိုင်ဦး (ခ)ကိုခိုင်သူရိန်(နိုင်ငံရေးအရာရှိ)နှင့် မနော်လုလု (Programme Officer)တို့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့ လာရောက် လည်ပတ်ခဲ့သည်။  AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ဘဏ္ဍာရေးဌာန တာဝန်ခံ ဦးစိုးနိုင်၊ AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တာဝန်ခံ(MHAP)ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့မှ ၎င်းတို့ကို လက်ခံ တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် Memory of the Past ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာ ကိုဇော်မိုးမှ လိုက်လံရှင်းလင်း ပြသပေးခဲ့ သည်။

အမေရိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

အမေရိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဇွန်လ ၄ ရက်နေ့တွင်  အမေရိကန်သံရုံးမှ John Ryan (Political Officer, Political-Economic Section), Micah L. Watson (Human Rights International Organizations)နှင့် Khine Mwan Lurnn (Political Specialist – Political and Economic Section)တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက်ခဲ့ပြီး Memory of the Past ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာ AAPP ၏ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုး မှ လိုက်လံရှင်းပြပေးခဲ့သည်။

ထို့နောက် AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တာဝန်ခံ(MHAP) ဦးကျော်စိုးဝင်းနှင့် ကိုဇော်မိုးတို့မှ ၎င်းတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့် အကျဉ်းသားဦးရေ လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့် အကျဉ်းသားဦးရေ လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်

ဇွန်လ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ပြုလုပ်သော  အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့် အကျဉ်းသားဦးရေ လျှော့ချရေးလုပ်ငန်းညှိနှိုင်းအစည်းသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်နှင့် ဘဏ္ဍာရေးဌာန တာဝန်ခံ ဦးစိုးနိုင်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ အစည်းအဝေးကို ကော်မတီဥက္ကဌ အပါအဝင် ကော်မတီဝင်လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ လွှတ်တော် အခြေပြု ပြည်သူ့အထောက်ကူပြုရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့သည်။

Reparation Working Group အဖွဲ့ဝင်များနှင့် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

Reparation Working Group အဖွဲ့ဝင်များနှင့် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဇွန်လ ၁ဝ ရက်နေ့တွင် Ambassador Kelley Currie, Ambassador Scot Marciel (US Ambassador to the Republic of the Union of Burma), Mr. Ari Bassin (Senior Advisor, US Department of State)တို့နှင့် Reparation Working Group အဖွဲ့ဝင်များဖြစ်ကြသော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုး၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံမှ ကိုဟန်ကြီး၊ ပွင့်လင်းမြန်မာလူ့အဖွဲ့အစည်းမှ ကိုရဲအောင်၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့မှ ကိုသွင်လင်းအောင်၊ အနာဂတ်အလင်းတန်းများဆုံမှတ်မှ မသက်သက်အောင်တို့ American Centre ၌ တွေ့ဆုံခဲ့ပြီး Reparation Working Group စုဖွဲ့သည့် ရည်ရွယ်ချက်၊ RWGမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၊ Reparation Policy၊ RWG ၏ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး သံအမတ် နှစ်ဦးနှင့် Senior Advisor တို့မှ သိလိုသည်များအား ဆွေးနွေးခဲ့ရာ RWG အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ ပြန်လည် ကုစားရေး မူဝါဒ(Reparation Policy) ပေါ်ပေါက်လာနိုင်ရေး အခွင့်အလမ်း တို့အား ဆွေးနွေးခဲ့ကြသည်။

EU-Myanmar Civil Society Forum on Human Rights ကို တက်ရောက်

EU-Myanmar Civil Society Forum on Human Rights ကို  တက်ရောက်

ဇွန်လ ၁၂ ရက်နေ့တွင်  နေပြည်တော်၌ ကျင်းပသည့်          EU-Myanmar Civil Society Forum on Human Rights ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြား ရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုး တက်ရောက်ခဲ့သည်။

ဗြိတိသျှသံအမတ်နှင့်ကိုယ်စားလှယ်အဖွဲ့ AAPPသို့ လာရောက် လေ့လာ

ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှ သံအမတ်ကြီးအပါအဝင် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး

ဇွန်လ ၁ရ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗြိတိသျှသံရုံးမှ Dan Chugg (Ambassador of British Embassy, Yangon) နှင့် Menna Rawlings, Director-General Economic and Global Issues at the Foreign & Commonwealth Office

(FCO)တို့ ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်၊ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးနှင့် MHAP စူပါဗိုက်ဆာ မသန်းသန်းဌေးတို့မှ ၎င်းတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိ သည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေ တို့ကို ဆွေးနွေးခဲ့ကြသည်။

အထွေထွေလှုပ်ရှားမှုများ

World Drug Day အထိမ်းအမှတ် လူငယ်နှင့် မူးယစ်ဆေးဟောပြောပွဲတွင် ပါဝင် ဆွေးနွေး

World Drug Day အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေး ဟောပြောပွဲတွင် AAPPရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ပါဝင်ဆွေးနွေး

ဇွန်လ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့၌ ပအို့ဝ်လူငယ် အစည်းအရုံးမှ ကျင်းပသည့် World Drug Day အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေး ဟောပြောပွဲ “ကူညီပါ အပြစ်မပေးပါနဲ့” အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)ကိုယ်စား AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်မှ ပါဝင်ဆွေးနွေးခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည် ဆိုင်ရာနေ့ကျင်းပခြင်း

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြား

ဇွန်လ ၂၆ ရက်နေ့တွင် ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို ရန်ကုန်မြို့၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့(AJAR) တို့မှ ပူးပေါင်း၍ ကျင်းပခဲ့ သည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာမ နှင်းပန်းအိမ်မှ ဆောင်ရွက်ပေးခဲ့ပြီး ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)မှ ဒေါ်ခင်မိမိခိုင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ သည်။ ထို့နောက် AAPPမှ အတွင်းရေးမှူး ဦးတိတ်နိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ၎င်းနောက် AAPP မှ  ဦးဇော်မိုးမှ  ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ် (CAT) နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ Panel Discussion အစီအစဉ်အရ Moderator အဖြစ် ဦးသွင်လင်းအောင်မှ ဆောင်ရွက်ခဲ့ပြီး Panelists များအဖြစ် AAPP-MHAP  တာဝန်ခံ ဦးကျော်စိုးဝင်း၊  အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံမှ နာင်းမို့မို့ နှင့် ရှေ့နေ ဒေါ်ခင်ခင်ကျော်တို့မှ ပါဝင်ဆွေးနွေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်

AAPP မှ စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်

ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ နေပြည်တော်ရှိ ဂရင်းအမရာဟိုတယ်တွင် ကျင်းပပြုလုပ်သည့် စိတ်ကျန်းမာရေး မူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့ သည် တက်ရောက် ဆွေးနွေးခဲ့သည်။

MHAP အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခြင်း

ကျိုက်ဝိုင်း မသန်စွမ်းသက်ကြီး သင်တန်းကျောင်းတွင် AAPP-MHAP တာဝန်ခံ ဦးကျော်စိုးဝင်းမှ MHAP အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြား

ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်း၊ စူပါဗိုက်ဆာ မသန်းသန်းဌေးနှင့် ကောင်ဆယ်လာ သုံးဦးတို့ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဦးစီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ကျိုက်ဝိုင်း မသန်စွမ်းသက်ကြီး သင်တန်း ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် MHAP တာဝန်ခံ ဦးကျော်စိုးဝင်းသည် သင်တန်းသူ/သားများအား စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် စူပါဗိုက်ဆာနှင့် ကောင်ဆယ်လာများမှ စိတ်ပိုင်းဆိုင်ရာ ကောင်ဆယ်လင်း ဝန်ဆောင်မှုရယူရန် စိတ်ဝင်စားသူများအား စာရင်းကောက်ယူခဲ့သည်။

သင်တန်းပို့ချပေးခြင်း

Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

ပြင်ဦးလွင်မြို့တွင် Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) သင်တန်းနည်းပြ ကိုထင်အောင်သည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ပြုလုပ်သော လူ့အခွင့်အရေး (နည်းပြ)နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ)သင်တန်း၌ Mental Health Awareness and Self-care Training ကို ဇွန်လ ၁၈ ရက်နေ့တွင်   ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း သို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဇွန်လအ တွင်းတွင် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ခြောက်ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဇွန်လအတွင်း တွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဇွန်လအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

ဇွန်လအတွင်းတွင် ကောင်ဆယ်လာ ရှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူ ၁၆ ဦးကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။

ဇွန်လအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်   အခြားထိခိုက်လွယ်သူ များကို နှစ်သိမ့်ဆွေးနွေးပေးခဲ့ သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင် များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေး ခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဇွန်လအတွင်းတွင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦးကို နှစ်သိမ့်ဆွေးနွေး ပေးမှုပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ကိုးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈ 

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈

၂၀၁၉ လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် June Burmese Newsletter