ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ထောင်အဆင့်ဆင့်ပြောင်းခြင်းအား အေအေပီပီမှကန့်ကွက်

ရက်စွဲ။     ။ ၁၂ ဩဂုတ် ၂၀၁၀

နှစ်ရှည်အကျဉ်းချခံထားရသူ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ဩဂုတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မန္တလေးတိုင်း အိုးဘိုထောင်၊ ထိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် အင်းစိန်ထောင်၊ ထိုမှ ဩဂုတ်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ထောင်ပြောင်းလိုက်ကြောင်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ ထောင်ဒဏ် ၁ဝ၆ နှစ် ချမှတ်ခံထားရသူ ဗိုလ်ချုပ်ဆေထင်သည် အသက် ၇၄ နှစ်ရှိပြီဖြစ်ပြီး မျက်စိတိမ်စွဲ ဝေဒနာ အပြင် နှလုံးနှင့် ဆီးချို သွေးချိုဝေဒနာများ ခံစားနေရသူဖြစ်ပါသည်။ အေအေပီပီမှ ဗိုလ်ချုပ်ဆေထင်ကျန်းမာရေးနှင့်ပတ်သက်၍ မိသားစုနှင့် ထပ်တူထပ်မျှ စိုးရိမ်ပူပန်ကြောင်းကိုလည်း ဖေါ်ပြလိုပါသည်။
သမီးဖြစ်သူ နမ်းခမ်းပေါင်းမှ မန္တလေးတိုင်း အိုးဘိုထောင်၊ ထိုမှ ရန်ကုန်တိုင်း အင်းစိန်ထောင်တို့သို့ အဆင့်ဆင့် လိုက်၍ ဖခင်ဖြစ်သူအား ထောင်ဝင်စာ တွေ့ရန် ကြိုးပမ်းခဲ့သော်လည်း ထောင်အာဏာပိုင်များမှ တွေ့ခွင့်ပေးမည်ဟု ကတိပေးပြီး အမှန်တကယ်၌ တွေ့ခွင့်မပေးပဲ ထောင်အဆင့်ဆင့် ပြောင်းခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်မှ “ဗိုလ်ချုပ်ဆေထင်လိုမျိုး ဝါရင့် တိုင်းရင်းသား ခေါင်းဆောင်တယောက်၊ အသက်အရွယ်ကြီးရင့်ပြီး ရောဂါ ဝေဒနာတွေခံစားနေရတဲ့သူတယောက်ကို ဆေးဝါးကုသမှုမပေးတဲ့ အပြင် ဝေးလံတဲ့ထောင်တွေကို ထောင်အဆင့်ဆင့်ပြောင်းပြီး မိသားစုကိုပါ စိတ်ဒုက္ခ ပေးတာ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ ဒီလိုလုပ်ရပ်က ဘာကိုပြသလဲဆိုတော့ စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်မှု၊ တာဝန်ယူမှု မရှိတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လိုဦးတည်ချက်မျိုးမှ မရှိဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။”
ဗိုလ်ချုပ်ဆေထင်ကဲ့သို့ပင် ကျန်းမာရေးဆိုးရွားနေသူ နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၃၈ ယောက်သည်လည်း သင့်တော်သည့် ဆေးဝါးကုသမှု မရရှိ ကြပါ။ ဥပမာအားဖြင့် ဦးတင်ယု၊ ကိုမြအေး၊ ကိုခင်မောင်ချို တို့သည်လည်း ဆေးဝါးကုသမှုမရကြသည့်အပြင် ဝေးလံသည့်ထောင်များသို့ ထောင်ပြောင်း ခံရသူ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပါသည်။ အေအေပီပီမှ ကျန်းမာရေး ဆိုးရွားနေသည့် နိုင်ငံရေးအကျဉ်းသားများအား မိသားစုများနှင့် နီးသည့်ထောင်များသို့ ပြောင်းရွှေ့ပြီး သင့်တော်လုံလောက်သည့် ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့òဖိးရေးကောင်စီ အစိုးရအား တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

နောက်ဆက်တွဲသတင်း

စစ်တွေထောင်တွင် ဗိုလ်ချုပ်ဆေထင်အား မိသားစုမှ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က ထောင်ဝင်စာတွေ့ခွင့်ရသည်ဟု အေအေပီပီမှ ကြားသိရပါ သည်။ ဗိုလ်ချုပ်ဆေထင်မှ ကိုယ်အလေးချိန် ၁ဝ ပေါင်ခန့်ကျသွားကြောင်းနှင့် မန္တလေးမှ အင်းစိန်သို့ပြောင်းရာတွင် ခြေကျဉ်းတင်မက လက်ထိပ်ပါခတ်ပြီး ရိုးရိုးတန်းတွဲမှ ကျပ်သိပ်စွာလိုက်ရသည့်အတွက် အင်မတန်ပင်ပန်းခဲ့ရ ကြောင်းကို မိသားစုအား ပြန်လည်ပြောပြခဲ့ပါသည်။ ဗိုလ်ချုပ်ဆေထင်၏လက်တဖက်မှာလည်း အဆစ်လွဲနေခဲ့ပြီး အချိန်မှီဆေးဝါး ကုသခွင့်မရသည့်အတွက် လက်အဆစ် ပြန်မတည့်တော့ပဲ အရိုးခိုင်သွားပြီဟု သိရှိရပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃