စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၈၃) ဦးရှိပြီး ထိုအထဲမှ (၂၁၁၂၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင်ဦးဆောင်ပြုလုပ်သည့် နေပြည်တော်၏တန်ဆောင်တိုင်လပြည့်နေ့ ပွဲတော်တခုတွင် ‘လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ’ ဆိုသော စာတန်းချိတ်ဆွဲထားသည့် မီးပုံးပျံကို လွှတ်တင်ခဲ့သော်လည်း လက်တွေ့၌မူ စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်မှ ပြန်ရောက်သည့် တန်ဆောင်တိုင်ကာလအတွင်း ၎င်း၏လက်ပါးစေ အကြမ်းဖက်စစ်သားများက နေ့စဉ်နီးပါး လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စောင့်ကြည့်လေ့လာမှုအရ သိရှိရသည်။ ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေအဆောက်အဦများကို ဦးတည်တိုက်ခိုက်မှုများလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဘုတလင်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ မင်းတပ်မြို့နယ် အစရှိသည့် နေရာများ၌ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးကာ အိုးမဲ့အိမ်မဲ့အဖြစ် ဘေးလွတ်ရာရှောင်တိမ်းနေရသည့်အတွက် စားနပ်ရိက္ခာအပါအဝင် ရာသီဥတုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရသည်။
အလားတူစွာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ဒေသများကိုလည်း နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိရာ ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်အစောပိုင်း၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သတင်းများက ဆိုသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

