စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၆၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၇၆) ဦးရှိပြီး ထိုအထဲမှ (၂၀၈၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
လူ့အခွင့်အရေးကောင်စီ၌ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာကို အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့မှုကို ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည်။ နိုင်ငံတဝန်း တရားလက်လွတ်ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများအပါအဝင် အိုးအိမ်မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ လိင်အကြမ်းဖက်မှုများ အစရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအား အရပ်သား ပြည်သူများအပေါ် စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများက ပစ်မှတ်ထားတိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသည်ကို နိုင်ငံတကာအပါအဝင် ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများက ခိုင်လုံသောအထောက်အထားများဖြင့် အချက်အလက်မှတ်တမ်းများ စနစ်တကျကောက်ယူစုဆောင်း ထုတ်ဖော်လျက်ရှိသော်လည်း စစ်အုပ်စုအနေဖြင့် တာဝန်ယူတာဝန်ခံမှု ကင်းမဲ့နေဆဲဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ယခင်ရက်သတ္တပတ်အတွင်း၌ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ ရာနှင့်ချီသေဆုံးထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မုန်တိုင်းကြိုတင်သတိပေးချက်များ ထိရောက်စွာမပြုလုပ်ခြင်း၊ ၎င်းထိန်းချုပ်ရာနေရာဒေသများ၌ပင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများမှာ အဆမတန်များပြားခဲ့ရပြီး လက်ရှိအချိန်ထိလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ မလုံလောက်ဘဲ ဘေးဒုက္ခမျိုးစုံ ခံစားနေကြရလျက်ရှိသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)