အကျဉ်းထောင်တွင်းလူဦးရေ လျော့ချ နိုင်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ

အကျဉ်းထောင်များသည် ထိုနိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ အားကောင်းခြင်း၊ အားနည်းခြင်းကိုထင်ဟပ်စေပါသည်၊ ထို့အပြင် အကျဉ်းထောင်များသည် အများပြည်သူ မြင်ကွင်းမှ သီးခြားတည်ရှိနေခြင်းကြောင့်၊ အကျဉ်းသားများ ခံစားနေရသည့်အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ် အများပြည်သူ၏ သိရှိ၊ စာနာမှုကိုရရှိစေရန် ခက်ခဲစေပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အကျဉ်းထောင်များတွင်လည်း အကျဉ်းသားဦးရေမှာ အကျဉ်းထောင်မှ ဝင်ဆံ့နိုင်သော လူဦးရေထက် ပိုများနေတတ်ပြီး လူဦးရေထူထပ်မှုများ ဖြစ်ပေါ်နေလျက်ရှိပါသည်။ အကျဉ်းထောင်အသီးသီး တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ လွန်လွန်ကျူးကျူးဖြစ်ပေါ်နေပြီး၊ လူ့အခွင့်အရေးချိုးဖောက်သူများကိုလည်း ပြန်လည်အရေးယူနိုင်ခြင်း အားနည်းသောနာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လူဦးရေထူထပ်ခြင်းကို လျော့ချနိုင်စေရန် ပထမဆုံး ပြုလုပ်ရမည့် ပြုပြင်ပြောင်းလဲမှု ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ် (Criminal Justice System) ဖြစ်သည်။

မြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျဉ်းထောင်များ ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်းသည် အကျဉ်းထောင်တွင်း လူဦးရေထူထပ်ခြင်းကို လျော့ချနိုင်ရန် စနစ်တကျ ဖြေရှင်းခြင်းမျိုးမဖြစ်ဘဲ ရေတိုအကျိုးသက်ရောက်မှုသာဖြစ်ကာ ငွေကုန်ကြေးကျများသော ဖြေရှင်းခြင်းဖြစ်ပါသည်။ ဥပဒေများကိုပြောင်းလဲခြင်း၊ အကျဉ်းထောင်၏အခြေအနေပြုပြင် ပြောင်းလဲခြင်း၊ စသည်တို့အားမပြုလုပ်ပဲ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် အကျဉ်းထောင်များ ထပ်မံဆောက်လုပ်ခြင်းဖြင့် ဖြေရှင်းခြင်းမျိုးသည် အကျဉ်းထောင်များအတွင်း ရေရှည် လူ့အခွင့်အရေး အခြေအနေ တိုးတက်စေရန် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံတွင်း အာဏာခွဲဝေခြင်းဆိုင်ရာ ပြဿနာကိုဖြေရှင်းခြင်း၊ သင့်တင့်လျှောက်ပတ်မှု မရှိသော ပြစ်ဒဏ်ပေးမှုများကို ပြုပြင်ခြင်းနှင့် ပိုမိုကျယ်ပြန့်သော လူမှုတရားမျှတမှုဆိုင်ရာ ပြဿနာများကိုဖြေရှင်းခြင်း၊ စသည့် စနစ်ကျသော ပြုပြင်ပြောင်းလဲခြင်းကသာ ငွေကုန်ကြေးကျများသော အကျဉ်းကျထားခြင်းနှင့် လူမှုရေးပြဿနာများကို လျော့ချပေးနိုင်မည်ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်များမှသာလျှင် အကျဉ်းထောင်အတွင်း လူဦးရေထူထပ်ခြင်းကို လျှော့ချနိုင်သည့် စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်သော ရေရှည်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင်ပါမည်၊ ထိုနည်းလမ်းများဖြင့် ဖြေရှင်းမှသာ လူမှုတရားမျှတမှု၊ လူ့အခွင့်အရေးတိုးတက်မှုနှင့်၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလားအလာကောင်းများ ဖြစ်ပေါ်လာပါမည်။

မိမိတို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေဖြင့် နိုင်ငံတော်အစိုးရအား မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်နိုင်ရေးအတွက် အစွမ်းကုန်ကျိုးစားမည်ဟူသော စိတ်အားထက်သန်မှုကိုပြသနိုင်ရန် အကျဉ်းထောင်၏ အဓိက ပြဿနာဖြစ်နေသည့် အကျဉ်းထောင်တွင်း လူဦးရေထူထပ်ခြင်းလျော့ချရေးအား စတင်ကိုင် တွယ်ခြင်းဖြင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို တက်ကြွစွာဆောင်ရွက်သင့်ကြောင်း တိုက်တွန်း အပ်ပါသည်။

အကျဉ်းထောင်တွင်းလူဦးရေ ထူထပ်ခြင်းသည် လူသားရင်းမြစ်များအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်စေပါသည်။ ထိုသို့လူဦးရေထူထပ်ခြင်းကြောင့် အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများ ဖြစ်ပွားခြင်းနှင့် အကျဉ်းသားများကိုသာမက အကျဉ်းထောင်ဝန်ထမ်းများကိုပါ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေဆိုးအတွင်း တွန်းပို့နေသကဲ့သို့ ဖြစ်နေပါသည်။

ထို့အပြင် အကျဉ်းထောင်အတွင်း လူဦးရေထူထပ်ခြင်းသည် အကျဉ်းသားများ “အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့်အခါ လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်စေရေး” ဟူသည့် အကျဉ်းထောင်၏ဦးတည်ချက်ကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအား အဟန့်အတားဖြစ်စေ ပါသည်။ အကျဉ်းထောင်တွင်း လူဦးရေထူထပ်ခြင်းသည် အကျဉ်းသားများကိုသာမက အကျဉ်းဦးစီး ဝန်ထမ်းများကိုပါ ဝန်ထုတ်ဝန်ပိုးဖြစ်စေပြီး၊ ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာ ပြဿနာများ၏ ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ရစေပါသည်။

ဒေါင်းလော့ရယူရန်.nee urgent reform-mm(Graphic)