၂၀၁၉ ဇွန်လအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဇွန်လတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၇၆ ဦး ရှိခဲ့သည်။ ထို ၇၆ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇၊ ၅၀၀၊ ၅၀၅(က)၊(ခ)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ၁၀၊ ၁၀/၁၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၂(က)၊ ဖောက်ခွဲမှုဥပဒေ တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။

ဇွန်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၈၆ ဦးရှိခဲ့သည်။ ထို ၈၆ ဦးအနက်မှ ၇၄ ဦးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ အရပ်သားများဖြစ်ကြပြီး ၁၁ ဦးသည် တက်ကြွလှုပ်ရှားသူများဖြစ်ကြ ကာ တစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ အရပ်သား တစ်ဦး ဖြစ်သည်။ 

ဇွန်လတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ရှစ်ဦးရှိခဲ့သည်။ ထိုရှစ်ဦးအနက်မှ တက်ကြွလှုပ်ရှားသူ ခုနှစ်ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂ဝ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တစ်ကြွလှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ 

ဇွန်လတွင်း အရပ်သားနှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ခုနှစ်ဦး လွတ်မြောက်လာခဲ့သည်။ ဇွန်လတွင်း နိုင်ငံရေး အကျဉ်းသား သုံးဦးဖြစ်သော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရှေ့နေ ဦးဇော်ဝင်းနှင့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့ 

ဇွန်လ ၂၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ကြရသူများသည် ကူညီထောက်ပံ့မှုများကို ရရှိကြခြင်း မရှိသေးပါ။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဓလေ့တစ်ခုသဖွယ် အမြစ်တွယ်နေသော ညှဉ်းပန်းနှိပ်စက်မှုများ သည် ရပ်တန့်သွားခြင်း၊ အဆုံးသတ်သွားခြင်းမရှိဘဲ ဆက်လက်၍ ဖြစ်ပွားမြဲ ဖြစ်ပွားလျှက်ရှိသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများတွင် ဌာနေတိုင်းရင်းသားများကို ဦးတည်၍ ညှဉ်းပန်း နှိပ်စက်မှုများကို ကျူးလွန်လေ့ ရှိကြသည်။ သို့သော်လည်း ကျူးလွန်ခြင်းခံခဲ့ကြရသူများအတွက် တရားမျှတမှုကို ရှာဖွေပေးရာတွင် ကျူးလွန်သူ အများစုမှာ အာဏာလက်ဝယ်ရှိသော အဖွဲ့အစည်းများမှ ဖြစ်သောကြောင့် ၎င်းတို့သည် လက်နက်ကိုင်ပဋိပက္ခများကို အကာအကွယ်ယူ၍ သွယ်ဝိုက်သောနည်းအားဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ရနေကြသည်။ ဇွန်လအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများ၏ အကျိုးဆက်အနေဖြင့် ဌာနေတိုင်းရင်းသားများသည် မတရားအသင်းနှင့်ဆက်နွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီး၊စစ်ဆေးခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရသည်သာမက တရားစွဲဆိုခြင်းများကို ခံခဲ့ကြရသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ညှဉ်းပန်းနှိပ်စက်မှုများ

ထို့ပြင် အရပ်သားများသည်လည်း အာဏာလက်ဝယ်ရှိသူများ၏ ရိုက်နှက်ညှဉ်းပန်းမှုများကို ခံစားနေကြရဆဲဖြစ်သည်။ ဇွန်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်ဘက်ခြမ်းသို့ အလုပ်ပြန်သွားလုပ်ရန် မော်တော်ဆိုင်ကယ်ဖြင့် တန်းစီနေသည့် ကိုစိုင်းထွန်းကို မူဆယ် ရဲလှည့်ကင်းအဖွဲ့မှ ဖမ်းဆီးချုပ်နှောင်၍ ရိုက်နှက်သောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေ ကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီး၊အမှုဖွင့်ခြင်းခံထားရသည့် အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်း(ခ)ကိုထွန်းကို အိုးဘိုထောင်တွင်း၌ ထိန်းသိမ်းထားစဉ် ဒဏ်ရာများရရှိခဲ့ကာ သေဆုံးသွားခဲ့ခြင်း စသည့် ဖြစ်စဉ်များမှလည်း ထင်ရှားစွာ ထုတ်ဖော်ပြသနေသည်။

ညှဉ်းပန်းနှိပ်စက်ခြင်းသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်ဖြစ်သည့်ပြင် လူသားချင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုဖြစ်သည်။ သို့ဖြစ်၍ အသွင်ကူးပြောင်းရေးကာလတွင် ကျူးလွန်ခြင်းခံရသူများအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ပေးရန်မှာ မရှိမဖြစ် လိုအပ်သည်။ ကျူးလွန်ခြင်းခံရသူကို ဝန်ချတောင်းပန်ခြင်း၊ ပြန်လည်အစားထိုးပေးလျော်ခြင်းနှင့် ပြန်လည် ပြုစုပျိုးထောင်ခြင်းများသည် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ရာတွင် ဆောင်ရွက်ရမည့် အခြင်းအရာများဖြစ်သည်။ ကျူးလွန်ခြင်းခံရသူများ အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်မှာလည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။ သို့ဖြစ်၍ ကျူးလွန်ခြင်းခံခဲ့ရသူများအတွက် အစိုးရမှ မူဝါဒတစ်ခု ချမှတ်၍ ဥပဒေ တစ်ခု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ကျူးလွန်သူများ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရစေခြင်းကို လည်း အမြန်ဆုံး အဆုံးသတ်၍ အရေးယူ အပြစ်ပေးခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား အဆိုပါအခြင်းအရာများကို အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)ကို အမြန်ဆုံး လက်မှတ်ရေးထိုး အတည်ပြုရန်အတွက် ကြိမ်ဖန်များစွာ တိုက်တွန်းလျှက်ရှိသည်။ ဇွန်လအတွင်းတွင်လည်း ထပ်မံ၍ တိုက်တွန်းအပ်ပါ သည်။ 

ဖမ်းဆီးမှုများ၊ ပျောက်ဆုံးသွားမှုများ၊ နှုတ်ထွက်သွားမှုများနှင့် သေဆုံး/ဒဏ်ရာရရှိမှုများ

  • ရက္ခိုင့်တပ်မတော်(AA)နှင့် ဆက်နွယ်သည်ဟူသော သံသယဖြင့် တပ်မတော်မှ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၌ ရွာသား ၃၆ ဦး၊ ကျောက်တော်မြို့နယ်၌ ရွာသား ၂၅ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ရွာသား ခြောက်ဦးနှင့် စစ်တွေမြို့နယ်၌ ရွာသား ခုနှစ်ဦးတို့ကို အသီးသီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မဈေးမှ ရွာသို့ပြန်လာသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင် ကျေးရွာမှ  ဦးကျော်အေးသည် ဇွန်လ ၁၄ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ခြင်း
  • ကျောက်တော်မြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅၂ ဦးသည် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်သဖြင့် တာဝန်မှ အသီးသီး နှုတ်ထွက်သွားခဲ့ခြင်း
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းတို့ကြောင့် အရပ်သား (၁၁)ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း

ပဋိပက္ခများဖြစ်ပွားပါက ၎င်း၏အကျိုးဆက်ကို အများဆုံးတွေ့ကြုံခံစားကြရသူများမှာ ဌာနေတိုင်းရင်းသားများ ဖြစ်ကြ သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစ၍ ရခိုင်ဒေသအတွင်း ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားလာခြင်းနှင့်အတူ တိုင်းရင်းသားများကို ဖမ်းဆီး၊ တရားစွဲဆိုမှုများနှင့် သေဆုံး၊ဒဏ်ရာရှိမှုများသည်လည်း တဖြည်းဖြည်း မြင့်တက်၍ လာခဲ့သည်။ ထို့ကြောင့် ပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရအနေဖြင့် နှောင့်နှေးမှု မရှိစေဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ်ဖြစ်သည်။ ဇွန်လအတွင်းတွင် ရက္ခိုင့်တပ်မတော်(AA)မှ ရေစိုးချောင်းကျေးရွာမှ ဆရာတော် ဦးနန္ဒမာလနှင့် အဆိုပါ ကျေးရွာနေ ဒေါ်မဲမချေတို့ကို တပ်မတော် သတင်းပေးဟုဆိုကာ ဖမ်းဆီးခဲ့ပြီး လက်ထပ်ပေး ခဲ့ခြင်း၊ ရက္ခိုင့်တပ်မတော်(AA) မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာနေ သစ်တော ဦးစီးဌာနမှ တောခေါင်း ဦးစိန်ထွန်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း၊ ဇိုမီးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (Zomi Revolutionary Army)မှ ကလေးမြို့နယ်၊ ပျဉ်းတော်ဦးအုပ်စု၊ ညောင်ကုန်းကျေးရွာမှ ဒေသခံ ဦးသန်းဆောင်ထံသို့ မြွေတောင်၊ ဖားတော်ဒေသရှိ အဖိုးတန်သတ္တုများ တူးဖော်နေသည်ဟုဆိုကာ သတိပေးစာ တစ်စောင်နှင့် ကျည်ဆန် တစ်တောင့်ကို ပေးပို့ခဲ့ခြင်း၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော်(KNU/KNLA)မှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှုး/ ဆယ်အိမ်မှုး ငါးဦးတို့ကို ဇွန်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း စသည့် ဖြစ်စဉ်များမှ ထင်ရှားစွာ ပြသလျှက်ရှိသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသော်လည်း ယခုကဲ့သို့ ချိုးဖောက်မှုများကို ကျူးလွန်ခြင်းသည် အာဏာရှင်ဆန်သည့် လုပ်ရပ်များဖြစ်သည့်အတွက် ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များသည် လူ့အခွင့်အရေးကို လေးစားလိုက်နာ၍ ကျင့်သုံးရမည်ဖြစ်သည့်ပြင် ၎င်းတို့၏ ပစ်မှတ် သဖွယ်ဖြစ်နေသော ဌာနေတိုင်းရင်းသားများကို ကာကွယ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အနေဖြင့် လူ့အခွင့်အရေး ကို လေးစားလိုက်နာမှုရှိသည်ကို ပြသသောအားဖြင့် ဌာနေတိုင်းရင်းသားများကို ကာကွယ်မှုပေးပါရန် တိုက်တွန်း အပ်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ၊ လယ်သမားများသည် ဆက်လက်၍ ဖိနှိပ်ထားမှုများကို ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ ဇွန်လ အတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်ထားခြင်းကို အောက်ပါဖြစ်စဉ်များမှ ထင်ရှားစွာ ပြသလျှက်ရှိ သည်။ 

  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ ဖြင့် အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော ကရင်နီလူငယ် ခြောက်ဦးဖြစ်သည့် ကိုခူကြူးဖဲကေး(ခ) ဂူးဂူး၊ ကိုဂျွန်ပေါ(ခ)ပျားလေး၊ ကိုမျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်းနှင့် ကိုခူးရီဒူး (ခ) ခူးရီးရယ်တို့သည် ဖမ်းဆီးခံခဲ့ခြင်း၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၅၃ တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းသည် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံး၌ သွားရောက်၍ ဖမ်းဆီးခံခဲ့ခြင်း၊ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့(MDCF) ဗဟိုကော်မတီဝင် ကိုတင်မောင်ကြည်သည် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ဖမ်းဆီးခံခဲ့ရပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်(ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း(ဖမ်းဆီးခြင်းခံခဲ့ရသည့် နေ့တွင်ပင် ၎င်းသည် ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်)၊ ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားမှု ရှစ်နှစ်ပြည့် အထိမ်းအမှတ် ပြဇာတ်တင်ဆက်ပြသရာတွင် ဦးဆောင်ခဲ့ခြင်းအတွက် မဆိုင်းနူးပန် နှင့် ကိုပေါလုတို့သည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ပြုလုပ် ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်ကို ထိခိုက်စေသည့် ဟောပြောမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခြင်းခံရကာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊(ခ) နှင့် ပုဒ်မ ၅၀ဝ တို့ဖြင့် ဝါးခယ်မမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေးတို့ကို ဝေဖန်ခဲ့ခြင်းအတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရခြင်း

အထက်ပါအခြင်းအရာများကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ဆိုးရွားစွာ ကျဆင်းလာလျှက်ရှိသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ထိခိုက်လွယ်သော ကိစ္စရပ်များတွင် အာဏာပိုင်များကို ဝေဖန်ဆန့်ကျင်သော ထုတ်ဖော်ပြောဆိုမှုများ၌ တက်ကြွလှုပ်ရှားသူ ရာနှုန်းပြည့်နီးပါးသည် အမှုဖွင့်၊တရားစွဲဆိုခြင်းခံထားကြရသည်ကို တွေ့ရှိရသည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ၂၀၊ ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၅(က)(ခ)နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ တို့သည် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် အသုံးပြု လာသော ထင်ရှားသည့် ဥပဒေများဖြစ်လာသည့်အပြင် ထိုဥပဒေများကို အသုံးပြု၍လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်ထားလျှက်ရှိသည်။ ထိုဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းနိုင်ခြင်း မရှိသရွေ့ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည်  ဆက်လက်၍ ကျဆင်းလျှက် ရှိနေဦးမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်းထားသော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR)ကို လေးစားလိုက်နာရန် ပျက်ကွက်ဆဲဖြစ်သည်သာမက နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR)ကို လက်မှတ်ရေးထိုး အတည်ပြု ရခြင်းလည်း မရှိသေးပါ။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အစိုးရအား နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မှုပေးပါရန်နှင့် မြှင့်တင်မှုပေးပါရန် တိုက်တွန်းပြီး နိုင်ငံတကာစာချုပ်များ ကို လေးစားလိုက်နာ၍ လက်မှတ်ရေးထိုးအတည်ပြုပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။ 

လယ်ယာမြေရေးရာကိစ္စရပ်များ

ဇွန်လအတွင်းတွင် လယ်ယာမြေရေးရာကဏ္ဍ၌ အကြပ်အတည်းများ ပို၍ ရင်ဆိုင်လာရခြင်းနှင့်အတူ လယ်ယာမြေ သိမ်းဆည်းမှုများ၊ လယ်ယာမြေအငြင်းပွားမှုများကြောင့် လယ်သမားများ၊ လယ်ယာမြေအရေး လှုပ်ရှားသူများနှင့် အရပ်သားများသည် ဖိနှိပ်ထားမှု၊ ကန့်သတ်ထားမှုများကို ပို၍ ရင်ဆိုင်နေကြရသည်။ ယင်းအပြင် သတင်းထောက်များ သည်လည်း အလားတူ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရသည်။ ဇွန်လတွင်း လယ်ယာမြေအရေးနှင့်ဆက်နွယ်၍ တပ်မတော်မှ လယ်သမား စုစုပေါင်း ၅ဝ ဦး၊ သတင်းထောက် သုံးဦးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ကို အမှုဖွင့်၊ တရားစွဲဆိုခဲ့သည်။ အောက်တွင် ကောက်နှုတ်ဖော်ပြထားသည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော လယ်ယာမြေရေးရာ ကိစ္စရပ်တချို့မှလည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။  

  • ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာတွင် ပြုလုပ်ခဲ့သည့် တပ်သိမ်းလယ်ယာမြေများ အတွင်း ဒေသခံ တောင်သူများမှ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်း၊ သတင်းထောက် သုံးဦးမှ ထွန်တုံးတိုက်ပွဲ အကြောင်း သတင်းရယူခဲ့ကာ သတင်းမီဒီယာပညာဖြင့် အားပေးကူညီခဲ့ခြင်းတို့အတွက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် နော်နိုရင်း၊ Eleven Media Group သတင်းထောက် နော်ခိုင်ခိုင်အေးချို၊၊ Kantarawaddy Times သတင်းထောက် ကိုအောင်သူ၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မူ့စူဇန် နှင့် တောင်သူ ရှစ်ဦးတို့သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀/၁၂ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း 
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ်တွင် လယ်ယာမြေ သိမ်းဆည်းခြင်းခံခဲ့ရသည်ကို တင်ပြခဲ့ခြင်းအတွက် ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ မလက်တို ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာမှ ဒေသခံ တောင်သူ မစိန်စိန်စိုး (ခေါ်) မဇီးကွက်သည်  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် အော့ချက်ဒ် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ မြင့်စိန်၏ အမှုဖွင့်ခြင်းကို ခံခဲ့ရခြင်း 
  • သိမ်းဆည်းခြင်းခံထားရသော မြေယာများပေါ်တွင် ထွန်ယက်စိုက်ပျိုးခဲ့ခြင်းအတွက် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ ဒေသခံရွာသား  ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၂ရ ဖြင့် လည်းကောင်း၊ နောက်ထပ် ရွာသူ၊ရွာသား ၃၆ ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄ရ ဖြင့် လည်းကောင်း အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်း
  • လယ်ယာမြေအရေးလှုပ်ရှားသူများဖြစ်သည့် ကိုမျိုးဝင်း၊ ကိုတိုးကြီး၊ ကိုအေးသိန်း၊ ၈၈ ကရင်မျိုးဆက် ကျောင်းသား များ လူမှုဖွံ့ဖြိုးရေးအသင်း ဗဟို အလုပ်မှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးနှင့် အဖွဲ့ဝင် နှစ်ဦး၊ လယ်သမား တစ်ဦးတို့သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ တို့ ဖြင့် အသီးသီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း

မြန်မာနိုင်ငံသည်  စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်  (ICESCR)ကို လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျှောက် ထိုစာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစား လိုက်နာရမည်ဖြစ်သည်။ ထိုကဲ့သို့ လေးစားလိုက်နာ၍ ကျင့်သုံးမှသာလျှင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း သိမ်းဆည်းလယ်ယာမြေများကို ပြန်လည်ပေးအပ်ရမည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ပြန်လည်ပေးအပ်သည့်အခါ နှောင့်နှေးမှုများရှိသည့်အတွက် မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည် ပေးအပ်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား လယ်ယာမြေအရေးကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး

မြန်မာနိုင်ငံတွင်း အမြန်ဆုံး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရမည့် ကဏ္ဍများတွင် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး သည်လည်း ကဏ္ဍတစ်ခု အပါအဝင် ဖြစ်သည်။ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအနေဖြင့် ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်ဗဟို အကျဉ်းထောင်၌ ထောင်ဝင်စာ ဧည့်တွေ့ခန်းနှင့် ထောင်ဝင်စာဧည့်သည် နားနေဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းသား/သူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၉၄ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းသည်  ၅၄. ၉ရ ရှိသည့်အတွက် ယခင် ပညာသင်နှစ်နှင့် နှိုင်းယှဉ်လျှင် အောင်ချက်ရာခိုင်နှုန်းမြင့်တက်လာသည်ဟု အကျဉ်းဦးစီးဌာနမှ သိရှိရသည်။ ထိုကဲ့သို့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးတွင် တိုးတက်မှုများရှိလာသည်ကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ၌ အကျဉ်းသားဦးရေ ပြည့်သိပ်ခြင်းပြဿနာကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)မှ အဖွဲ့ဝင် ဦးယုလွင်အောင်မှ မြစ်ကြီးနား၊ လားရှိုးနှင့် ညောင်ရွှေ မြို့နယ်များရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေသည် ရှိသင့်သည့် ပမာဏထက် ၂၀ဝ ရာခိုင်နှုန်း ကျော်လွန် နေပြီး အကျဉ်းသားဦးရေ ၁၀ဝ ရာခိုင်နှုန်းထက် ကျော်လွန်နေသော အကျဉ်းထောင် ခုနှစ်ခု၊  ၉ဝ ရာခိုင်နှုန်းထက် ကျော်လွန်နေသော အကျဉ်းထောင် နှစ်ခု၊ ၅ဝ ရာခိုင်နှုန်းထက် ကျော်လွန်နေသော အကျဉ်းထောင် နှစ်ခုနှင့် ၄ဝ ရာခိုင်နှုန်းထက် ကျော်လွန်နေသော အကျဉ်းထောင် သုံးခုလည်း ရှိနေကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၃ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်၌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူမှ “လက်ရှိလူဦးရေ ကြပ်တည်းမှုကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနအနေဖြင့် နိုင်ငံခြား တိုင်းပြည်များတွင် ကျင့်သုံးလျှက်ရှိသည့် Paroles System ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်များကို ပြင်ပတွင် ကောင်းမွန်စွာနေထိုင်ပါမည်ဆိုသည့် ကတိခံဝန်ချက်ဖြင့် လွှတ်ပေးသောစနစ်ကို ဆောင်ရွက်နိုင်ရန်အတွက် ခံဝန်ဖြင့် ထုတ်ပေးမည့် အကျဉ်းသားများကို စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို စတင်ရေးဆွဲ ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ အတည်ပြုပြီးပါက ဥပဒေနှင့်အညီ အကောင်အထည် ဖော် ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်သည့်ပြင် အကျဉ်းသား စိစစ်လျော့ချရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့်  လိုအပ်ပါက တိုင်းဒေသကြီး ပြည်နယ်အလိုက် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ 

အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည့် အတွက်  အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးတွင် ထိုကဲ့သို့ အပြုသဘောဆောင်သော တိုးတက်မှုများရှိလာသည်ကို ကြိုဆိုပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အစိုးရအား အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး ပြုလုပ်ရန် စဉ်ဆက်မပြတ် တိုက်တွန်းလျှက်ရှိသည်သာမက အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အတွက် အစီရင်ခံစာများလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ အကျဉ်းသား၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရန်အတွက် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးတွင် နှောင့်နှေးမှုမရှိဘဲ ဆက်လက်၍ ပြုပြင်ပြောင်းလဲမှုများကို အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈ 

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် June Burmese MiR

တလအတွင်းသတင်းစုစည်းမှု ဒေါင်းလော့ရယူရန် June Burmese Chronology

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 34 Remaining PP list Updated On June 30, 2019 (Burmese)

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 432 facing trial list updated on June 30, 2019

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated