ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၂၆ ရက်

ညှဉ်းပန်းနှိပ်စက်မှုများမှ အသက်ရှင်ကျန်ရစ်သူများအတွက် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ခြင်းသည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့်လုပ်ငန်းဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO) နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR) တို့မှ ပူးပေါင်းပြီး  ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန်လွတ်မြောက်လာ သူများအတွက် အားလုံးလွှမ်း ခြုံနိုင်သော တရားမျှတရေးလုပ်ငန်းများ လုပ်ဆောင်ရန် တောင်းဆိုပါသည်။

မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများကို နိုင်ငံတော်အာဏာပိုင်များက အတိတ်တွင်သာမက လက်ရှိကာလတွင်ပင် ကျင့်သုံးလျှက်ရှိသည်။ အထူးသဖြင့် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရဆဲ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုများကို ထိန်းသိမ်းရေးစခန်းများနှင့် စစ်ကြောရေးများတွင် အသုံးပြုလျှက်ရှိပြီး သတင်းအချက်အလက်ရရှိရန်နှင့် အတင်းအကြပ် ဝန်ခံ ထွက်ဆိုစေရန် အသုံးပြုသည်က မကြာခဏတွေ့ရှိရသည်။ ရွာသားများအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မတရားအသင်းအဖွဲ့များနှင့် ပတ်သက်သည်ဟု သံသယနှင့် မြန်မာ့တပ်မတော်မှ မကြာခဏဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်သည်။ ထို့အပြင် အမျိုးသမီးနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေသည်ကို ယနေ့ချိန်ထိ တွေ့မြင်ရပါသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်ခံရသူများနှင့် လိ်င်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရသူများအတွက်လည်း မည်သည့်တာဝန်ယူမှု တာဝန်ခံမှုမှ မရှိသည်ကိုလည်း သိရှိရပါသည်။ ညှဉ်းပန်းနှိပ်စက်မှုများကို တားဆီးကာကွယ်ရန် နှင့်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူကို အပြစ်ပေးအရေးယူရန် အစိုးရ၏တာဝန် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အာဏာပိုင်များသည် ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်ခံရသူများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားရသူများအတွက် ဖွင့်ဟပြောဆိုသော တက်ကြွလှုပ်ရှားသူများကို ဂုဏ်သိက္ခာ ညိုးနွမ်းစေမှု ပုဒ်မများ အသုံးပြု၍ ခြိမ်းခြောက်ခြင်းနှင့် အပြစ်ပေးခြင်းများပြုလုပ်လျှက် ရှိသည်။ တရားမျှတမှုရရှိရေး လုပ်ဆောင် ပေးရမည့်အစား တက်ကြွလှုပ်ရှားသူများနှင့်  ညှဉ်းပန်းနှိပ်စက်မှုများမှ အသက်ရှင်ကျန်သူများအပေါ် ဖိနှိပ်သည့် ဥပဒေ များနှင့် ပျက်ယွင်းနေသော တရားရေးစနစ်များဖြင့် ဖိနှိပ်နေသည်။ ကျူးလွန်သူများကို အပြစ်ပေးအရေးယူခံခြင်းမှ ကင်းလွတ် နေမှုအစဉ်အလာ ဆက်လက်ဖြစ်ပေါ်နေပြီး  လွတ်ငြိမ်းခွင့်ကိုလည်း ဆက်လက်ပေးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် မကြာသေးမီကာလမှစ၍ နိုင်ငံတကာ လုပ်ငန်းစဉ်များအဖြစ် ပေါ်ပေါက်လာသော မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) နှင့် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ဆောင်ရွက်ချက်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှု အစဉ်အလာများကို ရပ်တန့်ရေးနှင့် ညှဉ်းပမ်းနှိပ်စက်ခံရသူများ၏ တရားမျှတမှုရရှိရေးအပေါ် အားတက်ဖွယ်ရာ တိုးတက်မှုများ ဖြစ်သည်ဟု မိမိတို့ိအဖွဲ့များအားလုံး လက်ခံထားပါသည်။ 

သို့သော် တရားမျှတမှုဆိုသည်မှာ ကျူးလွန်သူများကို တရားစွဲဆို အပြစ်ပေးရုံသက်သက်မျှသာ မဟုတ်ပါ။  ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်ခံရသူများအတွက် အမှန်တရား ဖော်ထုတ်ရေး၊ ပြန်လည်ကုစားမှုနှင့် ပြန်လည် ထူထောင်ရေးအကူအညီများ ပေးအပ်ရေး၊ ကျူးလွန်မှုများထပ်မံ မဖြစ်ပွားစေရန် အာမခံရန်အတွက် လိုအပ်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပါဝင်သောအလွှာပေါင်းစုံမှ ချည်းကပ်သည့် မူဘောင်တခုဖြစ်သော အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ် (Transitional Justice) လိုအပ်ပါသည်။ ထိုအသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု မူဘောင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအတွင်းရှိ ညှဉ်းပန်း‌နှိပ်စက်မှုများမှ အသက်ရှင် ကျန်ရစ်သူများ၏ အခွင့်အရေးများကို (အမှန်တရား၊ တရားမျှတမှု၊ ကုစားမှုရရှိခွင့် အခွင့်အရေးများနှင့် ထပ်မံမဖြစ်ပွားရေး) ပေါ်လွင်ထင်ဟပ်စေပါသည်။

မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်ခံရသူများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ၎င်းတို့အပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် သင့်လျော်သော ကုစားမှု အကူအညီများ ပေးရန် တာဝန်ရှိပါသည်။ ကုစားမှုများအပြင် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခံရသူများအတွက် အရေးပေါ်ကြားကာလ ထောက်ပံ့မှုများ၊ ၎င်းတို့အပေါ် မှားယွင်းစွာကျူးလွန်ခဲ့မှုများအတွက် အသိအမှတ်ပြုခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံ မဖြစ်ပွားရန်အတွက် အကာအကွယ်များ ပေးရမည်။

မြန်မာအစိုးရအား

  • လက်နက်ကိုင် ပဋိပက္ခကို ရပ်တန့်ရန်။
  • အရပ်သားပြည်သူများ များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်။
  • နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့်
  • ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ် (UNCAT) အား လက်မှတ်ရေးထိုး အတည်ပြုရန်နှင့် ဥပဒေအဖြစ် ပြဋ္ဌာန်းဆောင်ရွက်ရန်။
  • မြန်မာနိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန် အတွက် မကြာသေးမီက တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ တာဝန်ယူတာဝန်ခံမှု ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ညှင်းပမ်းနှိပ်စက်မူ ကျုးလွန်ခံရသူများနှင့် အခြားနည်းဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ရေးဆွဲအကောင်းအထည်ဖော်ရန်။ 
  • အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးလုပ်ဆောင်ရာတွင် ညှင်းပမ်းနှိပ်စက်မူကျူးလွန်ခံရသူများ၊ အခြားနည်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် ကလေးသူများအတွက် အမှန်တရားရရှိရန် အစိုးရအနေဖြင့် ထည့်သွင်းအကောင်အထည်ဖော် လုပ်ဆောင်ရန် မိမိတို့အဖွဲ့အားလုံးမှ တောင်းဆိုသည်။

WLB,  AAPP, VWO နှင့် AJAR

ဆက်သွယ်ရန်

  • နာင်းမို့မို့ (WLB)၊ ၀၉ ၄၅၆ ၅၀၈ ၉၄၄
  • ဦးဇော်မိုး (AAPP)၊ ဝ၉ ၇၉၅ ၈၈၁ ဝ၁၆
  • ဒေါ်ခင်မိမိခိုင် (VWO)၊ ဝ၉ ၇၆၈ ၇၇၂ ၇၇၄

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း မတူကွဲပြားသည့် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ WLB ကို ၁၉၉၉  ခုနှစ် ဒီဇင်ဘာလ ၉  ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အမျိုးသမီးများ အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝစေရေးတို့အတွက်သာမက အရည်အချင်းမြှင့်တင်ခြင်း၊ စည်းရုံးချဉ်းကပ်ခြင်း၊ သုတေသနပြုစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများမှတဆင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်ပါသည်။ www.womenofburma.org

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေပြုသည့် အစိုးရမဟုတ်သော လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ အေအေပီပီအား ၂၀၀ဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် အသင်း၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ် လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်ပြီး မိမိတို့အေအေပီပီ၏ ရုံးခွဲများအား မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်အတွက်နှင့် ထိုနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် သူတို့၏ ဘဝများ ပိုမို ကောင်းမွန်လာရန် စည်းရုံးလှုံ့ဆော် တိုက်တွန်းပြောဆိုခဲ့၊ ပြောဆိုလျှက်ရှိပါသည်။ မိမိတို့မှ နိုင်ငံရေးအကျဉ်းသား များစွာနှင့် ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင် ကြသော တိုင်းရင်းသားပေါင်းစုံတို့၏ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများ ပြည့်ဝစွာ ရရှိနိုင်ရန်အတွက် ကြိုးစား      ဆောင်ရွက်လျှက်ရှိပါသည်။ www.aappb.org

 

ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO)

ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်းကို ၂၀၀၉  ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဝိမုတ္တိဟူသည်မှာ ပါဠိစကားလုံး ဖြစ်ပြီး လွတ်မြောက်မှုဟု အဓိပ္ပါယ်ရသည်။ ဝိမုတ္တိကို စေတနာ့ဝန်ထမ်း အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည်။ ဝိမုတ္တိသည် လူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးလျှက်ရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုများရှိ ကလေးများအတွက် ပညာရေးအထောက်အပံ့ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။ ထို့အပြင် အကာအကွယ်မဲ့သူများအတွက် သုတေသနပြုလုပ်ခြင်း၊ ကွန်ရက် ချိတ်ဆက်ခြင်း၊ ၎င်းတို့၏ စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်လာရာမှတဆင့် သင့်တင့်ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် တိုက်ရိုက်ချိတ်ဆက်လျှက် ရှိသည့်အပြင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် စိတ်ဓာတ်မြှင့်တင်ရေး အထူးအစီအစဉ်များ ကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ 

အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (AJAR)

အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (AJAR) သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အခြေစိုက် သော ဒေသလုံးဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည်။ AJAR သည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုကို ဆန့်ကျင်တိုက်ခိုက်နေသည့် ဒေသတွင်းနှင့် နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင် ရန်၊ အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများ၏ မူလအကြောင်းခံ အရင်းအမြစ်များမှ သင်ခန်းစာယူရန် ဆန္ဒရှိရေး၊ တာဝန်ယူမှုတာဝန်ခံမှုရှိရေးနှင့် တရားမျှတမှုရရှိရေးတို့ကိုအခြေခံ၍ ယဉ်ကျေးသော လူမှုဘဝတည်ဆောက်နိုင်စေရန်အတွက် ဖြည့်ဆည်းပံ့ပိုးပေးရန် ဆောင်ရွက်လျှက်ရှိသည်။ www.asia-ajar.org

ထုတ်ပြန်ချက်အားဒေါင်းလော့ရယူရန် torture day statement bur