၂၀၁၉ ခုနှစ်၊ မေလ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်လာကြသော နောင်ချိုမြို့နယ်အတွင်းရှိ မူလတန်းနှင့်အလယ်တန်းပြ ဆရာ/ဆရာမများ

ကျောက်မဲခရိုင်အတွင်းတွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း လေးပွဲကို ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ် ဆရာ/ဆရာမကြီးများနှင့် မူလတန်း၊အလယ်တန်းပြ ကျောင်းဆရာ/ဆရာမများကို ဟောပြောပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ မူလတန်းနှင့် အလယ်တန်းပြ ကျောင်းဆရာ/ဆရာမများ စုစုပေါင်း (၁၃၇၀) ဦး တက်ရောက် ဆွေးနွေးခဲ့သည်။

ထို့ပြင် AAPP မှ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၁၇)ပွဲကို သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ       ကျေးရွာပေါင်း   (၁၇)ရွာတွင်ဟောပြောပို့ချပေးနိုင်ခဲ့ပြီး ရွာသူ/ရွာသား စုစုပေါင်း (၁၁၅၀)ဦး တက်ရောက်ခဲ့သည်။ ၎င်းပြင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ တစ်ပွဲကို ကျောက်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် နွေရာသီပန်းချီ သင်တန်း တက်ရောက်နေသော ကျောင်းသူ/ကျောင်းသား (၅၀)ဦးနှင့် ပြန်ဆက်ဝန်ထမ်းများကို ပို့ချပေးနိုင်ခဲ့သည်။

အဆိုပါဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်နှင့် ကိုကျော်ဦးတို့မှ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းပြခြင်း၊ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦးနှင့် ကိုစိုင်းတေဇာ(သိန္နီ)တို့မှ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု၊တာဝန်ခံမှု၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များ ကိုမေးမြန်းခဲ့သည်။ ဟောပြောပွဲ များ ပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေး ဆိုင်ရာ အသိပညာ ဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အိတ်ဆောင် စာအုပ်များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

သင်တန်းများပို့ချ ပေးခြင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ပို့ချ ခြင်း

ကျိုင်းတုံမြို့၌ ပြုလုပ်သော လူ့အခွင့်အရး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

မေလတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ  စောင့်ရှောက်ရေး အသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တို့တွင် ပို့ချ ပေးနိုင်ခဲ့သည်။

မေလ ရ ရက်နေ့မှ မေလ ၁ရ ရက်နေ့ထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ပြုလုပ်ခဲ့သော(၁၁)ရက်တာ သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ   တရားမျှတမှု သင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်း ပို့ချပေးခဲ့ သည်။ သင်တန်းကို သင်တန်းသူ (၁၆)ဦး၊ သင်တန်းသား (၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် လားဟူ စာပေနှင့် ယဉ်ကျေးမှု၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ၊ ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ မယ်လိတ်မဲနူး၊ လရောင်သစ် စသည့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ရှေ့နေနှင့် ကျောင်းသူ/ကျောင်းသားများ ဖြစ်ကြ သည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် လားဟူ၊ အာခါ၊ ဝ-ဗမာ၊ ဝ-လားဟူ၊ ကရင်-ရှမ်း၊ ရှမ်း၊ ရှမ်း-ဗမာ တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီးဝန်းကျင်ရှိ ကျေးရွာ များတွင် ကျေးရွာ ပြည်သူ့စစ်များမှ အတင်းအဓမ္မခိုင်းစေခြင်း၊ မတရားနှိပ်စက်ခြင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် လူငယ်များကို အတင်းအဓမ္မ ဝင်ရောက်စေခိုင်းခြင်းနှင့် လယ်ယာမြေ သိမ်းဆည်းခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

မေလ ၂၂ ရက်နေ့မှ မေလ ၃ဝ ရက်နေ့ထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ပြုလုပ်ခဲ့သော (၉) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်း ပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်းနည်းပြအဖြစ် ကိုကျော်ဦးမှ သင်တန်း ပို့ချ ပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၇)ဦးနှင့် သင်တန်းသား (၁၇)ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူ များသည် Civic and Justice Development Youth(CJDY)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ Clean Pathein၊ Investment our Time, Technique and Experience for the Public(ITEP Youth)၊ Early Childhood Intervention(ECI)၊ ဧရာဝတီလူငယ် စင်တာ၊ သက်လူငယ် ဖွံ့ဖြိုးရေးအစည်းအရုံး၊ Federal Youth Leadership Camp(FYLC)၊ ပုသိမ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ပန်းသီကြိုးစသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် စိတ်ပါ ဝင်စားသူများ ဖြစ်ကြသည်။ သင်တန်းတက်ရောက်သူများသည် ကရင်၊ ပလောင်၊ သက်နှင့် ဗမာ တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ပုသိမ်မြို့နယ်တွင် တောင်ယာမြေများကို သိမ်းဆည်းမှုများ၊ မတရားညှဉ်းပန်းနှိပ်စက်မှုများစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

အထွေထွေလှုပ်ရှားမှုများ

The Wings Institute မှ ကျောင်းသူ/ကျောင်းသားများ လာရောက်လေ့လာ

The Wing Institute မှ ကျောင်းသူ၊ကျောင်းသားများ AAPP ပြခန်းကို လေ့လာ

မေလ ရ ရက်နေ့တွင်  The Wings Institute မှ ကျောင်းသူ/ကျောင်းသားများသည် ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက်လည်ပတ်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းကို လေ့လာခဲ့ကြသည်။ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ကျောင်းသူ/ကျောင်းသားများမှ သိလိုသည်များအား ပြန်လည်မေးမြန်းခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)
Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training ကို တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများ

မေလ ၁၂ ရက်နေ့တွင်   နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ တာဝန်ခံ ဦးကျော်စိုးဝင်းသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း၌ Mental Health Awareness and Self-care Training ကို ပို့ချပေးခဲ့သည်။ သင်တန်း ကို သင်တန်းသူ/သင်တန်းသား စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့သည်။ ထို့ပြင်  မေလ ၂ရ ရက်နေ့တွင်   MHAP တာဝန်ခံ ဦးကျော်စိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတင်ခြင်းနှင့် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း၌လည်း Mental Health Awareness and Self-care Training ကို ပို့ချပေးခဲ့ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ သည်။

“Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training”ကို ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် CETA သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် “Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training” ကို Sandhi Governance Institute ၌ မေလ ၂၅ ရက်နေ့မှ မေလ ၂၆ ရက်နေ့ထိ  နှစ်ရက်တာ ပို့ချပေးခဲ့သည်။ သင်တန်းကို မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားနေရာဒေသအသီးသီးမှ တိုင်းရင်းသား ၂၈ ဦး တက်ရောက်ခဲ့သည်။

အမျိုးသမီး အသိပညာပေးစာပေဟောပြောပွဲ ကျင်းပ ပြုလုပ်ခြင်း

အမျိုးသမီးများ အသိပညာတိုးမြင့်လာစေရန် ရည်ရွယ်၍ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ ကြီးမှူး၍ အမျိုးသမီး အသိပညာပေး စာပေဟောပြောပွဲကို မေလ ၁၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း(ရန်ကုန်)၌ ပို့ချပေးခဲ့သည်။ ထိုစာပေဟောပြောပွဲတွင် MHAP မှ ဒေါ်နှင်းပန်းအိမ်မှ  ဟောပြောပို့ချပေးခဲ့ပြီး အမျိုးသမီး သက်မွေးအတတ်ပညာသင် ကျောင်းမှ သင်တန်းသူပေါင်း ၉၄ ဦး တက်ရောက်ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မေလတွင်းတွင် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သင်တန်းသူ နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှုပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး သင်တန်းသူ ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း (MHAP) မှ ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေး ပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မေလတွင်းတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ မေလတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

မေလတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူကုန်ကူး ခြင်းခံရသူများ၊ အဓမ္မပြုကျင့်ခြင်းခံရသူများ၊ ဆင်းရဲမွဲတေမှုကို ခံစားနေကြရသူများစသည့် ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက် လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာ သုံးဦးသည် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၊ လူကုန်ကူး ခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ မေလတွင်းတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး လေးဦးကို နှစ်သိမ့် ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား ခြောက်ဦး တို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ဒေါင်းလော့ရယူရန် May Burmese Newsletter

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈