အေအပေီပီမှ မလေအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

မေလတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၉ဝ ဦး ရှိခဲ့သည်။ ထို ၉ဝ ဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊(၂)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅(ခ)၊ ၄၃၅၊ ၃၅၃၊ ၁၈၆၊ ၃၃၂၊ ၃၃၃၊ ၁၁၄၊ ၁၀၄၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (က)၊ ၅ဝ (ဈ)၊ ၅၂(က) ၅၄၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ အက်ဥပဒေပုဒ်မ ၂(၁)(က)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀)၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) တို့ဖြင့် အသီးသီး အမှုဖွင့်၊တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။

မေလတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၉၉ ဦးရှိခဲ့သည်။ ထို ၂၉၉ ဦးအနက်မှ ၂၈၂ ဦးသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အရပ်သားများဖြစ်ပြီး ၁ရ ဦးသည် လယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ နှင့် အရပ်သားများဖြစ်ကြသည်။

မေလတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ခြောက်ဦးရှိခဲ့သည်။ ထိုခြောက်ဦးအနက် တက်ကြွလှုပ်ရှားသူ လေးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး အရပ်သား နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂) ဖြင့် စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ရန် အမိန့်ချမှတ်ခဲ့သည်။   

မေလတွင်း နိုင်ငံရေးအကျဉ်းသားများ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၂၈၄ ဦး လွတ်မြောက် လာခဲ့သည်။ ထို ၂၈၄ ဦးအနက်မှ ၂ဝ ဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သော နိုင်ငံရေး အကျဉ်းသားများဖြစ်ပြီး ၂၆ဝ ဦးသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ အရပ်သားများ ဖြစ်ကာ နိုင်ငံရေးအကျဉ်းသား လေးဦးသည် ဖုယွင်အလုပ်သမားသပိတ်ကို ကူညီပေးခဲ့သော တက်ကြွလှုပ်ရှားသူများ ဖြစ်သည်။

မေလတွင်း နိုင်ငံရေးအကျဉ်းသား သုံးဦးဖြစ်သော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရှေ့နေ ဦးဇော်ဝင်းနှင့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။

သမ္မ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းထောင်များတွင်း အခြေအနေများ

မေလတွင်းတွင် နိုင်ငံတော်သမ္မတမှ တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး နောက် “လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး”အတွက် ဘားအံအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ မော်လိုက် အကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် ထောင်ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ ရွှေဘိုအကျဉ်းထောင် ဆူပူမှုတွင် လုံခြုံရေးတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ အသုံးပြု၍ အကျဉ်းသားများကို လူစုခွဲ၍ ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သောကြောင့် အကျဉ်းသား လေးဦး သေဆုံးခဲ့သည်။ အကျဉ်းထောင်များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနမှ ကြီးကြပ် အုပ်ချုပ်သောကြောင့် ထိုဆူပူမှုဖြစ်စဉ်များတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့၌ တာဝန်ရှိသည်။ ထောင်ဆူပူမှုဖြစ်စဉ်များကို သုံးသပ်ကြည့်လျှင် လွတ်ငြိမ်းသက်သာခွင့်ပေးရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လွတ်ငြိမ်းသက်သာခွင့်မပေးမီတွင် စိစစ်မှုများ သေချာစွာပြုလုပ်နိုင်မည့် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ မရှိခြင်း၊ ပြစ်မှုတူသော်လည်း လွတ်ငြိမ်းသက်သာခွင့် တန်းတူညီမျှ ရရှိခြင်းမရှိသော အကျဉ်းသားများရှိခြင်းနှင့် ထောင်တွင်း စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းခြင်းစသည့် အခြင်းအရာများသည် ထောင်ဆူပူဖြစ်ပွားစေရန် လှုံ့ဆော်ပေးလျှက်ရှိသော အကြောင်းခြင်းရာ များဖြစ်သည်။ သို့ဖြစ်၍ ထောင်ဆူပူမှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် အမှီအခိုကင်း၍ လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး အကျဉ်းသားများ၏ နစ်နာမှုများကို တိုင်တန်းနိုင်မည့် ကော်မရှင်၊ကော်မတီကဲ့သို့သော ယန္တရားတစ်ခု ခိုင်ခိုင်မာမာရှိရမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းဦးစီးဌာနသည် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ်ရှိရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ယခင်က ဖွဲ့စည်းခဲ့ဖူးသည့် တရားရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်း၍ တရားရေးဝန်ကြီးဌာနလက်အောက်တွင် အကျဉ်းဦးစီးဌာနကို ထားရှိခြင်း အားဖြင့် အကျဉ်းထောင်စီမံခန့်ခွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း  အဓိကပြုပြင်ပြောင်းလဲရန် လိုအပ်လျှက်ရှိသည့် လုပ်ငန်းစဉ်များတွင် အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေးသည်လည်း အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်။ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် အမျိုးမျိုးသော ပြဿနာများကို ဖြစ်ပွားစေရန် အစပျိုးလျှက်ရှိသော ပြယုဂ်တစ်ခုဖြစ်သည်။ ထို့ပြင် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးတွင် ကုန်ထုတ်စခန်း(ရဲဘက်စခန်း)များ၌ အကျဉ်းကျနေသော အကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို မြှင့်တင်ပေးရန်မှာလည်း မရှိမဖြစ် အရေးကြီး သည်။ မေလတွင်းတွင် ကုန်ထုတ်စခန်း (ရဲဘက်စခန်း) အသီးသီး၌ လုပ်ကိုင်နေရသည့် အကျဉ်းသားများ၏ တစ်ရက်တာ လုပ်အားခ နှုန်းကို ကျပ် ၂၅ဝ မှ ပြင်ပတစ်ရက်လုပ်အားခ ကျပ် ၄၈၀ဝ ၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ လွှတ်တော်၌ မေးမြန်းချက်ကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူမှ တိုးမြှင့်ပေးရန် အစီအစဉ် မရှိပါဟု  ပြန်လည် ဖြေကြားခဲ့သည်။ ထိုက်တန်သော လုပ်အား နှင့်အညီ တန်းတူညီစွာ ခံစားပိုင်ခွင့်သည် လူတိုင်းရရှိရမည့်အခွင့်အရေး တစ်ရပ်ဖြစ်သည်။ ကုန်ထုတ်စခန်း (ရဲဘက်စခန်း)များရှိ အကျဉ်းသားများသည် ထိုအခွင့်အရေးများ ဆုံးရှုံးလျှက်ရှိသည်။ ထို့ပြင် ကုန်ထုတ်စခန်း (ရဲဘက်စခန်း)များရှိ အကျဉ်းသားများသည် အလုပ် လုပ်ကိုင်ရခြင်းကြောင့် သက်မွေးအတတ်ပညာများ သင်ကြားရန် အခွင့်အရေးများလည်း ရရှိခြင်းမရှိသေးပါ။ ထိုအခြင်းအရာသည် ၎င်းတို့ပြန်လည် လွတ်မြောက်ပြီးနောက် လူမှုပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်ရာ၌ အခက်အခဲ ဖြစ်ပေါ်စေပြီး ရာဇဝတ်မှုများကို ထပ်မံကျူးလွန်ရန် တွန်းအားတစ်ရပ်ဖြစ်စေသည်။ ထို့ကြောင့် ကုန်ထုတ်စခန်း(ရဲဘက်စခန်း)များ၏ အခြေအနေများကို ကွင်းဆင်း လေ့လာ၍ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် တိုက်တွန်းပါသည်။ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အဓိက အရေးပါ လှသော အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သောကြောင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲ ရေးအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဋ္ဌာန်းထားရှိသော်လည်း မြန်မာနိုင်ငံသည် ထိုအခွင့်အရေး များကို လေးစားလိုက်နာရန် ပျက်ကွက်ဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ၊ လယ်သမားများ နှင့် အလုပ်သမားများသည် ကန့်သတ်ထားမှုများနှင့် အမျိုးမျိုးသော ဖိနှိပ်ထားမှုများ ကို ရင်ဆိုင်နေကြရသည်။  

  • ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးမှ တရားလိုပြုလုပ်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦး ဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်း၊ ကိုငြိမ်းချမ်းစိုး(ခ) ချစ်ယုံနှင့် မဆုရတနာမြင့်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ တရားစွဲဆိုခဲ့သည့်ပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်း အမှုဖွင့်ခဲ့ခြင်း
  • နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲတွင် ဖျော်ဖြေခဲ့သည့် ပြကွက်တချို့သည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေဖြင့် ဒုတိယ ဗိုလ်မှူးကြီး မြင့်ဦးမှ ဇမ္ဗူသီရိ မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ဇွဲအငြိမ့်အဖွဲ့မှ လူရွှင်တော်များဖြစ်သော ပန်းသီး၊ စိမ်းလန်း၊ အာလူး၊ ဇောက်ထိုးနှင့် ဒိုးပေါက်တို့ ငါးဦးကို တရားစွဲဆိုခဲ့ခြင်း
  • တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်ဟု စွပ်စွဲ၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်မှ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူပေး ရန် အမရပူရမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း
  • လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်ကို ဝေဖန် ရေးသားခဲ့သည့်အတွက် ဒုတိယ ဗိုလ်မှူးကြီး ဦးသန့်ဇော်ဦးမှ ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ တရားစွဲ ဆိုခဲ့ခြင်း
  • ကရင်နီလူငယ်များ၏ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကြောင့် ကယားပြည်နယ် အစိုးရ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်မှ ကရင်နီလူငယ် ခူးကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုပျားလေးနှင့် ကိုဒီးဒီတို့ ခြောက်ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) ဖြင့် အမှုဖွင့်ခဲ့ခြင်း
  • ပုသိမ်ကြီးမြို့နယ်၊ ဒဟတ်တော ကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေး ရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက်  အောင်သပြေကျေးရွာသား ၁၃ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉၊  ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၃၃၃၊ ၄၃၅၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ခံထားရခြင်း၊ ရဲတပ်ဖွဲ့ဝင် ၁၅ဝ ကျော်မှ ဆန္ဒထုတ်ဖော်လျှက်ရှိသော ရွာသားများကို ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ရွာသား ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း
  • ဖုယွင်အလုပ်သမားသပိတ်ကို ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦး ဖြစ်သော ဦးအောင်မြင့်၊ ဦးမြတ်ကျော်၊ ဦးဇေယျာဖြိုးနှင့် ကိုသက်ဦးမောင်တို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် သို့မဟုတ် ဒဏ်ငွေ နှစ်သောင်း ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း

အထက်ပါဖြစ်စဉ်များကို သုံးသပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် လွန်မင်း စွာ ကျဆင်းလာသည်ကို တွေ့ရှိရပြီး တပ်မတော်မှ တရားစွဲဆိုမှုများသည် ယခင်လများထက် သိသာစွာ မြင့်တက်လာသည် ကို တွေ့ရှိရသည်။ ဂုဏ်သိက္ခာထိခိုက်စေသည်ဟူသော အကြောင်းပြချက်ဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းသည် အာဏာပိုင်အဖွဲ့အစည်းများကို ဝေဖန်ထောက်ပြမှုများမှ ထိန်းချုပ် ထားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထိုအခြင်းအရာသည် အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေသည့် အခြင်းအရာတစ်ရပ်ဖြစ်သည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅(က)(ခ)၊ ငြိမ်း၊စု၊စီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ကဲ့သို့သော ဥပဒေများသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို တားဆီးရန် အသုံးပြုလေ့ရှိသည့် ဥပဒေများ ဖြစ်လာသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ အစိုးရအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝ ဖော်ဆောင်မှု ပြုပေးရန်၊ နိုင်ငံသားများကို ဖိနှိပ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်ပေးရန် သို့မဟုတ် ရုပ်သိမ်း ပေးရန် စဉ်ဆက်မပြတ် တိုက်တွန်းလျှက်ရှိသည့်အတိုင်း မေလတွင်းတွင်လည်း ထပ်မံ၍ တိုက်တွန်း အပ်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဖိနှိပ်ထားမှုများ၊ ကန့်သတ်ထားမှုများအောက်တွင် ရှိနေချိန်တွင် တက်ကြွ လှုပ်ရှားသူများသည်လည်း အလားတူ ဖိနှိပ်၊ကန့်သတ်မှုများအောက်တွင် ကျရောက်နေဆဲဖြစ်သည်။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရုံးထုတ်ရာတွင် ရုန်းရင်းဆန်းခတ် ဖြစ်ပွားခဲ့သည့်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း အဖွဲ့အစည်းမှ မနီလာသိန်း၊ တက်ကြွလှုပ်ရှားသူများဖြစ်သော ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနှင့် ကိုမင်းဟန်ထက်တို့သည် ရာဇသတ်ကြီးပုဒ်မ ၁၀၄၊ ၁၈၆၊ ၃၃၂၊ ၃၅၃ တို့ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ စစ်အစိုးရ ဟောင်းများလက်ထက်တွင် ကျင့်သုံးခဲ့သော အာဏာပိုင်များကို ဆန့်ကျင်လျှင် ဖမ်းဆီး၊တရားစွဲဆိုခံရခြင်း ကို ဆက်လက်ကျင့်သုံးလျှက်ရှိခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးကို မေးခွန်းထုတ်ဖွယ်ရာဖြစ်ပြီး ထိုအခြင်းအရာမှ နိုင်ငံသားများ၏ အခွင့်အရေးများ ဆုံးရှုံးဆဲဖြစ်သည်ကို ပြသလျှက်ရှိသည်။ သို့ဖြစ်၍ အစိုးရ အနေဖြင့် ၎င်း၏ နိုင်ငံသားများ အခြေခံကျသော အခွင့်အရေးများ ကို ရရှိစေရန် မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ဒီမိုကရေစီဆီသို့ ဦးတည်ပါရန် တိုက်တွန်းအပ်ပါသည်။

သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်

မေလတွင်းတွင် သမ္မ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်ခြင်းခံထားရသည့် ရိုက်တာ သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သော ကိုသက်ဦးမောင်(ခ)ဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ လွတ်မြောက်လာခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေသည် ပြန်လည်၍ တိုးတက်လာမည်ဟု မျှော်မှန်းထားခဲ့သော် လည်း ဆက်လက်၍ ဆိုးရွားစွာ ကျဆင်းဆဲဖြစ်သည်။ ထိုအခြင်းအရာကို မေလတွင်း သတင်းမီဒီယာများ တရားစွဲဆိုခံရခြင်း များမှ ထင်ရှားစွာ ပြသနေသည်။

  • ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ(၁၇/၂) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ဆန္ဒထုတ်ဖော်လျှက်ရှိသော အောင်သပြေကျေးရွာသားများအား ရဲတပ်ဖွဲ့မှ ပစ်ခတ် ဖြိုခွင်းမှုအား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တိုက်ရိုက်လွှင့်တင်ခဲ့သည့်အတွက် မန္တလေး အခြေစိုက် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် ကိုအောင်ကြည်မြင့်(ခ)ကိုနန္ဒသည် ဖမ်းဆီးခြင်းခံခဲ့ရကာ ရာဇသတ်ကြီးပုဒ်မ ၁၁၄၊ ၃၃၃၊ ၄၃၅ ဖြင့် ဖမ်းဆီး၊အမှုဖွင့်ခံထားရခြင်း
  • “နွားမွေးမြူရေး စီမံကိန်းအကြောင်းပြကာ တောင်သူပိုင်မြေများအား သိမ်းဆည်းနေမှုကို ဆန္ဒထုတ်ဖော် တော့မည်” ဆိုသည့် သတင်းကို Channel Mandalay TV သတင်းဌာန၌ ထုတ်လွှင့်ခဲ့ခြင်းအတွက် Channel Mandalay TV သတင်းထောက် ကိုဝင်းနိုင်ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထား ရခြင်း
  • မဲဆွယ်အပြုံး သရော်စာကို တနင်္သာရီဂျာနယ်၌ ဖော်ပြခဲ့သည့်အတွက် ဒဏ်ငွေငါးသိန်းချမှတ်ခြင်းခံခဲ့ရသော တနင်္သာရီဂျာနယ်၏ အယူခံကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တရားရုံးမှ ပယ်ချခဲ့ခြင်း

မေလ ၃ ရက်နေ့သည် ကမာ္ဘ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းရှိ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုသည်မှာ ထိခိုက်လွယ်သော အနေအထားတစ်ခုအနေဖြင့်သာ ရှိနေပြီး အခွင့်အာဏာရရှိသူများ၏ ထိန်းချုပ်ထားမှု များ အောက်တွင် ရှိနေဆဲဖြစ်သည်။ ပြည်သူများ၏ နားနှင့်မျက်စိဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟု ခေါ်တွင်သော သတင်းမီဒီယာကဏ္ဍကို ဖိနှိပ်ထားခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆုတ်ယုတ်စေသာ အခြင်းအရာတစ်ရပ် ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ ကမာ္ဘ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “ဒီမိုကရေစီ စနစ်အားကောင်းရန်အတွက် မီဒီယာလွတ်လပ်ခွင့်သည် မရှိမဖြစ် အရေးကြီးသည်ဟု အသိအမှတ်ပြုပါသည်” ဟု ဖော်ပြထားသည်။ ထို့ကြောင့် သတင်းမီဒီယာကဏ္ဍကို မြှင့်တင်ခြင်း၊ သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖော်ဆောင်ခြင်းတို့ကို ပြသသောအားဖြင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော သတင်းမီဒီယာသမားများ ကို အမြန်ဆုံး လွှတ်ပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ အစိုးရအား တိုက်တွန်း အပ်ပါသည်။

တိုင်းရင်းသားရေးရာ ကိစ္စရပ်များ

မေလတွင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လာခြင်း နှင့်အတူ ထိုတိုက်ပွဲများ၏ အကျိုးဆက်ကို တိုင်းရင်းသားများသည် အများဆုံးရင်ဆိုင်နေကြရသည်။ ထိုမျှသာမက နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဖိနှိပ်ထားမှုများကိုပါ ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် မေလတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဖမ်းဆီး၊ တရားစွဲဆိုခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးသွားခြင်းနှင့် သေဆုံးဒဏ်ရာရခြင်း စသည့် ဖြစ်စဉ်များသည် မြင့်တက်လာခဲ့ သည်။

ရခိုင်ပြည်နယ်

  • ရက္ခိုင့်တပ်မတော်(AA)နှင့်ဆက်နွယ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးအောင်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ရက္ခိုင်​့တပ်တော်(AA)နှင့်ဆက်စပ်မှုရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ရွာသား ၂၄ ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ် ယာယီ အက်ဥပဒေပုဒ်မ ၂(၁)(က) အမှုဖွင့်ခံခဲ့ရခြင်း၊ ထိုရွာသား ၂၄ ဦးကို  ဖမ်းဆီး၊စစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးရွားစွာ ခံစားခဲ့ရခြင်း
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာတွင်နေထိုင်သူ ဦးကျော်လှိုင်၊ ဦးမောင်မဲနှင့် ဦးပြည်သိမ်းမောင်တို့ကို တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် အမှုဖွင့်ခဲ့ခြင်း၊ ဦးကျော်လှိုင်သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသော ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း၊ ၎င်းပြင် ဦးပြည်သိမ်းမောင်သည် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ ကာ နားမကြားတော့ခြင်း
  • တပ်မတော်စစ်ကြောင်းမှ ရက္ခိုင့်တပ်မတော်(AA) နှင့်ပတ်သက်၍ မသင်္ကာဟုဆိုကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှ အမျိုးသား ၂၇၅ ဦးကို ဖမ်းဆီး၊ ထိန်းသိမ်းထားစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသား ခုနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေးဦးပျောက်ဆုံးခဲ့ခြင်း (ပစ်ခတ်မှုတွင်း သေဆုံးသွားသူများကို သင်္ဂြိုလ်ရာတွင် မိသားစုဝင်များကို ခေါ်ယူခြင်းမရှိဘဲ တားဆီး ပိတ်ပင်မှုများရှိခြင်း)၊  ထိုကဲ့သို့ စစ်ဆေး နေစဉ်တွင်း AA အဖွဲ့ဝင်ဟု ဝန်ခံသူ ခြောက်ဦးနှင့် ဝန်ခံခြင်း မရှိသော်လည်း သံသယရှိသူ နှစ်ဦးတို့ကို စစ်တွေ မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသူများကို လွှတ်ပေးခဲ့ခြင်း (ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းမှ ထိုဖြစ်စဉ်ကို ဥပဒေ နှင့်အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်မေလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)မှ ကျောက်တန်း ကျေးရွာသို့ ရောက်ရှိ လာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်)
  • ရခိုင်​ပြည်​နယ်​၊ မြောက်​ဦးမြို့နယ်၊ ဝေသာလီ​ရွာအနီး ရန်​ကုန်​-စစ်​​တွေ လမ်​းမကြီး၌ ​တပ်​မ​တော်​နှင့် ရက္ခိုင့် တပ်မတော်(AA)တို့  တိုက်​ပွဲဖြစ်​ပွားခဲ့​ပြီးနောက် တပ်မတော်မှ ဝေသာလီ ကျေးရွာသား ကိုအောင်ကျော်နိုင် (ခ) လုံးယေ နှင့် ကိုစိုးစိုးအောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း
  • တပ်မ ၅၅ နှင့် ၉၉ ပူးပေါင်းတပ်ဖွဲ့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နှင့် ရွာသားတစ်ဦးဖြစ်သူ ဦကျန်သိန်းအောင်တို့ကို ခေတ္တ ခေါ်ဆောင်မည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း
  • တပ်မ ၅၅ မှ ကျောက်တော် မြို့နယ်၊ နဂရာကျေးရွာမှ ငါးရှာနေသည့် ကျေးရွာသား ကိုးဦးအား မတရား ဖမ်းဆီးကာ ညှဉ်းပန်း၊ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်း
  • တပ်မတော်စစ်ကြောင်းတစ်ခုမှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာ မှ  မောင်ယောင်းနှင့် မောင်သန်းကျော်တို့နှစ်ဦးကို  လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ခြင်း

ရှမ်းပြည်နယ်

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုကို ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) တို့အတွက် ငွေကြေးကောက်ခံပေးနေသည်ဟုဆိုကာ ကျောက်မဲအခြေစိုက် ခမရ ၅၀၂ မှ ဗိုလ်မှူး ဝေယံထွန်းမှ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်း (ဧပြီလ ၂၆ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့(စရဖ)မှ ဦးစိုင်းတင်ချိုကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်)

ချင်းပြည်နယ်

စစ်ကိုင်းတိုင်းဒေသကြီး

  • ဖမ်းဆီးခြင်းခံထားရသော နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီNSCN(K)မှ ဗိုလ်မှူးအဆင့်အပါအဝင် လက်နက်ကို်င် ခြောက်ဦးကို မတရား အသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ခန္တီးမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးမှုများ

  • ရက္ခိုင့်တပ်မတော် (AA) မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ချင်းတိုင်းရင်းသား ငါးဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း
  • လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွယ်လုံးဒေသ၊ ဟိုနားကျေးရွာတွင် နေထိုင်ကြ သည့် ပအိုဝ်းတိုင်းရင်းသား ရွာသား ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း

ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဆက်စပ်လျှက်ရှိပြီး ပဋိပက္ခဖြစ်ပွားလာပါက လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာလေ့ရှိသည်မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသည်။     ဖမ်းဆီးခြင်း၊ ညဉ်းပန်း နှိပ်စက် ၍ ဝန်ခံစေခြင်းတို့သည် လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သည်သာမက လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှု ကို ထိခိုက်စေသည်။ ထိုအခြင်းအရာကို  ဌာနေ တိုင်းရင်းသားများသည် ရှောင်လွှဲ၍မရဘဲ အများဆုံး ရင်ဆိုင် ကြုံတွေ့နေကြရသည်။  မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၇ဝ ကျော်ကြာ ဖြစ်ပွားဆဲဖြစ်သော ပဋိပက္ခများတွင် ထိခိုက်နစ်နာ ခဲ့ရသော ဌာနေ တိုင်းရင်းသား များအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ၎င်းတို့ အတွက် ပြန်လည် ကုစားပေးခြင်း၊ လျော်ကြေးပေးခြင်း စသည့် အစီအစဉ်များကို အကောင်အထည်ဖော် ပေးရန်မှာ လည်း အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ပြင် ကျူးလွန်သူများသည် ယနေ့ထိတိုင်အောင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေဆဲဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပွားမှုများကို အဆုံးသတ်ရန် အစိုးရမှ ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်ရမည် ဖြစ်သည့်ပြင် နိုင်ငံတကာ သဘောတူ စာချုပ်များဖြစ်သော ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်သော နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်           (ICCPR)တို့ကို အစိုးရမှ အမြန်ဆုံး လက်မှတ်ရေးထိုး အတည်ပြုရမည် ဖြစ်သည်။ မေလတွင်းတွင် အိမ်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမှ ICCPR ကို လက်မှတ် ရေးထိုးရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ထိုအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှလည်း ထိုကဲ့သို့ အစပျိုး၍ ဆောင်ရွက်လာခြင်းအပေါ် ကြိုဆိုပြီး ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်သော နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ရန်အတွက် ဆောင်ရွက်ပါရန်လည်း တိုက်တွန်းအကြံပြုအပ်ပါသည်။

လယ်ယာမြေရေးရာ ကိစ္စရပ်များ

၂၀၁ရ ခုနှစ်၊ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(ICESCR)ကို လက်မှတ်ရေးထိုး အတည်ပြုပြီးခဲ့သော်လည်း နိုင်ငံတွင်း ရှိ တောင်သူ လယ်သမားများသည် ထိုအခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်မရှိဘဲ ချိုးဖောက်မှုများကို ကြုံတွေ့နေ ကြရသည်။ ထို့ပြင် လယ်ယာမြေသိမ်းဆည်းမှုများ၊ လယ်ယာမြေအငြင်းပွားမှုများ၏ နောက်ဆက်တွဲအနေဖြင့် တောင်သူများသည် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ မေလတွင်းဖြစ်ပွားခဲ့သော လယ်ယာမြေအရေး ဖြစ်စဉ် အချို့ကို အောက်တွင် ကောက်နှုတ်ဖော်ပြ ထားသည်။

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တပ်မတော်၏ မြေသိမ်း တရားစွဲဆိုမှုကို တိုင်ကြားခဲ့သည့် မြိတ်မြို့၊ ရွာသစ် ကျေးရွာမှ ကိုမျိုးသူနိုင်ကို ထောက်ပံ့ ပို့ဆောင်ရေးတပ် ၉၃ရ မှ ဗိုလ်ကြီး   စိုးသင်းနိုင်မှ          ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခဲ့သည်။
  • မေလတွင်းတွင် တပ်မတော်၏ နို့စားနွားစီမံကိန်းနှင့်ပတ်သက်၍ သတင်းအင်တာဗျူးဖြေခဲ့ခြင်းအတွက် အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဗိုလ်ကြီး ရဲကိုကိုဦးမှ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာမှ တောင်သူ ခုနှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သည်။
  • ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ​ခမရ ၄၂၃ နှင့် ခမရ ၄၂၄ တပ်ရင်းတို့မှ သိမ်းဆည်း ထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ​မေလ ၁ ရက်​​နေ့တွင် တောင်သူ ၃၀ဝ ကျော်မှ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း

ဒေသခံ တောင်သူလယ်သမားများသည် အစဉ်အဆက်လုပ်ကိုင်လာခဲ့သော လယ်ယာမြေများ သိမ်းဆည်းခြင်းခံရ၍ အခက်အခဲများကို ရင်ဆိုင်နေကြရသည်သာမက ဖမ်းဆီး၊တရားစွဲဆိုခံရခြင်းများသည် အသွင်ကူးပြောင်းရေးကို ဦးတည်နေသော အစိုးရအတွက် စိန်ခေါ်မှုဖြစ်သည်။ အစိုးရမှ သိမ်းဆည်းလယ်ယာမြေအရေးကို ဆောင်ရွက် နေသော်လည်း လယ်ယာမြေပြဿနာရပ်များ ဆက်လက်၍ ဖြစ်ပွားဆဲဖြစ်သည်ကို တွေ့ရှိရခြင်းကြောင့် အစိုးရမှ လယ်ယာမြေ သိမ်းဆည်းမှုများ၊ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မြန်ဆန်စွာ ဆောင်ရွက်သင့်ပြီး ၎င်းလက်မှတ် ရေးထိုးအတည်ပြုထားသည့် ICESCR အတိုင်းလည်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းသုံးသပ်ချက်ကိုဒေါင်းလော့ရယူရန် May Burmese MiR

မေလအတွက်သတင်းစုစည်းမှု ဒေါင်းလော့ရယူရန် May Burmese Chronology

မေလတွင်းလက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 28 Remaining PP list Updated On May 31, 2019 (Burmese)

မလေအတွင်း အမှုရင်ဆိုင်ဆဲစာရင်း 358 facing trial list updated on May 31, 2019

၆၆ (ဃ) ဖြင့်တရားရင်ဆို်င်နေရသူများစာရင်း 66 (D) total list(new) Updated