မကဒတ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ကျော်ကို (ဦးကျော်ကိုကိုဝင်း) ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကို  (၅၂ နှစ်) သည်  ၂၀၁၉  ခုနှစ် မေလ ၁ရ ရက်နေ့၊ ၂၀၁၉  ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနဲ့ထပ်တူ၊ မကဒတ နှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။

ရဲဘော် ကျော်ကိုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလကတွင် မုဒုံမြို့နယ်မှ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ပါသည်။ အရေးတော်ပုံကာလအတွင်း နယ်စပ်ဒေသသို့ထွက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်ပါသည်။ မကဒတ တွင် တပ်သားမှ ဒု ဥက္ကဌ အထိ တာဝန်အသီးသီးကို ကျရာအခန်းကဏ္ဍမှ ကျေပြွန်စွာထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်ပါသည်။ စစ်အစိုးရ စစ်တပ်၏ ချောင်းမြှောင်းပစ်ခတ်မှုကြောင့် မျက်နှာတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော်လည်း ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးတို့အတွက် စဉ်ဆက်မပြတ် တိုက်ပွဲ ဝင်ခဲ့သူတဦးလည်းဖြစ်ပါသည်  

တိုက်ပွဲကာလတလျှောက် ရဲဘော်ကျော်ကို၏ စွန့်လွှတ်မှု အနစ်နာခံမှု၊ တည်ငြိမ်မှု၊ ဉာဏ်အမြှော်အမြင် ကြီးမှုများသည် ဒီမိုကရေစီတော်လှန်ရေး သမိုင်းတွင် ကြီးမားမွန်မြတ်စွာ ကျန်ရစ်နေမည်ဟု မိမိတို့မှ အလေးအနက်ယုံကြည်ပါသည်။

ရဲဘော်ကျော်ကို ကွယ်လွန်ခဲ့ရခြင်းသည် မကဒတ အတွက်သာမက ဒီမိုကရေစီတိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုတခုပင်ဖြစ်သည်ဟု မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ယုံကြည်ပါသည်။ 

ထို့ကြောင့် ရဲဘော်ကျော်ကို၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူရေး ဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း ရဲဘော်ကျော်ကို ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ရဲဘော်ကျော်ကို ကောင်းရာသုဂတိလားပါစေ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၁၇၊ မေလ၊ ၂၀၁၉  ခုနှစ်