ယနေ့ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဆန္ဒပြ၊ ဆူပူများအပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ သဘောထားထုတ်ပြန်ချက်

 

ရက်စွဲ။       ။ ၉ မေလ ၂၀၁၉

 

၂၀၁၉ ခုနှစ် ဧပြီလ ၁ရ ရက်နေ့တွင် နိုင်ငံတော်သမ္မတ မှ ပထမ အကြိမ်အဖြစ် အကျဉ်းသား ၉၅၃၅ဦး

အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခဲ့သော ရွှေဘိုထောင်မှ အကျဉ်းသားများ က ဧပြီလ ၂၂ ရက်နေ့ က ၎င်းတို့လွတ်မြောက်ရေး အတွက် ပထမဆုံး ဆန္ဒပြ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှု ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆန္ဒပြ အကျဉ်းသားများ နှင့် တွေ့ဆုံဖြေရှင်းပေးခဲ့ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သည်။

ထို့နောက် ဧပြီလ ၂၆ နေ့တွင် ဒုတိယအကြိမ်အဖြစ် အကျဉ်းသား၆၉၄၈ နှင့် မေလ ရ ရက် ၂၀၁၉ နေ့တွင် တတိယအကြိမ် နှင့် နောက်ဆုံးအကြိမ်အဖြစ် အကျဉ်းသား ၆၅၂ဝ အား လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့သည်။

ထိုုသို့ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ရက်ပိုင်းအတွင်းမှ စတင်၍ အကျဉ်းထောင်အသီးသီး(ကလေးမြို့ မော်လိုက်ကလေးထောင်၊ ဖားအံထောင်၊ ရွှေဘိုထောင်၊ သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ ပုသိမ်ထောင်)တွင် ဆန္ဒပြမူများ ဆက်တိုက်ဖြစ်ပွားနေပြီး အာဏာပိုင်ဖက် က အကြမ်းဖက် ဖြိုခွင်းမူကြောင့် ရွှေဘိုထောင် တထောင်တည်းတွင်ပင် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ ရသည် ဟု ကြားသိရသည်။

 ယခုကဲ့သို့ ဆန္ဒပြမူများ ဖြစ်ပွားရခြင်း နှင့် အကျဉ်းသား သေဆုံးရခြင်းများကိုလည်း ပြည်ထဲရေး အပါအဝင် အစိုးရအဖွဲ့များ မပါဝင်သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးမူများကို ပြုလုပ်နိုင်ရန် အစိုးရ မှ စီစဉ် သင့်သည်။

မိမိတို့၏ အတွေ့အကြုံများအရ လွတ်မြောက်ရေးအတွက် ဆန္ဒပြမူများ မှာ တစ်ဦးချင်း မှ ဖြစ်စေ သို့မဟုတ် အစုအဖွဲ့တဖွဲ့မှ ဖြစ်စေ ဖြစ်မူများသာ ရှိခဲ့ပြီး ထောင်တွင်းရှိ အကျဉ်းသားအများစု စုပေါင်း ပါဝင်သော၊ တစ်ထောင်ပြီး တစ်ထောင် ဆက်တိုက်ဖြစ်သော ဆန္ဒပြမူမျိုးများ မရှိဖူးပါ။ ထို့ကြောင့် ယခုလို ထောင်များ တစ်ထောင်ပြီး တစ်ထောင် ဆက်တိုက်ဖြစ်သော ဆန္ဒပြမူမျိုးသည် သမားရိုးကျ ဆန္ဒပြမူမျိုး ဟု သတ်မှတ်ရန် ခက်ခဲပေသည်။

တချို့ထောင်များမှ ဆန္ဒပြမူများ ကို လူမူမီဒီယာမှ တဆင့် တိုက်ရိုက်လွှင့်ထုတ်ခြင်းများ ကိုလည်း တွေ့ရှိရသဖြင့် လွန်စွာမှအံ့ဩမိပါသည်။ တယ်လီဖုန်း ဆိုသည် မှာ ကန့်သတ်ပစ္စည်း အမျိုးအစား တွင် ပါဝင်သဖြင့် ယခုကိစ္စမျိုးသည် အကျဉ်းထောင်ဝန်ထမ်းများပါဝင်နေသလား ဆိုသည်မှာ အဓိက မေးခွန်းဖြစ်လာပါသည်။ ထို့အပြင် အကျဉ်းသားများ တောင်းဆိုနေသော တောင်းဆိုချက်များသည် ဆင်တူဖြစ်နေသည်ကို သတိထားမိပါသည်။

ထိုသို့ အကျဉ်းထောင်များတွင် အချိန်ကိုက် ဆူပူမှုများကြောင့် ပြည်သူလူထုမှ စိုးရိမ်စိတ်များ ပိုမိုမြင့်တက်လာသလို သံသယ စိတ်များလည်း ဖြစ်ပေါ်နေသည်ကို လေ့လာရပါသည်။

ထိုသို့သောအခြေအနေများကြောင့် လတ်တလောအနေဖြင့် အောက်ပါအချက်များကို အမြန်ဆုံး ဆောင်ရွက်ပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

၁။ ဆန္ဒပြမှုဖြစ်ရသော ပြဿနာအရင်းခံကို အမြန်ဆုံးရှာဖွေရန်

၂။ အကျဉ်းသားများ လွှတ်ပေးရန်အတွက် စိစစ်ခြင်း လုပ်ငန်းစဉ်များအား အကျဉ်းသားများသို့ ရှင်းလင်း ပြောဆိုရန်

၃။ ဆန္ဒပြအကျဉ်းသားများအား အကြမ်းဖက်ဖြိုခွင်းသည့် နည်းလမ်းများဆက်လက်အသုံးမပြုဘဲ အထိအခိုက်အနည်းဆုံးနည်းလမ်းများဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် အတွက် ဆောင်ရွက်ရန်

၄။ လုံခြုံရေးတိုးမြှင့်ချထားရန်တို့ ဖြစ်သည်။

ထို့အပြင် ရေရှည်တွင်

၁။ အကျဉ်းသားများ စောင့်ကြည့်လေ့လာရေး၊ စိစစ်ရေး ကော်မတီများ ဖွဲ့စည်း၍ စောင့်ကြည့်ခြင်း စိစစ်ခြင်း ပြုလုပ်၍ လွတ်ငြိမ်းသက်သာခွင့်များစီစဉ်ဆောင်ရွက်ရန်

၂။ အကျဉ်းသားများ၏ စာရိတ္တမြှင့်တင်ခြင်း အစီအစဉ်များ လုပ်ဆောင်ရန်

၃။ အကျဉ်းထောင်အခြေအနေများကို အကန့်အသတ်ဖြင့် မီဒီယာများ၊ ပြည်သူများအား အသိပေးရန်

၄။ အကျဉ်းထောင်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေပြုလွှတ်တော်၊ နိုင်ငံတော်အစိုးရသို့ ပွင့်လင်း မြင်သာစွာ တင်ပြရန်

၅။ အကျဉ်းထောင်ဥပဒေကို အမြန်ဆုံးပြင်ဆင် အတည်ပြုရန်

၆။ စီမံခန့်ခွဲမှု နှင့် အကျဉ်းထောင်ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များ စနစ်တကျရေးဆွဲ အကောင်အထည်ဖေါ်ရန် တို့ကိုလည်း ထပ်မံတိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

ဦးဘိုကြည်            တွဲဘက်အတွင်းရေးမှူး     +၉၅(၀)၉၄၂၅၃ဝ ၈၈၄၀

ဦးအောင်မျိုးကျော်   ရန်ကုန်ရုံးတာဝန်ခံ           +၉၅(၀)၉၄၂၈၁၁ ၇၃၄၈

Statement on Prison Riot 2019 (9-5-2019)