၂၀၁၉ ခုနှစ်၊ မတ်လ၊ လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

မန္တလေး ပညာရေးကောလိပ်တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၃)ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ပညာရေးကောလိပ်နှင့် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာပညာရေးကောလိပ်တို့တွင် ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ကျောင်းသားဦးရေ ၁၇၆ဝ ဦးကျော်နှင့် ဆရာ၊ဆရာမ များ တက်ရောက်နားထောင်ခဲ့ကြ သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ  AAPP အဖွဲ့သားများနှင့် ဦးစွာ မိတ်ဆက် ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။ ထို့နောက် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦးတို့မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်

(၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေး၊အဖြေများ ပြုလုပ်ခဲ့ သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာ တတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင် အောင်ကြိုးစားစေရန်တို့ကို ရုပ်သံ ဇာတ်လမ်းတို များ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ သည်။ ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေး သူများမှ ပြန်လည် ဖြေကြားခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှမှုသင်တန်း

မတ်လအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ   စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်နှင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တို့တွင် ပို့ချပေးနိုင်ခဲ့သည်။

မတ်လ ၁၄ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့ထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၌ ပြုလုပ်ခဲ့သော ရှစ်ရက်တာ သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ   တရားမျှတမှု သင်တန်းနည်းပြ အဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၂ဝ ဦးနှင့် သင်တန်းသား သုံးဦးတို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDP)၊ နာဂစာပေအဖွဲ့၊ သွေးလှူရှင်အဖွဲ့ စသည့် အဖွဲ့အစည်းများ မှ  အဖွဲ့ဝင်များ၊ တိုင်းရင်းသား ဘာသာသင်ကြားသော ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် လိုင်းနောင်၊ ထန်ရှန်းနှင့် နာဂတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့ သော လဟယ်မြို့နယ်သည် လယ်ယာမြေသိမ်းဆည်းမှုများ၊ အဓမ္မလုပ်အားပေးစေခိုင်းမှုများအပြင် လဟယ်မြို့နယ်အနီးရှိ ကျေးရွာများတွင် နာဂ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ဆက်ကြေးတောင်းခံမှုများ၊ တပ်သားသစ် စုဆောင်းမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရ သည်။

မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ ပြုလုပ်ခဲ့သော (၁၁) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်း ပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ အဖြစ် ကိုကျော်ဦးမှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၂၄ ဦးနှင့် သင်တန်းသား ခုနှစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူများသည် ကျောင်းသူ၊ကျောင်းသားများ၊ စေတနာ့ဝန်ထမ်းများ၊ လူထု ဗဟိုပြုစီမံကိန်းအဖွဲ့ဝင်များ၊ မြစိမ်းရောင် ပရဟိတအဖွဲ့ဝင်၊ ကျေးရွာတာဝန်ခံနှင့် စိတ်ပါဝင်စားသူတို့ တက်ရောက်ခဲ့ကြ သည်။  သင်တန်းတက်ရောက်သူများသည် လီဆူ၊ ရဝမ်နှင့် ဂျိန်းဖော တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ပူတာအို မြို့နယ်တွင် ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေကြရ သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

The Wings Institution မှ သင်တန်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

The Wings Institution မှ သင်တန်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

မတ်လ ၅ ရက်နေ့မှ မတ်လ ရ ရက်နေ့အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မေမြို့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် The Wings Institution မှ သင်တန်းသား ၃၈ ဦးကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ပို့ချပေးခဲ့သည်။

တအာင်းတိုင်းရင်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

တအာင်းတိုင်းရင်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

မတ်လ ၂၅ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ လားရှိူးမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ၏ အစီအစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်စန်၊ကျောက်မဲနှင့် သီပေါမြို့နယ်များအတွင်းရှိ ကျေးရွာများမှ တအာင်းတိုင်းရင်းသား သင်တန်းသူ ခြောက်ဦး နှင့် သင်တန်းသား ၁၄ ဦးတို့ကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ပို့ချပေးခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

လူ့အခွင့်အရေးနှင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အလားအလာ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်း

 

လူ့အခွင့်အရေးနှင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအလားအလာ ဆွေးနွေးပွဲ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)တို့ ဦးဆောင်၍ လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးအလားအလာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့မှ မတ်လ ၁ဝ ရက်နေ့ထိ နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်(MNHRC)မှ အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာနမှ အငြိမ်းစား အရာထမ်းများ၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC)မှ ကိုယ်စားလှယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများ(CSOs)မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

Resident Program Director of the International Republican Institute မှ AAPP သို့ လာရောက်လေ့လာ

Resident Program Director of the International Republican Institute မှ Mr. Jeremy Liebowitz နှင့်   တွေ့ဆုံဆွေးနွေး

မတ်လ ၂၈ ရက်နေ့တွင် Resident Program Director of the International Republican Institute မှ Mr.Jeremy Liebowitz(Ph.D)သည် နိုုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းရုံး (AAPP) သိုု့ လာရောက်ခဲ့ပြီး AAPP မှ ဖွင့်လှစ်ပြသထားသည့် Memory of the Past ပြခန်းအား လေ့လာကြည့်ရှုခဲ့သည်။ ထိုု့နောက် Mr.Jeremy Liebowitz (Ph.D) အား AAPP မှ  တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နှင့်  မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုုဇော်မိုုးတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP မှ လုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းစဉ်များ၊ လက်ရှိလုုပ်ဆောင်နေ သော လုုပ်ငန်းစဉ်များ၊ မြန်မာနိုုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အထွေထွေလှုပ်ရှားမှုများ

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပါဝင် ဟောပြော

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပါဝင် ဟောပြော

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၁၅ ရက်နေ့တွင် မူဆယ်မြို့၌ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) မှ Access to Justice & End Impunity Now ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ Guest speaker အဖြစ်ပါဝင် ဟောပြောခဲ့သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၁၅ ရက်နေ့တွင် မူဆယ်မြို့၌ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) မှ Access to Justice & End Impunity Now ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ Guest speaker အဖြစ်ပါဝင် ဟောပြောခဲ့သည်။

နိုင်ငံတကာမှ မဲဆောက် AAPP သို့ လာရောက် လေ့လာ

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ှရှိ AAPP ပြခန်းကို နိုင်ငံတကာမှ လာရောက် လေ့လာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သို့ မတ်လ ၁ဝ ရက်နေ့ တွင် ဟောင်ကောင်မှ ကျောင်းသူ၊ကျောင်းသား ၁၅ ဦး၊ မတ်လ ၁၆ ရက်နေ့တွင် ကနေဒါနိုင်ငံမှ ကျောင်းသူ၊ကျောင်းသား ၁၃ ဦးတို့ လာရောက်လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ AAPP ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ နိုင်ငံရေးအကျဉ်းသားရေးရာ အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ ထို့ပြင် AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်နှင့်  မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယတာဝန်ခံ ကိုုဇော်မိုုးတို့မှ လည်း ကနေဒါနိုင်ငံမှ ကျောင်းသူ၊ကျောင်းသားများကို လက်ရှိကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ နှင့် နိုင်ငံရေး အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

ရပ်ဂေးအဆိုတော် ကိုစောဖိုးခွား AAPP ပြခန်းသို့ လာရောက် လည်ပတ်

ရပ်ဂေးအဆိုတော် ကိုစောဖိုးခွား AAPP ပြခန်းသို့ လာရောက် လည်ပတ်

မတ်လ ၂၆ ရက်နေ့တွင် ရပ်ဂေးအဆိုတော် ကိုစောဖိုးခွားသည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)သို့ လာရောက် လည်ပတ်ခဲ့သည်။ AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ပြခန်းအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ ဖြတ်သန်းမှု ပုံရိပ်များအား ရှင်းလင်း ပြသ ပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း သို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မတ်လ အတွင်းတွင် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း မှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (MHAP) မှ ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ မတ်လအတွင်းတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ မတ်လအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

မတ်လအတွင်းတွင် MHAP မှ ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးခဲ့သည်။ မတ်လအတွင်းတွင် မသန်စွမ်းသူ လေးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

မတ်လအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူကုန်ကူးခြင်း ခံရသူများ၊ အဓမ္မပြုကျင့်ခြင်းခံရသူများ၊ ဆင်းရဲမွဲတေမှုကို ခံစားနေကြရသူများစသည့် ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာ သုံးဦးသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်း ခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ မတ်လအတွင်း တွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ကိုးဦးနှင့် အမျိုးသား ခုနှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိ်တ်နိုင် အတွင်းရေးမှူး + ၉၅ (၀) ၉၄၂၈၀၂၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter for March