အေ အေပီပီမှ မတ်လအတွက် လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

မတ်လတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၁၆ ဦး ရှိခဲ့သည်။ ထို ၁၆ ဦးအနက်မှ ရခိုင်တိုင်းရင်းသား ၁၁ ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)၊(၂)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ–ကပ္ပလန်    (NSCN-K)မှ ထိပ်တန်းခေါင်းဆောင် ငါးဦးသည်  မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

မတ်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၃၁ ဦးရှိခဲ့သည်။ ထို ၃၁ ဦးအနက်မှ ငါးဦးသည်  နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ–ကပ္ပလန်(NSCN-K) မှ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြပြီး ၂၆ ဦးသည် ရခိုင်တိုင်းရင်းသားများ ဖြစ်ကြ သည်။ မတ်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူများအနက်မှ ရခိုင်တိုင်းရင်းသား ၁၃ ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရပြီးသည့်နောက် တွင် ၎င်းတို့ နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ ရရှိခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့သည်။

မတ်လတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၁၅ ဦး ရှိခဲ့သည်။ ထို ၁၅ ဦးအနက်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ ခြောက်ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ လယ်သမား နှစ်ဦးနှင့် လယ်သမားအရေးလှုပ်ရှားသူ နှစ်ဦးသည် ရာဇသတ် ကြီးပုဒ်မ ၄၄၇၊ ၄၂၇၊ လယ်သမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ၁၄၅၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးနှင့် စာရေးဆရာ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁) နှင့် ၅၀၅(ခ) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

မတ်လတွင်း စုစုပေါင်း ၂၅ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ရိုက်တာသတင်းဌာန၏ သတင်းထောက် ကိုကျော်စိုးဦး၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရှေ့နေ ဦးဇော်ဝင်းနှင့် ကချင်တက်ကြွ လှုပ်ရှားသူ မနန်ပူတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။

တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားလျှက်ရှိသော လက်နက်ကိုင် ပဋိပက္ခများ

မြန်မာနိုင်ငံတွင်း  ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသည်မှာ နှစ်ပေါင်း ၇ဝ ကျော်ကြာမြင့်ခဲ့ပြီဖြစ် သည်။ သို့သော်လည်း ထိုပဋိပက္ခများကို အဆုံးသတ်နိုင်ခြင်းမရှိသေးသည့်အတွက် တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားများသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်လာသည့်တိုင် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားများသည်  နှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့များ၏ အဓိက ဦးတည်ရာ ပစ်မှတ်သဖွယ်ဖြစ်နေကြရသည်။ မတ်လ ၂၁ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ (NCA-NS EAO) တို့မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပြီး ပူးတွဲထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်၌ လက်ရှိဖြစ်ပွား နေသော လက်နက်ကိုင် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်းကြိုးပမ်းကြရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အရင်းခံ အကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် စသည့် အချက် များ ပါဝင်သည်။ ထိုကဲ့သို့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သော ဆွေးနွေးပွဲကို ကြိုဆိုပါသည်။ သို့သော်လည်း ထိုဆွေးနွေးပွဲ မပြုလုပ်မီနှင့် ပြုလုပ်ပြီးသည့်နောက်ပိုင်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခများသည် ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ မတ်လအတွင်း တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ပို၍ ပြင်းထန်စွာ ဖြစ်ပွားလာခြင်းနှင့်အတူ အရပ်သားများကို ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ တရားစွဲဆိုမှုများ၊ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးသွားမှုများနှင့် ဒဏ်ရာရမှုများသည်လည်း မြင့်တက်လာလျှက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှလည်း အလားတူသော ချိုးဖောက်မှု များကို ကျူးလွန်လျှက်ရှိသည်။

 

ဖမ်းဆီးခံရခြင်းများ

  1. မတ်လအတွင်းတွင် တပ်မတော်မှ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဟူသော သံသယဖြင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဒေသခံ ရွာသား ၂ရ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခြင်းခံခဲ့ရသူ ၂ရ ဦးအနက်မှ မင်းပြားမြို့နယ်မှ အရပ်သား လူနာတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သေဆုံး သွားခဲ့ပြီး မြောက်ဦးမြို့နယ်မှ အရပ်သား ကိုးဦးသည်လည်း မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ် ၁၇(၁)၊(၂)ဖြင့် အမှုဖွင့်ထားခြင်းကို ခံထားရသည်။
  2. တပ်မတော်မှ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ–ကပ္ပလန်(NSCN-K) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ အဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဦးအန်းမိုင်၊ ဦးစောထင်၊ ဦးအောင်ဆိုင်းတို့ကို ဖမ်းဆီးခဲ့ကာ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့သည်။
  3. ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် ၁၁ ဦးတွင် အရပ်သား ခုနှစ်ဦးပါဝင်နေပြီး ၎င်းတို့ကို မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးရန်ရှိသည်ဟု ရက္ခိုင့် တပ်မတော် (AA)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ ပြောကြားခဲ့သည်။
  4. ရက္ခိုင့်တပ်မတော် (AA)မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချားဟော် နှင့် စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာ တို့ကို ဖမ်းဆီးထားခဲ့သည့် ငါးရက်တာကာလအတွင်း သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချားဟော်ကို ရိုက်နှက်စစ်ဆေးခဲ့သည်။
  5. ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်လီရွာ၌ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်  (SSPP/SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ နောက် ပျောက်ဆုံးသွားခဲ့သော မန်လီရွာသား ၁၂ ဦးအနက် RCSS/SSA မှ  ရွာသား ရှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး တစ်လနီးပါးအကြာတွင်မှ ပြန်လည် လွှတ်ပေးခဲ့သည်။
  6. ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KIA)မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်း ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာရှိ ကြံခင်း၌ လုပ်ကိုင်နေသော အမျိုးသား ၆ဝ ဦးနှင့် အမျိုးသမီး ၁ဝ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာတွင်မှ ပြန်လည်လွှတ်ပေးခဲ့သည်။
  7. တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA) မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသ မှ ခိုလုံလီရှော တိုင်းရင်းသား ရှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ၁၁ ရက်အကြာတွင်မှ ပြန်လည် လွှတ်ပေးခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးမှုများဖြစ်ပေါ်လျှက်ရှိသည့်ပြင် မတ်လအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ဘူးသီးတောင်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများနှင့် ရှမ်းပြည်နယ်အတွင်းရှိ နမ့်လန်းမြို့နယ်ခွဲ၊ သီပေါ၊ ကျေးသီး၊ ကျောက်မဲနှင့် နမ္မတူမြို့နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံများသည် သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ၎င်းပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ သရက်တပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော၊ မြောက်ဦးမြို့နယ်၌ တိမ်ညိုရဲစခန်းမှူး ရဲအုပ် ဦးကျော်ကျော်လှ၊ ရသေ့တောင် မြို့နယ်၌ ကူးတို့စက်လှေမောင်းသူတစ်ဦးဖြစ်သူ ကိုမောင်ချေနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဦးအောင်ကျော်ညွှန့်တို့သည် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပွားလာပြီး အရပ်သားများကို ရည်ရွယ်ချက်ရှိစွာဖြင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်း၊ သတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို စစ်ရာဇဝတ်မှုဟု သတ်မှတ်သည်။ မြန်မာနိုင်ငံတွင် အလားတူ သော ဖြစ်စဉ်များ ဖြစ်ပွားလျှက်ရှိသော်လည်း ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ ပြုလုပ်ရန်ကိုမူ ပျက်ကွက်လျှက်ရှိသည်။ ထိုသို့ပျက်ကွက်စေခြင်းမှာလည်း နိုင်ငံတကာ သဘောတူ စာချုပ်နှစ်ခုဖြစ်သည့် ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)၊  နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တို့ကို လက်မှတ်ရေးထိုးမှု မရှိခြင်းကြောင့်ဖြစ်သည်။ အရပ်သားအစိုးရလက်ထက်တွင် (၂၁) ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို သုံးကြိမ်တိုင် ကျင်းပခဲ့ခြင်း၊  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ (NCA-NS EAO)နှင့် တွေ့ဆုံ ညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်ကို စတင်နိုင်ခဲ့သော်လည်း ခိုင်မာမှုရှိသော အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်မှာမူ UNCAT နှင့်  ICCPR ကဲ့သို့သော သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးရန်လည်း မရှိမဖြစ် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ အစိုးရအား နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုံခြုံခွင့်တို့ကို ကာကွယ်မှုပေးသည်ကို ပြသသောအားဖြင့် အဆိုပါ စာချုပ်များကို လက်မှတ်ရေးထိုး ပါရန် ထပ်မံ၍ တိုက်တွန်းအပ်ပါသည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၈၊ နိုင်ငံသားနှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၊ အပိုဒ် ၃၅၃ တွင် ပြဋ္ဌာန်းထားသော “မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ” ကိုလည်း လေးစားလိုက်နာပါရန် တိုက်တွန်းပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

မတ်လအတွင်းတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ထိခိုက်လွယ်သော အနေအထားတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ကန့်သတ်ထားမှုများကိုလည်း ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ခွင့်ပြုချက် မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်း၊ မိမိတို့၏ ထင်မြင်ယူဆချက်များကို မျှဝေခြင်းနှင့် အာဏာပိုင်များကို ဆန့်ကျင် ဟောပြောခြင်း တို့ကြောင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရကို လျော့နည်း စေသည်။ မတ်လအတွင်းတွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောခဲ့သည့် ဟောပြောချက်များနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆိုခြင်းခံထားရသော အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့သည် ထောင်ဒဏ် နှစ် နှစ်ဆယ်စီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သရပါဟိုတယ်​မှ အလုပ်​ဖြုတ်​ခြင်းခံခဲ့ရသည့် အလုပ်​သမားများကို အလုပ်ပြန်လည်ခန့်ထားရန်နှင့် အလုပ်သမား အခွင့်အရေးများရရှိရန် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သူ ခြောက်ဦးဖြစ်သော ကိုနေမျိုးဝင်း၊ ကိုတင်​​ဇော်​ဝင်​း၊​     ကိုအောင်​ဆန်​းလင်​း၊ ကိုဟိန်​းသူရ​ဇော်​၊ မမာလာစိုးနှင့် မယမင်​းထွန်​းတို့သည် ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင်  တပ်မတော်မှ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူဆောင်ရွက်ခဲ့သည် စွပ်စွဲကာ အမှုဖွင့်ခဲ့သည်သာမက စာရေးဆရာမ နွယ်သာကီကိုလည်း တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားရန်ရည်ရွယ်၍ မဟုတ်မမှန် လုပ်ကြံ Live ထုတ်လွှင့်ဖော်ပြပြောဆိုခဲ့သည်ဟု စွပ်စွဲကာ အမှုဖွင့်ခဲ့သည်။

ထိုအခြင်းအရာများကို သုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ သည် အာဏာရှိသူများ၏ ထိန်းချုပ်ထားမှုများအောက်တွင် ဆက်လက် ကျရောက်နေဆဲဖြစ်သည်ကို ထင်ရှားစွာ ပြသလျှက်ရှိသည်။ အရပ်သားအစိုးရသည် အစိုးရတာဝန် ထမ်းဆောင်သည်မှာ သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်တစ်ခု ဖြစ်သည့်  အခြေခံဥပဒေက အာမခံထားသောအခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီမြှင့်တင်သွားမည် ဆိုသည်ကို ဖြည့်စွမ်းပေးနိုင်ခြင်းမရှိသေးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပြဋ္ဌာန်းပေးထားသော ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာရန်၊ အတည်ပြု လက်မှတ် ရေးထိုးရန်လည်း အလှမ်းဝေးနေဆဲဖြစ်ခြင်းတို့ကြောင့် နိုင်ငံသားများသည် ခြိမ်းခြောက်မှုများ၊ ဖိနှိပ်ထားမှုများအောက်တွင် ကျရောက်နေဆဲဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီကို လူ့အခွင့်အရေး စံချိန်၊စံနှုန်း များနှင့် တိုင်းတာလေ့ရှိသည့်အတွက် ခိုင်မာသော ဒီမိုကရေစီ အုတ်မြစ်ကို တည်ဆောက်နိုင်ရန် အခြေခံကျသော လူ့အခွင့်အရေးများကို လေးစားလိုက်နာ၍ ကျင့်သုံးရန်မှာလည်း မရှိမဖြစ် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကဲ့သို့သော အခြေခံကျသော လူ့အခွင့်အရေးများကို လေးစားလိုက်နာ၍ ကျင့်သုံးပါရန် တိုက်တွန်းအပ်ပါသည်။

လယ်ယာမြေရေးရာ ကိစ္စရပ်များ

မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ တောင်သူလယ်သမားနေ့ တစ်ဖန် ပြန်လည်၍ ကျရောက်လာခဲ့ပြီဖြစ်သော်လည်း တောင်သူလယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေအခွင့်အရေးများကို ဆုံရှုံးနေကြရဆဲဖြစ်သည်။ မြန်မာနိုင်ငံ သည် လယ်ယာမြေကဏ္ဍကို အဓိကအားထားသော နိုင်ငံ တစ်နိုင်ငံဖြစ်သည့်ပြင် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံလည်းဖြစ် သည်။ ထို့ပြင် နိုင်ငံတွင်း နေထိုင်သူ ၇ဝ ရာခိုင်းနှုန်းသည် ကျေးလက်နေ တောင်သူလယ်သမား ဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံ၏ အဓိကကျသော အခန်းကဏ္ဍတွင်ရှိသည့် လယ်ယာမြေကဏ္ဍကို တိုးတက်ဖွံ့ဖြိုး စေရန်အတွက် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်နှင့် အကာအကွယ်ပေးရန်မှာလည်း အလွန်အရေးကြီးသည်။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင်ရေး ဥပဒေ တွင် လည်း တောင်သူ လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မှု ပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ တောင်သူ လယ်သမားများသည် လယ်ယာမြေ သိမ်းဆည်းမှုများ၊ အငြင်းပွားမှုကြောင့် လယ်ယာမြေများ ဆုံးရှုံးနေကြ ရဆဲဖြစ်ခြင်း၊ သင့်တော်သော  လျော်ကြေး၊ နစ်နာကြေးများ ရရှိခြင်း မရှိခြင်းနှင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်း တို့သည် လယ်ယာမြေ ကဏ္ဍကို ထိခိုက်စေသည့် အခြင်းအရာများဖြစ်သည်။ မတ်လအတွင်းတွင် အစိုးရမှ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ သိမ်းဆည်းလယ်ယာမြေများအနက်မှ ပြန်လည်စွန့်လွှတ် ခဲ့သည့် လယ်ယာမြေတချို့ကို တောင်သူများထံ လုပ်ကိုင်ခွင့်ပြုလက်မှတ် လွှဲပြောင်းပေးအပ်ခြင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သိမ်းဆည်း လယ်ယာမြေများအနက်မှ တချို့ကို ပြန်လည် စွန့်လွှတ်ခြင်းနှင့် လျော်ကြေးငွေ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မတ်လတွင်း မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းမြေယာများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ခြင်းအတွက် လယ်ယာမြေအရေး တက်ကြွ လှုပ်ရှားသူ ကိုမျိုးဝင်းနှင့် ကိုအေးသိန်း၊ တောင်သူ ကိုမိုးနှင့် ဦးသန်းထွန်းတို့သည် ထောင်ဒဏ် တစ်လစီကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊​ အမှတ်​ ၅ တိုင်​းဗဟို​ လေ့ကျင့်ရေးတပ်​မှ ဧရာဝတီတိုင်​း​၊ ​ရွှေ​သောင်​ယံမြို့၊ ခရင်​​ချောင်​းကျေးရွာရှိ ၎င်းတို့ ပြန်​လည် ​စွန်​့လွှတ်​ထားသည့် အုန်းဥယျာဉ်ခြံမြေ​​များပေါ်၌  ခြံစည်​း ရိုးခတ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှ တောင်သူ ၁၆၉ ဦး၏ လယ်ယာမြေ ဧက ၁၆ဝဝ ကျော်သည် ဝါးစိမ်းတောင် ကြိုးပြင်ကာကွယ်တော ဧရိယာ သတ်မှတ် သည့်အတွင်း ပါဝင်သွားခဲ့သည့် အတွက် မူလ လယ်ယာမြေများ ပြန်လည် ရရှိရန်  ဆန္ဒထုတ်ဖော်ခဲ့ခြင်း စသည့် ဖြစ်စဉ်များသည် လယ်ယာမြေ ကဏ္ဍကို ထိခိုက်စေသည့် အခြင်းအရာများဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဥပဒေမဲ့ သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေး ရရှိရေး၊ စွန့်လွှတ်ပြီးမြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည် အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံ လယ်ယာခြံမြေများကို ကော်မတီအသီးသီးမှ အမြန်ဆုံး စိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရေး လုပ်ငန်းရပ်များကို နိုင်ငံတော် အစိုးရအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရမှ တောင်သူ လယ်သမားများ နစ်နာမှုမရှိစေရန်အတွက် ဖော်ဆောင်မှု ပြုပေးခြင်းအားဖြင့် လည်းကောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချမှုရှိစေရန် ကာကွယ် ဆောင်ရွက် ပေးခြင်းအားဖြင့် လည်းကောင်း လယ်ယာမြေ ကဏ္ဍနှင့် လယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးပါရန် တိုက်တွန်း အပ်ပါသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) မှ ကြိုးပမ်း  ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှလည်း သုတေသနပြုလုပ်ခဲ့သည့်ပြင် လေ့လာတွေ့ရှိချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ေ ပြောင်းလဲရေး အလားအလာ အစီရင်ခံစာနှင့် အကျဉ်းထောင်အတွင်း လူဦးရေ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အစိုးရအား လည်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ကြိမ်ဖန် များစွာ တိုက်တွန်းလျှက်ရှိသည်။ ထိုကဲ့သို့ အားထုတ်ကြိုးပမ်း လျှက်ရှိသော်လည်း အကျဉ်းထောင်စနစ်ပြုပြင် ပြောင်းလဲမှုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှောင့်နှေးဆဲ ဖြစ်သည်။ ထို့ကြောင့် အကျဉ်းထောင်တွင်း ဘက်ပေါင်းစုံမှ ဖြစ်ပွားလျှက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ များကို ဟန့်တားနိုင်ခြင်း မရှိသေး သည်ကိုလည်း တွေ့ရှိရသည်။ မတ်လအတွင်းတွင် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း အခြေအနေတချု့ိမှလည်း ထင်ရှားစွာ ပြသလျှက်ရှိသည်။ မတ်လ ၂၄ ရက်နေ့ ညအချိန်တွင် အိုးဘိုအကျဉ်းထောင်မှ အကျဉ်းထောင်ဝန်ထမ်း ၂ဝ ကျော်ခန့်မှ ရတနာပုံတက္ကသိုလ်၏ ကျောင်းလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည့် အတွက်  အကျဉ်းကျခြင်း ခံထားရသော ကျောင်းသား လေးဦးကို တုတ်ဖြင့် ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်း၊ ဦးခေါင်းကို နံရံဖြင့်တိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ကျောင်းသားများ ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းမှ ညအချိန်တွင် သီချင်းသီဆိုနေသည့်အတွက် ကျောင်းသားများ ကို ခေါ်ယူဆုံးမခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြင်းမရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ အကျဉ်းထောင်တချို့တွင် အကျဉ်းထောင် ဝန်ထမ်းများမှ အကျဉ်းသားများအား အပြစ်ပေးသည့်အနေဖြင့် ရိုက်နှက်ခြင်း၊ အကျဉ်းသား အချင်းချင်း အုပ်ချုပ် ခိုင်းသည့်စနစ် ဆက်လက်ရှိနေဆဲဖြစ်ခြင်းကြောင့် မလိုလားအပ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ် လာခြင်းသည် အာဏာရှင်စနစ်၏ လက်ကျန် အမွေဆိုးများဖြစ်သည်။ ထို့ပြင် အကျဉ်းထောင်တွင်း လူဦးရေ ပြည့်ကျပ် နေခြင်းကို ထိန်းချုပ်ရန် နည်းလမ်း များရှိသော်လည်း လုပ်ဆောင်နိုင်ခြင်း မရှိသေးသည်မှာလည်း အကျဉ်းသားများ အတွက် ထိခိုက်မှုများစွာကို ဖြစ်ပေါ်စေသည်။ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေမှ မန္တလေး ဗဟိုအကျဉ်းထောင်တွင် ရှိသင့်သည့် အကျဉ်းသား ပမာဏထက် သုံးဆခန့်ရှိနေသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ဝန်ထမ်းတစ်ဦးလျှင် အကျဉ်းသား ၂၆ ဦးကို ကြည့်ရှုနေရပြီး ဝန်ထမ်းတစ်ဦးလျှင် အကျဉ်းသား ၁၂ ဦးကို ကြည့်ရှုရမည်ဟုသာ သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကျဉ်းထောင်တွင်း ဆေးဝန်ထမ်းဦးရေ လုံလောက်မှု မရှိသည်ကိုလည်း ပြောကြားခဲ့သည်။ မန္တလေး ဗဟို အကျဉ်းထောင်တွင်သာမက မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အတော်များများတွင် လူဦးရေ ပြည့်သိပ်လျှက်ရှိသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက် မတ်လအတွင်းတွင် လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အလားအလာ အလုပ်ရုံ ဆွေးနွေးပွဲကို  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်(MNHRC)နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)တို့မှ  ဦးဆောင် ကျင်းပခဲ့သည်။ အကျဉ်းထောင်များတွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသား ဦးရေထက် နှစ်ဆကျော်မြင့်မားနေမှု၊ မတရား အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ် လျှော့ပေ့ါခြင်း၊ လွတ်ငြိမ်းသက်သာခွင့်များ ရရှိရေး၊ အချို့ထောင်များ၌ မူးယစ်ဆေးဝါးကြောင့် အကျဉ်းကျခံနေရသူများမှာ ၈ဝ ရာခိုင်နှုန်းခန့် ရှိနေခြင်းတို့ကြောင့် ယင်းအချက်များကို ပြင်ဆင်ရေးနှင့် အကျဉ်းထောင်ဥပဒေသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းစသည့် အချက်များကို ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတထံတင်ပြမည် ဖြစ်သည်။ ထိုကဲ့သို့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် အဘက်ဘက်မှ အားထုတ် ကြိုးပမ်းလျှက်ရှိချိန်တွင် အစိုးရမှလည်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို နှေးနှေးမှု မရှိဘဲ အမြန်ဆုံး အကောင်အထည် ဖော်ဆောက်ရွက်ပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ တိုက်တွန်းအပ်ပါသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် Burmese Month in Review for March

လစဉ်သတင်းစုစည်းမှု ဒေါင်းလော့ရယူရန် Burmese Chronology for March

လက်ကျန်နို်င်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 45 Remaining PP list Updated On March 31, 2019 Burmese

အမှုရင်ဆိုင်နေရဆဲစာရင်းဒေါင်းလော့ရယူရန် 319 facing trial list updated on March 31, 2019

၆၆ (ဃ) ဖြင့်အမှုရင်ဆိုင်နေသူများစာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated