အေအေပီပီမှဖေဖော်ဝါရီလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၈၃ ဦးသည် အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၈၃ ဦးအနက်မှ ရခိုင်တိုင်းရင်းသား ၁၄ ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇(၁)၊(၂)၊ ကရင်နီတက်ကြွလှုပ်ရှားသူများ အပါအဝင် တက်ကြွလှုပ်ရှားသူ ၆၈ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉၊ ၂၀၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၄၄ ဦးရှိခဲ့သည်။ ထို ၄၄ ဦးအနက်မှ  ရခိုင်တိုင်းရင်းသား ၂ရ ဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ၁၇(၁)၊(၂)၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်ပြင် အရပ်သား ၁၆ ဦးသည်လည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၇၁ ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၇၁ ဦးအနက်မှ လေးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ရတနာပုံကျောင်းသား ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၃၅၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တောင်သူ သုံးဦး၊ ကချင်တက်ကြွလှုပ်ရှားသူ တစ်ဦး၊ တနင်္သာရီဂျာနယ် အယ်ဒီတာချုပ် တစ်ဦးတို့သည် ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည့်ပြင် ကရင်နီတက်ကြွလှုပ်ရှားသူ ၅၅ ဦးတို့ကို စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၇၄ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုကျော်စိုးဦး၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရှေ့နေ ဦးဇော်ဝင်းနှင့် ကချင်တက်ကြွလှုပ်ရှားသူ မနန်ပူတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် နိုင်ငံသားများ၏ အခြေခံကျသော အခွင့်အရေးတစ်ခုဖြစ်သည်။ သို့သော်လည်း အရပ်သားအစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ပို၍ ဆိုးရွားလာပြီး ထိုအခွင့်အရေးကို ကျင့်သုံးခဲ့သော နိုင်ငံသားများသည် ပို၍ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ နိုင်ငံတကာ သဘောတူ စာချုပ်တစ်ခုဖြစ်သည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တို့တွင် လူတိုင်း လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည် ဟု ပြဋ္ဌာန်းထားသည်သာမက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ  အပိုဒ် ၃၅၄(က)တွင်လည်း ထိုအခွင့်အရေးကို ကာကွယ်မှုပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ဆက်လက် ကျဆင်းဆဲဖြစ်သည်ကို ဖေဖော်ဝါရီလအတွင်း တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ အလုပ်သမား များနှင့် အရပ်သားများ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရခြင်း ဖြစ်စဉ်များမှ ထင်ရှားစွာ ပြသလျှက်ရှိသည်။

 

  1. မြစ်ဆုံရေကာတာစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးရန် ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်ဂျာခေါန်သည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂ဝ ဖြင့် ဒဏ်ငွေ တစ်သောင်းပေးဆောင်စေရန် အမိန့်ချမှတ်ခံခဲ့ရခြင်း
  2. ကျောင်းလုံခြုံရေးနှင့် ကျောင်းတွင်းသန့်ရှင်းရေးကို တိုးမြှင့်ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ရတနာပုံ တက္ကသိုလ်ကျောင်းသား ခုနှစ်ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၄၃၅၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် သုံးလစီ ချမှတ်ခံခဲ့ရခြင်း
  3. ကျူးကျော်ကိစ္စနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ရပ်ကျေးအဆင့်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှစ်ဦးနှင့် ဒေသခံ နှစ်ဦးတို့သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခံခဲ့ရခြင်း
  4. အလုပ်သမားအခွင့်အရေးများရရှိရန် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ ရှစ်ဦး သည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  5. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းအတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု ကော်မတီ (MDCF) အဖွဲ့ဝင် ကိုကျော်ဇင်လတ်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  6. ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်ရဲတပ်ဖွဲ့မှ လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်လျှက်ရှိသော ကရင်နီတက်ကြွလှုပ်ရှားသူများကို အင်အားသုံး ဖြိုခွင်းခဲ့ခြင်း၊ ရော်ဘာကျည်ဖြင့် ပစ်ခတ်ပြီး မီးသတ်ပိုက်အသုံးပြု၍ လူစုခွဲခဲ့သောကြောင့် လူငယ် ၂၁ ဦးခန့် ဒဏ်ရာရရှိခဲ့ခြင်းတို့အပြင် ဦးဆောင်ဆန္ဒထုတ်ဖော်သူ ၄၅ ဦးကို ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း (သို့သော်လည်း ကယားပြည်နယ်အစိုးရနှင့် ဦးဆောင်ဆန္ဒထုတ်ဖော်သူများ၏ သဘောတူညီချက်အရ ကယားပြည်နယ်အစိုးရမှ ကရင်နီ တက်ကြွလှုပ်ရှားသူ ၅၅ ဦးအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းပေးခဲ့သည်)
  7. ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုအား ထောက်ခံကြောင်းနှင့် ဆန္ဒပြသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်မှုအား ကန့်ကွက်ကြောင်း ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်း အတွက် တက်ကြွလှုပ်ရှားသူ ကိုးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  8. ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ထောက်ခံ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် လောပိတကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်အပါအဝင် ငါးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့် ခံခဲ့ရခြင်း

ထိုဖမ်းဆီးမှုများ၊ တရားစွဲဆိုမှုများနှင့် ပြစ်ဒဏ်ချမှတ်မှုများသည် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ပို၍ နှောင့်နှေးစေပါသည်။ ထို့ပြင် တိုင်းရင်းသားများ၏ လိုလားချက်များကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်လျှက်ရှိခြင်း ကြောင့်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ပို၍ ဆုတ်ယုတ်စေသည်။  အထက်ပါဖြစ်စဉ်များကို သုံးသပ်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်သို့ ရောက်ရှိနေသည်ကို ဖော်ဆောင်ပြသလျှက်ရှိသည်။ အခြေခံကျသော အခွင့်အရေးတစ်ရပ်ကို ကာကွယ်ရန် ပျက်ကွက်လျှင် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်လည်း ပျက်ကွက်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မှုပေးသည်ကို  ပြသသောအားဖြင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံနေကြရသူများအားလုံးကို အမြန်ဆုံး လွှတ်ပေးခြင်းဖြင့်လည်းကောင်း၊ ဖိနှိပ်ထားသော ဥပဒေများဖြစ်သည့် ငြိမ်း၊စု၊စီဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) စသည့် ဥပဒေများကို လက်နက်သဖွယ် အသုံးပြုခြင်းအား အဆုံးသတ်စေရန် ထိုဥပဒေများကို အမြန်ဆုံး ပြင်ဆင်၊ ဖြည့်စွက် သို့မဟုတ် ရုပ်သိမ်းခြင်းဖြင့်လည်းကောင်း နိုင်ငံသားများ၏ အခွင့်အရေးများကို ဖော်ဆောင်မှု ပေးပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေကျဆင်းလာခြင်းနှင့်အတူ သတင်းလွတ်လပ်ခွင့် အခြေအနေသည်လည်း ဆက်လက် ကျဆင်းလျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တရားရုံးမှ တနင်္သာရီဂျာနယ်အယ်ဒီတာချုပ် ဦးမျိုးအောင်ကို မဲဆွယ်အပြုံးသရော်စာကို ဖော်ပြခဲ့ခြင်း အတွက် သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် ဒဏ်ငွေ ငါးသိန်းကျပ်ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ အာဏာပိုင်များကို ဝေဖန်ရေးသားမှုများ၊ သရော်စာများ ရေးသားဖော်ပြမှုများကို ရပ်တန့်သွားစေရန် သတင်းသမား များကို ကန့်သတ်ဖိနှိပ်ခြင်းသည် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာကဏ္ဍကို ဆုတ်ယုတ်စေသည်။ ထို့ပြင် လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်ကို ဟန့်တားခြင်းဖြစ်ပြီး သတင်းရေးသားဖော်ပြခြင်းမပြုလုပ်မီ သတင်းသမားများကို ကိုယ်တိုင် စိစစ်တည်းဖြတ်ရန် သတိပေးသကဲ့သို့ ဖြစ်စေသည်။ အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူဖော်ပြခွင့်အား ဖော်ဆောင် ပေးမည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရမှ ၎င်းတို့၏ ရွေးကောက်ပွဲကတိကဝတ်များနှင့်အညီ အမှီအခိုကင်း၍ လွတ်လပ်သော သတင်းမီဒီယာကဏ္ဍ ဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် တိုးတက်မှုအနေဖြင့် ဗဟိုအဆင့်ရှိသော အကျဉ်းထောင် လေးခုတွင်  HIV နှင့် အသည်းရောင် အသားဝါ(TB) တို့ ပူးတွဲဖြစ်ပွားနေသော အကျဉ်းသား လူနာများကို ယခုနှစ်အတွင်းတွင် ပထမဆုံး အနေဖြင့် စတင်ကုသပေးသွားမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းထောင်များတွင် အကျဉ်းသားများ ဝင်ဆံ့မှု ပမာဏထက် ကျော်လွန်နေ၍ အကျဉ်းသား၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန် အိပ်ဆောင်သစ်များ၊ နှစ်ထပ်အိပ်ဆောင်များ၊ အကျဉ်းထောင်နှင့် အချုပ်ထောင်အသစ်များကို ထပ်မံဆောက်လုပ်လျှက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုုလ်ချုပ်အောင်သူမှ ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။ ထိုကဲ့သို့ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ် အနေဖြင့် လုပ်ဆောင်လာခြင်းကို ကြိုဆိုပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှလည်း အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် အစိုးရအား စဉ်ဆက်မပြတ် တိုက်တွန်းလျှက်ရှိသည်။ ထို့ပြင် အမှီအခိုကင်း၍ လွတ်လပ်သော အကျဉ်းထောင်စနစ်ကို တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ရေးရပြီးနောက် ရှိခဲ့ဖူးသည့် တရားရေးဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်း၍ တရားရေးဝန်ကြီးဌာနလက်အောက်တွင် အကျဉ်းထောင်များ ကို ထားရှိပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးတွင် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိရန်မှာလည်း တစ်ကဏ္ဍအားဖြင့် ပါဝင်သည်။ အကျဉ်းထောင်များတွင်း အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်းကြောင့် အကျဉ်းသား များ၏ ကျန်းမာရေးကို ထိခိုက်စေသည့်ပြင် ကျန်းမာရေးစောင့်ရှောက်မှု လျော့နည်းနေခြင်းကလည်း ၎င်းတို့၏ ကျန်းမာရေးကို ပို၍ ဆိုးရွားစေသည်။ အကျဉ်းကျခြင်းခံထားရသော ထင်ရှားသော နိုင်ငံရေးအကျဉ်းသား လေးဦး ဖြစ်သည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ရိုက်တာ သတင်းဌာနမှ သတင်းထောက် ကိုကျော်စိုးဦး၊ ကချင်တက်ကြွလှုပ်ရှားသူ မနန်ပူနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်မှုမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် အစိုးရမှ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများ၊ သဘောတူစာချုပ်များနှင့်အညီ ထိုနိုင်ငံရေး အကျဉ်းသား လေးဦးအပါအဝင် အကျဉ်းသားများအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ကို အပြည့်အဝ ဖော်ဆောင်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက် ပြင်းထန် လျှက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများသည် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

 

ရခိုင်ပြည်နယ်

၁။ ရက္ခိုင့်တပ်မတော်(AA)နှင့် တပ်မတော်တို့ကြား ဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ချင်းလက်ဝကျေးရွာမှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော ရခိုင် တိုင်းရင်းသား ၂၆ ဦးအနက်မှ ၁၃ ဦးသည် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁ရ (၁)၊(၂) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း

 ၂။ ရဲတပ်ဖွဲ့၏ လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်း ရိုက်ကူး၍ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ခြင်း အတွက် ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သား ကိုဇော်ဝင်းနိုင်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း

၃။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းမှ မင်းဖူးကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့သည့်အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး ရွာသား နှစ်ဦးသည် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်း (သေဆုံးခဲ့သည့် မရီရီစိုးအတွက် ကျေးရွာ အတွင်းရာက်ရှိ နေသည့် တပ်မတော် အရာရှိတစ်ဦးမှ ငွေတစ်သိန်းသုံးသောင်းကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် မိသားစုများကို ပေးအပ်ခဲ့သည်ဟု သိရှိရသည်)

၄။ မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ရွာသားများမှ မီးလောင်ကျွမ်းထားသော အနည်းဆုံး အလောင်း သုံးလောင်းကို ရှာဖွေ တွေ့ရှိခဲ့ခြင်း

၅။ မြောက်ဦးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လပတ် အစည်းအဝေးပြုလုပ်နေချိန်၌ ရဲတပ်ဖွဲ့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး လေးဦးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း

၆။ ကျောက်ေတော်မြို့မရဲစခန်းမှ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ မဟာနွယ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်နှင့် ၎င်း၏ ညီဝမ်းကွဲ၊ မဟာမြတ်မုနိဘုရားပေါ်တွင် ဈေးရောင်းနေသည့် ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း

၇။ တပ်မတော် တပ်မ ၂၂ မှ မြောက်ဦးမြို့နယ်၊ ငကျားချေကျေးရွာအုပ်စု၊ နီပူခံကျေးရွာမှ မြိုတိုင်းရင်းသား ခုနှစ်ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ခြင်း

၈။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အထက်တန်းကျောင်းတွင် ဆယ်တန်းဖြေဆိုမည့် အသက် ၁ရ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဇော်နိုင်ဌေးအား တပ်မတော် လက်နက်ကိုင်တပ်ရင်းတစ်ရင်းမှ ဖမ်းဆီး၍ ပြန်လွှတ်ပေးပြီးနောက် ကြောက်လန့်၍ စိတ်မှုမမှန်ဖြစ်နေခြင်းကြောင့် ဆေးကုသမှု ခံယူနေရခြင်း (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ မောင်ဇော်နိုင်နိုင်ဌေး ဖမ်းဆီး ရိုက်နှက်ခံရမှုသည် ရက္ခိုင့်တပ်မတော်(AA) အဖွဲ့၏ လက်ချက်ဟု ပြောကြားခဲ့သည်)

၉။ ရက္ခိုင့်တပ်မတော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဖုန်းလောင်းဒေသမှ သံထောင်ကျေးရွာအုပ်ချုပ်ရေး ဦးချားဟော်နှင့် စခန်းမှူး ရဲအုပ် ဆလိုင်းဘီးဗာတို့သည် ဖေဖော်ဝါရီလ ၂ရ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ AA တပ်ဖွဲ့မှ သံထောင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးချားဟော်ကို ရဲစခန်းရှေ့သို့ ခေါ်ဆောင်သွားပြီးနောက် စခန်းမှူးရဲအုပ် ဆလိုင်းဘီးဗာကို စခန်းအပြင်သို့ ခေါ်ထုတ်ကာ လက်နက်ခဲယမ်းများကို တောင်းခံခဲ့ကြောင်း၊ စခန်းမှူးမှ လက်နက်များကို မပေးသည့်အတွက် အုပ်ချုပ်ရေးမှူးနှင့်အတူ စခန်းမှူးကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာသားများမှ ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း

၁။ နာဂကိုယ်ပိုင်အုုပ်ချုပ်ခွင့်ရဒေသ၌ တပ်မတော်မှ လေးရက်ကြာစစ်ဆင်ရေးပြုလုပ်ချိန်အတွင်း နာဂပြည် ခပလန်အမျိုးသား ဆိုုရှယ်လစ်ကောင်စီ၏ အဖွဲ့ဝင်ဟု သံသယရှိသော ရွာသားခြောက်ဦးကို ဖမ်းဆီးခဲ့ခြင်း

ရှမ်းပြည်နယ်

၁။ ကွတ်ခိုင်မြို့နယ်မှ အသက် ၁ရ နှစ်အရွယ်ရှိ မိုင်းအိုက်ဆုတ်သည် တအာင်း (ပလောင်) တို့၏ ရိုးရာဓလေ့ ဖြစ်သော ထင်းဖြူ မီးရှို့ပွဲမှအပြန် လမ်းတွင် ကျီကုန်း-ကလေးဝ အခြေစိုက် စကခ(၁၀) လက်အောက်ခံ၊ ခမရ (၃၆၁)နှင့် ထိပ်တိုက်တွေ့ဆုံသောကြောင့် ထိတ်လန့်၍ ထွက်ပြေးရာမှ ပစ်သတ်ခံခဲ့ရခြင်း (တပ်မတော်မှ သေဆုံးသူကလေး၏ အသက် နစ်နာဆုံးရှုံးမှုအတွက် သိန်း (၂၀) ကျပ် တိတိကို ထောက်ပံ့ငွေအဖြစ် ပံ့ပိုးပေးခဲ့ပြီး ကလေး၏မိဘနှင့် ရပ်မိ၊ရပ်ဖများကို တောင်းပန်ခဲ့သည်)

စစ်ရေးပဋိပက္ခများ ပို၍ ကျယ်ပြန့်လာသည်နှင့်အမျှ လူသားချင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများသည် ပို၍ မြင့်တက် လာလျှက်ရှိသည်။ ထိုပဋိပက္ခများအတွင်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် ဖမ်းဆီးမှု များ၊ ပျောက်ဆုံးသွားမှုများ၊ သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ တရားစွဲဆိုမှုများနှင့် ပြစ်ဒဏ်ချမှတ်မှုများသည် အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်ပေါ်နေပြီး ထိုအခြင်းအရာကို ဟန့်တားနိုင်ရန် သို့မဟုတ် ရပ်တန့်နိုင်ရန်  ဆောင်ရွက် နိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းမှ ဆက်လက် ကင်းလွတ်ခွင့်ရစေပြီး ထိခိုက် နစ်နာသူများအတွက် တရားမျှတမှုကို ရှာဖွေရန်မှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်ကို ဖော်ဆောင် ပြသနေသည်။ ရောမဥပဒေ (Rome Statue) ပုဒ်မ ရ နှင့် ပုဒ်မ ၈ တို့တွင် လူသားချင်း စာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဖော်ပြထားသည်။ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူ စာချုပ်(UNCAT)၊  နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (ICCPR) တို့တွင် နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်မှုပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အဆိုပါစာချုပ်များကို လက်မှတ် ရေးထိုး အတည်ပြုရန် ပျက်ကွက်ဆဲဖြစ်ခြင်းသည် ၎င်း၏ နိုင်ငံသားများကို ထိရောက်စွာ ကာကွယ်မှုပေးရန် ပျက်ကွက်ဆဲဖြစ်သည်ကို ပြသနေသည်။ ထို့ကြောင့် အစိုးရမှ နိုင်ငံသားများ၏ အခွင့်အရေးများကို လေးစားလိုက်နာ၍ ၎င်း၏ နိုင်ငံသားများကို ကာကွယ်မှုပေးသည်ကို ပြသသောအားဖြင့် အဆိုပါ စာချုပ်များကို လက်မှတ်ရေးထိုး အတည်ပြုခြင်း၊ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းဖြင့် ဖော်ဆောင်ပြသပါရန် တိုက်တွန်း ပါသည်။

၂၀၁ရ ခုနှစ်၊ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သော်လည်း လယ်ယာမြေ သိမ်းဆည်းမှုများ၊ အငြင်းပွားမှုများကြောင့် လယ်သမားများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးဆဲဖြစ်ပြီး ထိခိုက်နစ်နာမှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဝင်းတွင်းမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် လယ်သမား များ၊ ဒေသခံများသည် ၎င်းတို့၏ သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် သို့မဟုတ် သင့်လျော်သည့် လျော်ကြေးငွေများကို ပေးအပ်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးကျေးရွာမှ ဒေသခံ တောင်သူ သုံးဦးသည်လည်း မတရားတားဆီးကာကွယ်မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၄၁ ဖြင့် ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် လယ်ယာမြေ သိမ်းဆည်းမှုများ၊ အငြင်းပွားမှုများစသည့် လယ်ယာမြေရေးရာကိစ္စရပ်များကို နှောင့်နှေးမှုမရှိဘဲ ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

ဖေဖော်ဝါရီလအတွင်းတွင် ဥပဒေပြုရေးနှင့် မူဝါဒရေးဆိုင်ရာ တိုးတက်မှုအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းရန် မဲဆွဲဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ရုံးမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်းကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကြိုဆိုပြီး ထိုဥပဒေများသည် နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ကာကွယ်မှုပေးနိုင်သည့် ဥပဒေများဖြစ်ရန်လည်း တိုက်တွန်းအပ်ပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၆၆(၀)၈၁၂၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

ဖေဖော်ဝါရီလအတွင်းသတင်းသုံးသပ်ချက်များဒေါင်းလော့ရယူရန် Burmese MiR Template for February

တလအတွင်းသတင်းစုစည်းမှုဒေါင်းလော့ရယူရန် Burmese Chronology Template for February(Update)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 43 Remaining PP list Updated On Feb 28, 2019 Burmese

အမှုရင်ဆိုင်နေဆဲစာရင်းဒေါင်းလော့ရယူရန် 311 facing trial list updated on February 28, 2019

၆၆(ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated