အေအေပီပီမှ ဇန်နဝါရီလအတွက် လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ကျဉ်းစာရင်း ထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဇန်နဝါရီလအတွင်း စုစုပေါင်း ၁၄ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၄ ဦးအနက်မှ ရခိုင်ပြည်နယ်၊        ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သား စုစုပေါင်း ရှစ်ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇(၁)၊(၂)၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊(ခ)၊ ရခိုင်ပြည်နယ်မှ လူငယ် လေးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အရပ်သားတစ်ဦးသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဇန်နဝါရီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၂ ဦးရှိခဲ့သည်။ ထို ၁၂ ဦးအနက်မှ  ရတနာပုံတက္ကသိုလ်ကျောင်းသား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မများ ဖြစ်သည့် ၁၁၄၊ ၃၅၃၊ ၄၃၅၊ ၅၀၅(ခ)၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သား စုစုပေါင်း ငါးဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ၁၇(၁)၊(၂)၊  ရခိုင်ပြည်နယ်မှ လူငယ် သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဇန်နဝါရီလအတွင်း စုစုပေါင်း ၂၆ ဦး ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထို ၂၆ ဦးအနက်မှ တောင်သူ ၁၆ ဦးသည် အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီးပုဒ်မ ၄၂ရ ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည့်ပြင် တောင်သူ ရှစ်ဦးသည် အမှုမှ တရားသေလွှတ်ရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

ဇန်နဝါရီလအတွင်း စုစုပေါင်း ၁၄ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း၊ ကိုမင်းဆိုင်းနှင့် ကချင်တက်ကြွလှုပ်ရှားသူ မနန်ပူတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

ပဋိပက္ခများ၏အကျိုးဆက်ကြောင့် ဇန်နဝါရီလအတွင်း၌ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများသည် ပို၍ ဆိုးရွားလာလျှက်ရှိသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများအတွင်း ဒေသခံ ဌာနေတိုင်းရင်းသားများသည် ဓားစာခံများသဖွယ် ဖြစ်နေကြရပြီး ထိခိုက်နစ်နာမှုများစွာကို ရင်ဆိုင်နေကြရသည်။ ဇန်နဝါရီလအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများ ပို၍ ပြင်းထန်လာခြင်းနှင့်အတူ ဒေသခံ ရခိုင်တိုင်းရင်းသားများသည် ဖမ်းဆီး၊တရားစွဲဆို၊ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ နေကြရသည်။ ၎င်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုပါ ဖမ်းဆီးတရားစွဲဆိုမှုများရှိလာခြင်းကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှုများ ရှိလာခြင်းသည်လည်း အခြေခံကျသော အုပ်ချုပ်ရေးကဏ္ဍကို စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။ ထိုအခြင်းအရာများကို အောက်ပါဖြစ်စဉ်များမှ ထင်ရှားစွာ ဖော်ထုတ်ပြသလျှက်ရှိသည်။

ဘူးသီးတောင်မြို့နယ်

  • တပ်မတော်မှ စည်တောင်ကျေးရွာသား ၁၁ ဦးကိုု လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု သတင်း မီဒီယာတချို့အား ဖြေကြားခဲ့သော စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်သည်  နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ဇန်နဝါရီလ ၁၃ ရက်နေ့တွင်  သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် သရက်ပြင် ကျေးရွာသား ဦးမောင်ကျော်ဝင်းတို့သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရက္ခိုင့်တပ်မတော်(AA)အတွက် ဆက်ကြေး ကောက်ခံပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ၁ရ (၁)၊(၂) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကားလမ်းမအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့်ဆက်နွယ်သည်ဟုစွပ်စွဲကာ သရက်ပြင် ကျေးရွာသား မောင်ဌေးအောင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ၊ ပုဒ်မ ၁၇(၁)(၂) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် သရက်ပြင်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၏ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်ထွန်းစိန်သည် စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီးနောက် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း

ရသေ့တာင်မြို့နယ်

  • ဇန်နဝါရီလ ၁၄ ရက်နေ့တွင်  ကြိမ်သာကျေးရွာမှ အသက် ၆ဝ နှစ် အရွက်ရှိ ဦးစိန်သာကျော်နှင့် အသက် ၅၆ နှစ်အရွယ်ရှိ ဦးစိန်ဦးတို့သည် လယ်တဲသို့ ကွျဲ၊နွားများအား လွှတ်ရန် သွားရောက်စဉ် တပ်မတော် စစ်ကြောင်းနှင့် တွေ့ရှိသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ရက္ခိုင့်တပ်မတော်(AA) ဆက်နွယ်သည်ဟု စွပ်စွဲခြင်းခံရကာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရေကောင်းချောင်းကျေးရွာအုုပ်ချုပ်ရေးမှူးနှင့် တိုုင်းရင်းဆေးဆရာတို့သည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုုဒ်မ ၁၇(၁)၊(၂)ဖြင့် ရသေ့တောင်မြို့နယ်တရားရုံး၌ အမှုစွဲတင် ခံခဲ့ရခြင်း
  • ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လက်နက်များ ကိုင်ဆောင်ထားသည့် တပ်မတော်သားများသည် သမီးလှ ကျေးရွာ အတွင်းသိုု့ ဝင်ရောက်ခဲ့ကြပြီး ရွာအတွင်းရှိ အမျိုးသား သုံးဦးကို ရက္ခိုင့်တပ်မတော်(AA) နှင့်ပတ်သက်ဆက်နွယ်မှု ရှိ၊မရှိ ရိုက်နှက်စစ်ဆေးခဲ့ခြင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အုန်းချောင်း ကျေးရွာသား သုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ခြင်း
  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ဝ ခန့်သည် ရက္ခိုင့်တပ်မတော်(AA)နှင့် ဆက်စပ်မှုရှိသည်ဟူသော မှားယွင်းသော စွပ်စွဲချက်များကို ကြောက်လန့်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနသို့ နုတ်ထွက်လွှာများကို တင်သွင်းခဲ့ကြခြင်း

ထိုကဲ့သို့ ဖမ်းဆီးမှုများ၊တရားစွဲဆိုမှုများနှင့် ညဉ်းပန်းနှိပ်စက်မှုများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တစ်စတစ်စ ဆုတ်ယုတ်လာခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်မှုပေးနိုင်သည့် နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး အတည်ပြုရန် အစိုးရမှ ပျက်ကွက်နေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အာဏာရှိသူများ၊ လက်နက်ကိုင်အင်အားစုများ ကျူးလွန်လေ့ ရှိသည့် ချိုးဖောက်မှုများသည် အစဉ်အလာတစ်ခုကဲ့သို့ဖြစ်ပေါ်နေသည့်ပြင် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရစေခြင်း မှာလည်း ဆက်လက် ကျူးလွန်ခွင့်ပေးသကဲ့သို့ဖြစ်စေသည်။ ထိုအခြင်းအရာများကို အစိုးရမှ ပြန်လည် သုံးသပ်၍ ထိရောက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည့်အပြင်  ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရစေခြင်းကိုလည်း အဆုံးသတ်ရမည်ဖြစ်သည်။ ၎င်းပြင် ဖိနှိပ်ထားသော ဥပဒေတစ်ခုဖြစ်နေသည့် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေကို အမြန်ဆုံး ရုတ်သိမ်းရမည်ဖြစ်ပြီး ထိခိုက်နစ်နာခဲ့ရသူများအတွက် ပြန်လည်ကုစားပေးရေးအစီအစဉ် များကို ပြုလုပ်နိုင်ရန် နစ်နာသူများအတွက် ပြန်လည်ကုစားခြင်းဥပဒေ(Reparation Law)နှင့် နစ်နာသူများအတွက် ဥပဒေ(Victim Law)တို့ကို အတည်ပြုပြဋ္ဌာန်းပေးရမည်ဖြစ်သည်။ အရပ်သားအစိုးရမှ အမျိုးသားပြန်လည် သင့်မြတ်ရေးရရှိရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့်အတွက် အခွင့်အရေး များ ဆုံးရှုံးဆဲဖြစ်ပြီး လွတ်လပ်ခွင့်များ ဖြတ်တောက်ခြင်းခံထားရသော  ဌာနေတိုင်းရင်းသားများကို ကာကွယ်မှုများ ပေးရမည်ဖြစ်သည့်ပြင် ၎င်းတို့၏ အခွင့်အရေးနှင့် တည်းတူညီမျှရေးကိုလည်း အလေးပေးဖော်ဆောင်ပေးရမည်ဖြစ် သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်မှုများ၊ အဓမ္မတပ်သားသစ်စုဆောင်းမှုများနှင့် ဆက်ကြေး တောင်းခံမှုများသည် ဒေသခံတိုင်းရင်းသားများအတွက် ရှောင်လွှဲ၍မရသော အခြင်းအရာများဖြစ်သည်။ ဇန်နဝါရီလ အတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံ မြို့နယ်ရှိ ဒေသခံ ရွာသား ၂ရ ဦးကိုု အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း၊ တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA) မှ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံရွာသား ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ငွေကျပ် သိန်း ၃ဝ ဖြင့် ပြန်လည်ရွေးခိုုင်းခဲ့ခြင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်နေထိုင်သော အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်ပြုံးပြုံးဌေးသည် အမည်မသိလက်နက်ကိုင်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံထားရခြင်း၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနုသည် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံထားရခြင်းစသည့် ဖြစ်ရပ်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ချိုးဖောက်မှုများသည် ဒေသခံတိုင်းရင်းသားများအဖို့ ခြိမ်းခြောက်မှုများကို ဖြစ်စေ သည်။ သို့ဖြစ်၍ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးကို ဦးတည်နိုင်ရန်အတွက် ထိုချိုးဖောက်မှုများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဆုံးသတ်ရမည်ဖြစ်ပြီး အစိုးရမှလည်း အားလုံးပါဝင်နိုင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်မြောက်စေရန်အတွက် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်လျှက်ရှိသည့် ကဏ္ဍများတွင် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေးသည်လည်း ကဏ္ဍတစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှလည်း အစိုးရအား အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံးပြုလုပ်ရန် ကြိမ်ဖန်များစွာ တိုက်တွန်း လျှက်ရှိသည်။ ယင်းပြင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် AAPP မှ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးအလားအလာ အစီရင်ခံစာကို ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်ပြင် ၂၀၁၈ ခုနှစ်တွင်လည်း အကျဉ်းထောင်အတွင်း လူဦးရေ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် နှောင့်နှေးနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC)အဖွဲ့ဝင် ဦးယုလွင်အောင်မှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မုံရွာမြို့၊ ကလေးမြို့နှင့် ကလေးဝမြို့  စသည့်မြို့များတွင်ရှိသော အကျဉ်းစခန်းများ၌ အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည့်ပြင် တနသာင်္ရီတိုုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ရှိသော အကျဉ်းစခန်းတချို့ ၌လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ကြန့်ကြာနှောင့်နှေးနေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ ထိုအခြင်းအရာသည် အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်ပြီး အခြေခံကျသော ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့် ရရှိမှု မရှိခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေခြင်းဖြစ်သည်ကို ဖော်ဆောင်ပြသနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပိုဒ် ၃၆ရ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်ပြင် ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများအား ပြုမူဆက်ဆံခြင်းဆိုင်ရာ အနိမ့်ဆုံး စံချိန်၊စံနှုန်းများ(SMRs)၏ အပိုဒ် ၂၅(၁)တွင် ဆေးဘက်ဆိုင်ရာအရာရှိသည် အကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ရမည် ဖြစ်ပြီး နာမကျန်းသော အကျဉ်းသားများ၊ နာမကျန်းဟုပြောကြားလာသူ အကျဉ်းသားအားလုံးနှင့် ၎င်း၏ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိလိုသော မည်သည့်အကျဉ်းသားကိုမဆို နေ့စဉ် ကြည့်ရှုရမည်ဟု ပြဋ္ဌာန်းထားရှိသည်။ သို့ဖြစ်၍ နိုင်ငံသားတိုင်း တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရန်အတွက် ဖော်ဆောင်မှုပြုပေးပါရန် အစိုးရအား တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေခြင်း၊ ကြန့်ကြာနှောင့်နှေးနေခြင်းတို့သည် အကျဉ်းထောင် တွင်း လူဦးရေထူထပ်ခြင်းနှင့်လည်း တစ်စိတ်တစ်ဒေသ ဆက်နွယ်လျှက်ရှိသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)မှ ၂၀၁ရ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် ၂၆ ခုနှင့် အကျဉ်းစခန်း ၂၅ ခုတို့ကို သွားရောက် စစ်ဆေးနိုင်ခဲ့ပြီး အကျဉ်းထောင်တွင်း လူဦးရေထူထပ်ခြင်းအပါအဝင် ၎င်းတို့၏ တွေ့ရှိချက် များကို နိုင်ငံတော် သမ္မတထံတင်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း MNHRC မှ မြန်မာနုိုင်ငံ အနှံ့တွင်ရှိသော အကျဉ်းထောင်နှင့် ရဲဘက်စခန်း ၉ဝ ကျော်တို့ကို သွားရောက်စစ်ဆေးနိုင်ခဲ့ပြီး အကျဉ်းထောင်တချို့သည် လက်ခံ နိုင်သည့် အကျဉ်းသားဦးရေ၏ တစ်ဆမှ နှစ်ဆအထိ ပိုမိုချုပ်နှောင်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်မှ ပြောကြားခဲ့ သည်။ မြစ်ကြီးနား၊ ညောင်ရွှေနှင့် လားရှိုးအကျဉ်းထောင်များတွင် သတ်မှတ်ထားသော အကျဉ်းသားဦးရေထက် နှစ်ဆပိုမို များပြားနေသည်ကို တွေ့ရှိခဲ့ရပြီး မန္တလေးထောင်၊ မိုုးညှင်းထောင်နှင့် အင်းစိန် ထောင်များတွင်လည်း သတ်မှတ်ထားသော အကျဉ်းသားဦးရေထက် တစ်ဆ ကျော်လွန် နေသည်ကိုု တွေ့ရှိခဲ့ရ သည်သောကြောင့် ယင်းပြဿနာကို အဖြေရှာရန်အတွက် သမ္မတထံသိုု့ အစီရင်ခံစာ တစ်စောင်ပေးပို့နိုင်ရန် ပြင်ဆင် လျှက်ရှိသည်ဟု  ဆက်လက် ပြောကြားခဲ့သည်။ နှစ်နှစ်တာအတွင်း MNHRC မှ တွေ့ရှိထားသော အကျဉ်းထောင်တွင်း အခြေအနေများကို လေ့လာဆန်းစစ်ပါက အကျဉ်းထောင်တွင်း လူဦးရေ ထူထပ်ခြင်းကို လျှော့ချနိုင်ခြင်း မရှိသေး ကြောင်း တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးစံနှုန်းကို တိုင်းတာလိုပါက ယင်းနိုင်ငံ၏ အကျဉ်းထောင်တွင်း အခြေအနေများကို ဦးစွာ ကြည့်ခြင်းအားဖြင့်လည်း သိရှိနိုင်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် MNHRC နှင့် အကျဉ်းထောင်တွင်းအခြေအနေများကို သုတေသနပြု လေ့လာလျှက်ရှိသော အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိထား ချက်များကို အခြေခံ၍ နည်းစနစ်ကျ၍ အမှီအခိုကင်းသော အကျဉ်းထောင်စနစ်ကို တည်ဆောက်ပါရန် တိုက်တွန်းပါ သည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသခံတောင်သူများသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ ဆက်လက် ချိုးဖောက်ခံရဆဲဖြစ်သည်ကို  လယ်ယာမြေအရေးမှ ထုတ်ဖော်ပြသလျှက်ရှိသည်။ ထို့ပြင် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့ သော ဖြစ်စဉ်များအနက်မှ ကောက်နှုတ် ဖော်ပြထားသော ဖြစ်စဉ်အချို့မှလည်း တွေ့မြင်နိုင်သည်။

  • ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တရားရုံးမှ ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာမှ တောင်သူ ၁၆ ဦးကို အကျိုးဖျက်ဆီးမှုဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
  • ချင်းပြည်နယ်၊ ဟားခါးမြို့၏ မြို့ပြဧရိယာကိုု ပြည်နယ်အစိုုးရအဖွဲ့မှ တိုုးချဲ့သတ်မှတ်ခဲ့သည့်အပေါ် မြေသိမ်းဆည်းခံ တောင်သူ ၅၀ဝ ဦးမှ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လမ်းလျှောက်ကန့်ကွက် ဆန္ဒပြခဲ့ကြ သည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲကျေးရွာအုပ်စု၊ သစ်ယာသစ်ရှူးကုန်းကျေးရွာ၌ တောင်သူများပိုင်ဆိုင်သည့် တောင်ယာခင်း ၄၅ဝ ဧကကို မိုးဗြဲရှိ မခရ ၄၂၂ မှ တပ်ပိုင် အမှတ်အသားများစိုက်ထူရန်အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သစ်ယာထင်းရှူးကုန်းရွာ၏ ဘုန်းတော်ကြီးကျောင်းတွင် စည်းရုံးရေးဆင်းခဲ့သည်။
  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း၌ ၁၉၉၃-၉၄ ခုနှစ်ခန့်ကတည်းက သိမ်းဆည်းခြင်း ခံခဲ့ရသော တပ်သိမ်းမြေများ ပြန်လည်ရရှိရေးအတွက် တောင်သူများမှ   သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့သည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သကြားစက်နှင့် အရက်ချက်စက်ရုံတို့အတွက် ဦးပိုင် ကုမ္ပဏီမှ သိမ်းဆည်းထားခဲ့သော မြေများနှင့်ပတ်သက်၍ နစ်နာကြေးပေးရန်  ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေသခံ ၁၀ဝ ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့သည်။ 
  • စစ်ကိုုင်းတိုုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ ပဋိပက္ခဖြစ်စဉ် အတွင်း သေနတ်ထိမှန်၍သေဆုုံးသွားခဲ့သော မိုးကြိုးပြင်ရွာမှ တောင်သူ ဒေါ်ခင်ဝင်း၏အမှုကိုု ပြန်လည် စစ်ဆေးပေးရန် နိုုင်ငံတော်သမ္မတထံသို့ တိုုင်ကြားခဲ့ရာတွင် ယင်းအမှုသည် ပိတ်သိမ်းပြီးသားအမှု ဖြစ်သည် ဟု သမ္မတရုံးမှ အကြောင်းပြန်ကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်များကို လေ့လာကြည့်ခြင်းအားဖြင့် အာဏာပိုင်များနှင့် စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်မှုမရှိသေးသည်ကို တွေ့ရှိရသည်။ ထိုအခြင်းအရာသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးကို စိန်ခေါ်မှုတစ်ရပ်ဖြစ်စေသည့်ပြင် စားဝတ်နေရေးအတွက် ဖိရိုးဖလာတောင်သူအလုပ်ကို မှီခိုနေကြရသော တောင်သူများအတွက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် တောင်သူများ၏ အခွင့်အရေးကိုရှေးရှုသောအားဖြင့် အစိုးရမှ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(ICCPR)နှင့် ၎င်းလက်မှတ်ရေးထိုးအတည်ပြုပြီးသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICESCR)တို့အတိုင်း လိုက်နာဆောင်ရွက်ပေးပါရန် တိုက်တွန်း အကြံပြု အပ်ပါသည်။

ဇန်နဝါရီလအတွင်းတွင် အပြုသဘောဆောင်သောတိုးတက်မှုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုုပ်ငန်း များကိုု ဆောင်ရွက်နိုုင်ရန်အတွက် ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် အရေးကြီးအဆိုကို တပ်မတော်သား ကိုယ်စားလှယ်မှ ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဆက်လက် ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်မှ သဘောတူခဲ့သည်။ ထိုကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် စတင်၍ ဆောင်ရွက်လာခြင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနှုန်းတို့နှင့် ဆန့်ကျင် ကွဲလွဲ လျက်ရှိ၍ ပြင်ဆင်ရမည့် ဥပဒေတစ်ရပ် ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်သည့်အချိန်တွင်ပြင်ရန် ယခင် အစိုးရ လက်ထက် ကတည်းက သဘောတူထားပြီးဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ်မှ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့ဖြစ်၍ ဥပဒေပြုမဏ္ဍိုင်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂  ၈၇၈ ၇၅၁ (ထိုင်း)၊ + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈ (မြန်မာ)

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈၁၁၇၃၄၈

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် Burmese MiR Template for January

တလအတွင်းသတင်းစုစည်းမှုဒေါင်းလော့ရယူရန်Burmese Chronology Template for January

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 33 Remaining PP list Updated On January 31, 2019 Burmese

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 311 facing trial list updated on January 31, 2019

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated