အေအေပီပီမှ အောက်တိုဘာလအတွက်လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

အောက်တိုဘာလအတွင်းတွင် စုစုပေါင်း ၁ရ ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁ရ ဦးအနက် ချင်းတိုင်းရင်းသား နှစ်ဦး သည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ရှစ်ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ သတင်းသမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ရခိုင်လူငယ် သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နှင့် NLD ပါတီ(ဗဟို)၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးသည် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁ဝ တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ အောက်တိုဘာလတွင်း စုစုပေါင်း ၃၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၃၁ ဦးအနက် ကချင်တိုင်းရင်းသား ၂၁ ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁) ဖြင့် ချင်းတိုင်းရင်းသား နှစ်ဦး၊ ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူ နှစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းသမား သုံးဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရခိုင်လူငယ် သုံးဦးတို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလတွင်း ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသူ ရှစ်ဦးရှိသည့်အနက်မှ အရပ်သားနှစ်ဦးသည် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ တို့ဖြင့် အသီးသီး ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လယ်သမား ငါးဦးနှင့် ကလေးစစ်သားဟောင်း တစ်ဦးတို့ကိုမှု ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို ရုတ်သိမ်းပေးခဲ့သည်။ အောက်တိုဘာလတွင်း ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ နှစ်ဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းသမား သုံးဦးတို့သည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

အောက်တိုဘာလသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို ထပ်မံ၍ ဖိနှိပ်ထားသော လတစ်လ ဖြစ်ခဲ့သည်။ အီလဲဗင်းသတင်းဌာနမှ  အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်း သတင်းထောက် ကိုဖြိုးဝေ တို့သည် ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်ပြုသည်ဟု စွပ်စွဲခြင်းခံရကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဝေဖန်ထောက်ပြမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သတင်းရေးသားတင်ပြနိုင်ခြင်းမရှိလျှင် သတင်းမီဒီယာလောကအတွက် ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည်သာမက ပြည်သူများ၏ ယုံကြည်မှုကိုလည်း ရရှိစေမည်မဟုတ်ပါ။ ရွေးကောက်ခံ အစိုးရ၏ တရားစွဲဆိုမှုသည် ဒီမိုကရေစီ ကူးပြောင်းရေးကို ဦးတည်နေသော မြန်မာနိုင်ငံတွင် လက်ခံနိုင်ဖွယ်မရှိသော အခြင်းအရာတစ်ခုဖြစ်သည်။ နိုင်ငံတော်သမ္မတမှ ထိုအမှုကို သတင်းမီဒီယာ ကောင်စီမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် မီဒီယာဥပဒေနှင့်သာ အရေးယူရန် ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြား ထားသည်ကို ကြိုဆိုပါသည်။ သို့သော်လည်း ထိုသတင်းသမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဆက်လက် တရားစွဲဆို ခံထားရဆဲဖြစ်သည်။

အောက်တိုဘာလတွင်း သတင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာများကို ထပ်မံဖိနှိပ်ထားမှုသည် တနင်္သာရီဂျာနယ် စွဲချက်တင်ခံရမှုဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုုဘာလ ၁ ရက်နေ့တွင် ထားဝယ်မြို့နယ်တရားရုံးမှ ထားဝယ်အခြေစိုက် တနင်္သာရီ အပတ်စဉ်ဂျာနယ်ကိုု  မဲဆွယ်အပြုံး အမည်ရ သရော်စာဖော်ပြခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် ဆုုံးဖြတ်ခဲ့သည်။ ထို့ပြင်  ဩဂုတ်လ ၁၄ ရက်နေ့တွင် တနင်္သာရီဂျာနယ်မှ ၎င်းတို့အား တရားစွဲဆို ထားခြင်းအား ချေဖျက်ပေးရန် လျှောက်ထားချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပလပ်ခဲ့သည်။ ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူးမှ ထားဝယ်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သရော်စာ၏ သဘောသဘာဝနှင့် ဖွဲ့စည်းမှုကို နားလည်သဘောပေါက်အောင် ကြိုးပမ်းမှုမရှိဘဲ အသရေဖျက်ခြင်းဟူသောခေါင်းစဉ်ဖြင့် တရားစွဲဆိုခြင်းသည် သတင်းမီဒီယာလောကအတွက် စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ်ဖြစ်သည်။

သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ (International Day to End Impunity for Crimes against Journalists) ကျရောက်တော့မည့်တိုင် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် နောက်ပြန်ဆုတ်နေခြင်းသည် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ အီလဲဗင်းသတင်းဌာနမှ သတင်းသမားသုံးဦး တရားစွဲဆိုခံရခြင်းနှင့် တနင်္သာရီဂျာနယ်စွဲချက်တင်ခံရခြင်း သည် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို ပို၍ဆိုးရွားသွားစေသည်ကို ပြသနေသည်။ ထို့ကြောင့် အစိုးရမှ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော သတင်းသမားများကို အမြန်ဆုံးလွှတ်ပေးခြင်းဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လေးစားလိုက်နာသည်ကို ထုတ်ဖော်ပြသပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ အစိုးရအား တိုက်တွန်းပါသည်။

သတင်းလွတ်လပ်ခွင့် နောက်ပြန်ဆုတ်လျက်ရှိနေချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အမျိုးမျိုးသော အသရေဖျက်မှု စွဲချက်များဖြင့် ထိုးနှက်လျှက်ရှိသည်။ ၂၀၁ရ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေသည် လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိုးနှက်ရန်နှင့် ဖိနှိပ်ရန်အတွက် ထပ်မံ၍ အသုံးပြုလာသော ဥပဒေတစ်ခုဖြစ်လာခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို  မင်းဘူးမြို့မရဲစခန်းတွင် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၊ ပုဒ်မ ၁ဝ ဖြင့် အမှုဖွင့်ခဲ့သည်။ ဦးတင်အောင်ထွန်းအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို NLD ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဒေါက်တာမျိုးညွန့်မှ မီဒီယာများကို ပြောကြားခဲ့ရာတွင် ပါဝင်သည့် အချက်များကြောင့် ၎င်း၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့၍ မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်အောင်ထွန်းမှ ပြောကြားခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ အား လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဝေဖန်ရေးသားခြင်းအတွက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တရားရုံးမှ စစ်တွေ မြို့ဖိမြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁ဝ ဖြင့် ထောင်ဒဏ် ခြောက်လ၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ဥပဒေ ပုဒ်မ ၅၀၆ ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး၊ ၎င်းပြစ်ဒဏ်များကို တပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည်၊ ထိုဥပဒေ၏ ပုဒ်မ ၁ဝ တွင် မည်သူမဆို ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင်  အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။  ထိုဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ဒေါက်တာမျိုးညွှန့်၊ ဦးအောင်သန်းဝေအပါအဝင် နိုင်ငံသား ငါးဦးသည် ထိုဥပဒေဖြင့် ဖိနှိပ်ခြင်းကိုခံထားရသည်။  ထို့ကြောင့် ဖိနှိပ်ထားသော ဥပဒေသဖွယ်ဖြစ်နေသော ထိုဥပဒေကို အစိုးရမှ ပြန်လည်သုံးသပ်ခြင်းအားဖြင့် နိုင်ငံသား များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးပါရန် အကြုံပြု တိုက်တွန်းပါသည်။

ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက် ကန့်သတ်ထားရန်အတွက်  ငြိမ်း၊စု၊စီဥပဒေဖြင့်လည်း တက်ကြွလှုပ်ရှားသူများကို အမှုဖွင့်တရားစွဲဆိုမှုများ ပြုလုပ်နေဆဲဖြစ်သည်။ အောက်တိုဘာလ အတွင်းတွင် မြန်မာ တပ်မတော်အရာရှိများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ အမြန်ဆုံး အရေးယူရန် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းအတွက် ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးသက်ဇင်နှင့်  ကိုကျော်ဇင်လတ်တို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၂ဝ ဖြင့်  အမှုဖွင့်ခြင်းခံခဲ့ရသည်။ ထို့ပြင်  ဖုယွင်စက်ရုံအလုပ်သမားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင် ပြုလုပ်ခဲ့သော ဦးအောင်မြင့်၊ ကိုုမြတ်ကျော်၊ ကိုုကျော်မျိုးနှင့် ကိုုသက်မျိုးအောင်တိုု့သည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ကို ဖောက်ဖျက်ရာရောက်သည့်အတွက် ကျောက်တံတားမြို့မရဲစခန်း၌ လာရောက်ရှင်းလင်းရန် အကြောင်းကြားစာ ပေးပို့ခြင်းခံထားရသည်သာမက ဗကသ ကျောင်းသား ကိုုနှင်းအောင်နှင့် ကိုုဝေယံတိုု့သည်  ဖုုယွင် အလုုပ်သမားသပိတ် အကြမ်းဖက်ခြင်းခံရမှုအပေါ် ရှုတ်ချကြောင်း မျက်နှာဖုုံးစွပ်၍ လက်ကမ်းစာစောင်ဝေနေစဉ် အရပ်ဝတ် လူတစ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ လွတ်လပ်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ခွင့်ပြုပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည်  ထိုအခွင့်အရေးများကို လေးစားလိုက်နာရန် ပျက်ကွက်လျှက်ရှိသည်ကို အထက်ပါ ဖြစ်ရပ်များမှ ထင်ရှားစွာ ပြသနေသည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ဖိနှိပ်ထားခြင်းသည် ထိုဥပဒေကို လွဲမှားစွာ အသုံးချနေသကဲ့သို့ ဖြစ်ပေါ်နေသည်။ အောက်တိုဘာလကုန်အထိ ငြိမ်း၊စု၊စီဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ နှင့် အရပ်သား စုစုပေါင်း ၈၁ ဦးသည် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသည်ကို ကြည့်ခြင်းအားဖြင့် လည်း သိသာစွာ တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ရှေ့ဆက်လှမ်းနိုင်ရန်အတွက် အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လျှက်ရှိ ချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာခြင်းအားဖြင့် ၎င်း၏ လူ့အခွင့်အရေး စံချိန်၊စံညွှန်းများကို ဖော်ဆောင်ပြသပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ အစိုးရအား တိုက်တွန်းပါသည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းအားဖြင့်လည်း နိုင်ငံသားများ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးပါရန်လည်း တိုက်တွန်းပါသည်။

အောက်တိုဘာလတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားလျှက်ရှိချိန်တွင် မတရားဖမ်းဆီးမှုများ သည် လည်း တိုင်းရင်းသားဒေသများတွင် ဖြစ်လေ့ရှိသော သဘောသဘာဝသဖွယ် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်တစ်ဦး  သတ်ဖြတ်ခံခဲ့ရမှုနှင့် ဆက်နွယ်သည်ဟု စွပ်စွဲခြင်းခံရကာ Arakan Youth Conference (AYC) အဖွဲ့ဝင် နှစ်ဦးဖြစ်သော ဘူးသီးတောင် မြို့နယ်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်းနှင့် ပေါက်တောမြို့နယ်မှ ခိုင်ဘိုဘို (ခ) ခိုင်သော်၊  ရခိုုင်အမျိုးသားပါတီ (ANP) မှ ကိုမေယုထွန်း (ခ) ဇော်ဝင်းတို့သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်တရားစွဲဆို ခြင်းကို ခံထားရသည်။ ထိုကဲ့သို့ အဖွဲ့အစည်းများမှ လူငယ်များကို အဓိကထားကာ ဖမ်းဆီးခြင်းသည် တခြားနိုင်ငံရေးလှုပ်ရှားသူများကို စိုးရိမ်မှုတိုးစေပြီး ၎င်းတို့၏ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်မှုအပေါ် ဖိနှိပ်သကဲ့သို့ ဖြစ်စေသည်။  ခိုင်လုံသော သက်သေ အထောက်အထား မရှိဘဲ မတရားစွပ်စွဲကာ ဖမ်းဆီး ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို လေးစား လိုက်နာမှုမရှိသည်ကို ညွှန်းဆိုပြသနေသည်။ ထို့ပြင် မတရားဖမ်းဆီးထားခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့်ကို အကာအကွယ်ပေးသည်ကို ပြသသောအားဖြင့် မျှတ၍ အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုများကို အမြန်ဆုံးပြုလုပ်၍ ဖမ်းဆီး၊ထိန်းသိမ်းထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ တောင်းဆိုပါ သည်။

မတရားအသင်းနှင့် ဆက်နွယ်ခြင်းအတွက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းအပြင် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်းများသည် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အပြင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို တားမြစ်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မတရားဖမ်းဆီးထားချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများ ဖြစ်ပွားနိုင်ပြီး ထိုကဲ့သို့ ဖြစ်ပွားခဲ့သော သာဓကများစွာလည်း ရှိခဲ့သည်။ အောက်တိုဘာလတွင်းဖြစ်ပွားခဲ့သော အောက်ပါဖြစ်စဉ်များ မှလည်း မတရား ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်ကို မီးမောင်းထိုးပြ လျှက်ရှိသည်။

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဇင်ဇင်ဖိနပ်ဆိုင်ပိုင်ရှင်ထံမှ ဆက်ကြေးငွေငါးသိန်း သွားယူပေးရန် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း (၁၁) ၏ တိုက်နယ်မှူးအဆင့်ရှိသူမှ စေခိုင်းခြင်း ခံခဲ့ရသော ကိုဇေခေါင်သည် မတရားအသင်းနှင့်ဆက်နွယ်သည်ဟုဆိုကာ ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံခဲ့ရသည်။
  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ၌ အခြေခံစစ်သင်တန်းကို လေးလကြာ တက်ရောက်ခဲ့သည့် ချင်းအမျိုးသားနှစ်ဦးဖြစ်သော ဆလိုင်းနိုင်ထွန်းနှင့် ကိုအောင်ရန်လင်းတို့သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး မတရားအသင်းဥပဒေ ပုဒ်မ ၁ရ (၁) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။
  • အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်များမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာမ တစ်ဦး အပါဝင် အရပ်သား ၁၅ ဦးကို မြစ်ကြီးနား-ဗန်းမော်လမ်း Nam San Yang (နမ်ဆန်ယန်) ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
  • အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်ခုတ်နှင့် အောင်မြင်သာ ကျေးရွာများမှ ရွာသား ၁ဝ ဦးကျော်ကို တပ်မတော်မှ ထိန်းသိမ်းခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ရွာသား ၁ဝ ဦးအနက် လေးဦးကို တပ်မတော်မှ ပြန်လွှတ်ပေးခဲ့သည်။

ကမာ္ဘ့ကုလသမဂ္ဂ၏ မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းချထားမှုအောက်တွင်ရှိသူ အားလုံးကို ကာကွယ်ရန်အတွက် ဥပဒေသများ၏ အပိုဒ် ၁ဝ တွင် ဖမ်းဆီးခြင်းခံထားရသူ မည်သူကိုမဆို ၎င်းအား ဖမ်းဆီးချိန် တွင် မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို အသိပေးရမည်ဖြစ်ပြီး ၎င်းအား မည်သည့်စွဲချက်ဖြင့် တရားစွဲ ဆိုထားသည်ကိုလည်း ချက်ချင်းအသိပေးရမည်ဟု ဖော်ပြထားသည်။ သို့သော်လည်း မတရားဖမ်းဆီးခြင်းခံထားရသူ အများစုမှာမှု မည်သည့်အတွက်ကြောင့် ၎င်းတို့အား ဖမ်းဆီးခြင်း၊ တရားစွဲခြင်းကို သိရှိရခြင်းမရှိပါ။ ထိုအခြင်းအရာမှ ၎င်းတို့၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးလျှက်ရှိသည်ကို ပြသနေသည်။ အစိုးရသည် ထိုအခြင်းအရာကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိသရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများကို ကြုံတွေ့ နေရဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖော်ဆောင်သောအားဖြင့် သော်လည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားခြင်းကို ပြသခြင်းအားဖြင့်သော်လည်းကောင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများကို အမြန်ဆုံးလွှတ်ပေးပါရန် တိုက်တွန်းပါသည်။

ထို့ပြင် လယ်ယာမြေ သိမ်းဆည်းမှုပြဿနာများ၊ လယ်ယာမြေအငြင်းပွားမှု ပြဿနာများသည် ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်ကို အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သော လယ်ယာမြေပြဿနာများအနက်မှ ကောက်နှုတ်ဖော်ပြထားချက် တချို့ကို ကြည့်ခြင်းဖြင့် ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

  • သိမ်းဆည်းထားသော ယာမြေများ၊ လယ်ယာမြေများပြန်လည်ရရှိရေးအတွက် စစ်ကိုုင်းတိုုင်းဒေသကြီး၊ ခင်ဦးနှင့် တန့်ဆည်မြို့နယ်မှ တောင်သူများ၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ ဒေသခံ ၂ဝ ကျော်နှင့် မကွေးတိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်လျက်ရှိသော စီမံကိန်း သုံးခုကြောင့် လယ်ယာမြေဆုံးရှုံးသွား သည့် တောင်သူများ လျော်ကြေးရရှိရန် တောင်သူ ၂၀ဝ ခန့်သည် ၎င်းတို့၏ ဒေသများ၌ အသီးသီး ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
  • မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာစိုက်ကွင်းအတွင်းရှိ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိမ်းယူထားသည့် လယ်ယာမြေဧက ၆၀ဝ ကျော်ကို ပြန်လည်စွန့်လွှတ်ပေး ရန် အောက်တိုုဘာလ ၆ ရက်နေ့တွင် တောင်သူ ၃ဝ ခန့်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုုခဲ့ သည်။
  • မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ငွေတောင်းကျေးရွာအနီးတွင် တပ်မတော်မှ စွန့်လွှတ်ပြီးဖြစ်သည့် လယ်ယာမြေ ၇၅ ဧကကို လေးနှစ်ကြာသည်အထိ လယ်ဝယ် မရရှိသေးသည့်အတွက် အောက်တိုုဘာလ ရ ရက်နေ့တွင် ဒေသခံတောင်သူများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သိမ်းဆည်းခံလယ်ယာမြေအရေးကို ဖြေရှင်းရာ၌ တောင်သူများ နစ်နာမှုမရှိစေရန်အတွက် အဂတိတရားကင်းစွာဖြင့် အမြန်ဆုံးဖြေရှင်းရန် နိုုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ အောက်တိုုဘာလ ၆ ရက်နေ့တွင် တိုုက်တွန်းပြောကြားခဲ့သည်။ သို့သော်လည်း လယ်ယာမြေပြဿနာများသည် တစ်လထက်တစ်လ လျော့နည်းလာခြင်းမရှိသည်ကို လေ့လာတွေ့ရှိရ သည်။ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိခြင်းမရှိခြင်း၊ သိမ်းဆည်းလယ်ယာမြေများကို ပြန်လည်စွန့်လွှတ် ပြီးသော်လည်း တောင်သူများ လက်ဝယ်သို့ ရောက်ရှိခြင်းမရှိခြင်း၊ နစ်နာကြေး အပြည့်အဝမရရှိခြင်းတို့သည် တောင်သူများ ရင်ဆိုင်နေကြရသော အဓိက ပြဿနာများဖြစ်သည်။ ထိုပြဿနာများကြောင့် ၎င်းတို့၏ စားဝတ်နေရေး နှင့် လူမှုဘဝတို့တွင် ထိခိုက်မှုများစွာကို ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံဖြစ်သည့်အတွက် ထိုစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် တောင်သူများ ၏ အခွင့်အရေးများကို အကာအကွယ် ပေးသည်ကို ပြသခြင်းအားဖြင့်၊ ထိရောက်သော လယ်ယာမြေဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းအားဖြင့် တောင်သူများကို ကာကွယ်မှုပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ (အေအေပီပီ)မှ တိုက်တွန်း အကြံပြုပါသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

အောက်တိုဘာလအတွက်တလအတွင်းသုံးသပ်ချက်ဖတ်ရှုရန် Burmese MiR Template for October

အောက်တိုဘာလအတွင်း သတင်းများစုစည်းမှု ဖတ်ရှုရန် Burmese Chronology Template for October

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 28 Remaining PP list Updated On Oct 30, 2018 Burmese

အမှုရင်ဆိုင်နေရဆဲ စာရင်းဒေါင်းလော့ရယူရန် 262 facing trial list updated on October 31, 2018 (Updated)

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated