အေအေပီပီမှစက်တင်ဘာလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

စက်တင်ဘာလအတွင်းတွင် စုစုပေါင်း ခုနှစ်ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ခုနှစ်ဦးအနက် တိုင်းရင်းသား နှစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ အရပ်သား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂၀၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ တို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ စက်တင်ဘာလတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ခြောက်ဦး ရှိသည့်အနက်မှ တိုင်းရင်းသား နှစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ရှေ့နေတစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးတို့သည် ရာဇသတ်ကြီးပုဒ်မ ၂၂၈ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ စက်တင်ဘာလတွင်း စုစုပေါင်း ၁၁ ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦး၊ ငြိမ်း၊စု၊ စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူ လေးဦး၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ရှေ့နေတစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁ဝ ဖြင့် အရပ်သားတစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ၁၅၃ ဖြင့် တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့ဖြစ်ကြသည်။ စက်တင်ဘာလ တွင်း တက်ကြွလှုပ်ရှားသူ သုံးဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့သည် ရွှေဝါရောင်တော်လှန်ရေး ၁၁ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး မတရားဖမ်းဆီး၊ ထိန်းသိမ်းထားမှုများ၊ ပြစ်ဒဏ်ချမှတ်မှုများကို ပြန်လည်အမှတ်ရစေသော နေ့တစ်နေ့ဖြစ်သည်။  ဖိနှိပ်အုပ်ချုပ်သော စစ်အစိုးရကို တွန်းလှန်သည့် ရွှေဝါရောင်တော်လှန်ရေးသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီသို့ ဦးတည်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့သည်။ သို့သော်လည်း မျက်မှောက်ကာလတွင် နိုင်ငံတွင်း တက်ကြွလှုပ်ရှားသူ များ၊ သတင်းသမားများ၊ လယ်သမားများသည် ခြိမ်းခြောက်မှုများ၊ ကန့်သတ်ထားမှုများကို ရင်ဆိုင်နေကြရဆဲဖြစ်ပြီး ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ခွင့် ဆုံးရှုံးနေကြရဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်သည် အရပ်သားအစိုးရလက်ထက်တွင် ပို၍ တင်းကျပ်လျှက်ရှိသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ရိုက်တာသတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့သည် အစိုးရလျှို့ဝှက်ချက်များ ဥပဒေဖြင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းတို့ကို ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများ မြင့်တက်လာခဲ့သည်။ အမေရိကန်ဒုတိယ သမ္မတ မိုက်ပန့်စ်နှင့် အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိများမှလည်း ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းခဲ့သည်။  ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရတ် မှလည်း သတင်းထောက်နှစ်ဦး တရားရင်ဆိုင် ရမှုနှင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုကို ရှုတ်ချခဲ့ပြီး ထိုအခြင်းအရာသည် မဖြစ်သင့်ပါဟု ပြောကြားခဲ့သည့်ပြင် အစိုးရသည် ရိုက်တာသတင်းထောက် နှစ်ဦးကို အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်သည်ဟု ပြောကြားခဲ့ သည်။  စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ နှစ်ရက်တာ လာရောက်လည်ပတ်ခဲ့သော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး ဂျယ်ရမီဟန့်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ်တွင် ရိုက်တာသတင်းထောက်နှစ်ဦး ပြစ်ဒဏ် ချမှတ်ခံရခြင်းအတွက် စိုးရိမ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်စေချင်သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သတင်းလွတ်လပ်ခွင့်ကို အမှောင်ဖုံးစေပြီး သတင်းသမားသည် သတင်းရေးသား ဖော်ပြခြင်းမပြုမီ ၎င်းတို့ကိုယ်တိုင် ပြန်လည် သုံးသပ်နေကြရသည်။ ထိုအခြင်းအရာ သည် သတင်းလွတ်လပ်ခွင့်ကို ဆုံးရှုံးစေပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရ သော သတင်းသမားများအားလုံးကို လွှတ်ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ကို ဖော်ဆောင် မြှင့်တင်ပေးပါရန် တိုက်တွန်းပါသည်။

မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်သည်လည်း ကန့်သတ်၊ ဖိနှိပ်မှုများ ကို ရင်ဆိုင်နေရသည်။ ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို နှုတ်ဆိတ်သွားစေရန် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ဆက်လက် ကန့်သတ်ထားသည်သာမက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့်ပါ ကန့်သတ်ထားသည်ကို အောက်ပါအမှုများမှ တွေ့မြင်နိုင် သည်။

  • လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဝေဖန်ရေးသားခဲ့ခြင်း အတွက်  စက်တင်ဘာလ ၁ရ ရက်နေ့တွင် ရွှေဝါရောင် သံဃာတစ်ပါးဖြစ်သည့် ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)သည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း
  • ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေအား လူမှုကွန်ရက်တွင် ဝေဖန်ခဲ့ခြင်း အတွက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တွေ မြို့မိ၊ မြို့ဖ ဦးအောင်သန်းဝေသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် စွဲချက်တင်ခံခဲ့ရခြင်း
  • မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့ခြင်းအတွက် သထုံအရပ်ဖက် အခြေပြုလူမှုအဖွဲ့အစည်းများ ကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ဦးအောင်ကိုကိုလွင်သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၁ဝ ဖြင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရခြင်း

လွှတ်တော်တွင်း ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်ရန် ကြိုးပမ်းလျှက်ရှိချိန်တွင် နိုင်ငံသားများ ဆက်လက် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံနေရခြင်းသည် ထိုဥပဒေကို ရာဇဝတ်မှုမြောက်စေသကဲ့သို့ဖြစ်စေပြီး နိုင်ငံသားများ၏ အခွင့်အရေးများကိုလည်း သွယ်ဝိုက်သောအားဖြင့် ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ပြင် လူမှုကွန်ရက်တွင် ဝေဖန်ရေးသား ခြင်းအတွက် နိုင်ငံသားများကို ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများရှိလာခြင်းသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်ပြီး ထိုဥပဒေအား ဆက်သွယ်ရေးဥပဒေကဲ့သို့ လွဲမှားစွာ အသုံးပြုလာနိုင်သည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀ဝ ကို အသရေဖျက်မှုအတွက် ပြဋ္ဌာန်းပြီးဖြစ်သည်။ သို့ဖြစ်၍ အာဏာပိုင်များအနေဖြင့် ထိုအခြင်းအရာကို ပြန်လည်သုံးသပ်၍ ကိုင်တွယ်ဆောင်ရွက်ရန် တိုက်တွန်းပါ သည်။

ထို့ပြင် နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း ယနေ့ထက်ထိတိုင် ဆက်လက် ရုန်းကန် နေကြရဆဲဖြစ်သည်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် စက်တင်ဘာလအတွင်းတွင် တက်ကြွလှုပ်ရှားသူ ခြောက်ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့အနက်မှ ကိုမြတ်မင်းထက်၊ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်၊ ကိုရွှေကြယ်မိုးတို့သည် ငြိမ်း၊စု၊စီဥပဒေဖြင့်လည်းကောင်း ဒေါ်လေးလေး (ခ) စန်းစန်း နှင့် ကိုနောင်နောင်တို့သည် ရာဇသတ်ကြီးပုဒ်မ ၁၅၃၊ ၅၀၅(ခ) တို့ဖြင့်လည်းကောင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထိုမျှသာမက အရပ်သားငါးဦး ဖြစ်သော ခူးကြူးဖဲကေး၊ ခူးကလောရယ်၊ ဦးအောင်နိုုင်ဝင်းနှင့် ဦးကျော်မင်းဦး၊ ဦးတင်မောင်ကြည်တို့သည်လည်း ငြိမ်း၊စု၊စီဥပဒေဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထို့ပြင် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးသည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ ရ ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီး ကချင်တက်ကြွ လှုပ်ရှားသူ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူတိုု့သည် အသရေဖျက်မှု ပုဒ်မ ၅၀ဝ ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသည်။ မည်သည့် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတွင်မဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးထားပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကိုလည်း ခွင့်ပြုချက်ပေးထားသည်။ သို့သော်လည်း အသွင်ကူးပြောင်းရေးကာလကို ဦးတည် နေသော မြန်မာနိုင်ငံအဖို့ ထိုအခြင်းအရာများကြောင့် ဒီမိုကရေစီ၏အနှစ်သာရ သည် လျော့ကျစေပါသည်။ ထို့ကြောင့် အစိုးရမှ ထိုဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများကို အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ပါသည်။ ထို့ပြင် ဖိနှိပ်ထားသော ဥပဒေများဖြစ်သည့် ငြိမ်း၊စု၊စီ ဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ကို ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ခြင်း၊ ပြန်လည် သုံးသပ်ခြင်းအားဖြင့် ပြည်သူများကို ကာကွယ်မှုပေးပါရန် တိုက်တွန်းပါသည်။

ကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့သော မတရားအသင်းအက်ဥပဒေသည် တိုင်းရင်းသားများကို ဖိနှိပ်ရန်အတွက် အသုံးပြုဆဲ ဖြစ်သော အလွန်ထင်ရှားသည့် ဥပဒေတစ်ခုဖြစ်လာပြီး စက်တင်ဘာလအတွင်းတွင်လည်း တိုင်းရင်းသားများသည် ထိုဥပဒေဖြင့် ဆက်လက် ဖိနှိပ်ခံနေကြရဆဲဖြစ်သည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် ကာမိုင်းဗျူဟာ တပ်မ (၃၃) လက်အောက်ခံ တပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ Kahtan Yang (ကထန်ယန်) ကျေးရွာအုပ်စုမှ ဦးဖော်ယမ်လဆမ် (Hpauyam La Sam) နှင့် ဦးလဖျော်ခေါင်ဒေါင် (Lapyaw Hkawng Dau) တို့သည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁ရ (၁) ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသည်။ အိန္ဒိယအက်ဥပဒေဟုခေါ်တွင်သော မတရားအသင်းဆက်သွယ်မှု အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ နှစ်ပေါင်း ၁၁ဝ ရှိပြီဖြစ်သည့်အတွက် ထိုဥပဒေသည် အလွန် ခေတ်နောက်ကျလျှက်ရှိသော ဥပဒေတစ်ခုဖြစ်သည်ဆိုသည်မှာ ယုံမှား သံသယရှိဖွယ်ရာ မဟုတ်ပေ။ သို့သော်လည်း မျက်မှောက်ကာလထိတိုင် ထိုဥပဒေသည် တိုင်းရင်းသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ခြိမ်းခြောက်လျှက်ရှိသည်။ ထိုဥပဒေဖြင့် တရားစွဲဆိုခံရပါက လွတ်မြောက်ရန် ရာခိုင်နှုန်းအလွန်နည်းပါးပြီး ရာနှုန်းပြည့်နီးပါး ပြစ်ဒဏ်ချမှတ်ခြင်း ခံနေကြရသည်။ စက်တင်ဘာလကုန်ထိတိုင် မြန်မာနိုင်ငံတွင်း မတရားအသင်းဆက်သွယ်မှု အက်ဥပဒေဖြင့် ခြောက်ဦး အကျဉ်းကျခြင်းခံနေရပြီး ၁၈ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ငါးဦးသည် ထောင်ပြင်ပမှနေ၍ တရား ရင်ဆိုင်နေရသည်။

ထို့ပြင် မတရားဖမ်းဆီးမှုများသည်လည်း တိုင်းရင်းသားဒေသများတွင် ဖြစ်လေ့ရှိသော အလေ့အထတစ်ခုသဖွယ် ဖြစ်ပေါ်လျှက်ရှိသော်လည်း ထိုအခြင်းအရာကို အဆုံးသတ်ရန် ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တပ်မတော်မှ ၎င်းတို့၏ တပ်သားနှစ်ဦး ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နောင်လေးရွာသား ခုုနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်နေ့တွင် တပ်မတော်မှ ထိုရွာသား ခုနှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

အစိုုးရ၊ တပ်မတော်တိုု့သည် လူ့အခွင့်အရေးကိုု ကာကွယ် စောင့်ရှောက်ရမည်ဖြစ်သည့်ပြင် နိုုင်ငံသားများကိုု ကာကွယ်ရန် တာဝန်ရှိသော်လည်း ပျက်ကွက်နေဆဲဖြစ်သည်ကိုု အထက်ပါ ဖြစ်ရပ်များမှ ဖော်ပြနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို နစ်နာဆုံးရှုံးမှု မရှိစေရ ဟု ဖော်ပြထားသည်။ ထိုု့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၃နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၆၊ အပိုဒ် ၉ တို့တွင်လည်း လုံခြုံခွင့်ကို အကာအကွယ်ပေးထားသည့်အတွက် မြန်မာနိုင်ငံသည် ထိုအခွင့်အရေးများကို ချိုးဖောက်လျှက်ရှိသည်ကို ပြသလျှက်ရှိသည်။ ဖက်ဒရယ်အနှစ်သာရပြည့်ဝသည့် ပြည်ထောင်စုုကိုု ဦးတည်သော လုုပ်ငန်းစဉ်ကို ဖော်ဆောင်ရာ တွင် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ ယင်းကဲ့သိုု့ အဓမ္မဖမ်းဆီးခြင်း၊ တရားစွဲဆိုနေခြင်းတို့ကို ဆက်လက် လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဖြစ် သည်။ ထိုု့ကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာ၌ အပြုသဘောဆောင်သော တိုးတက်မှုကို ရရှိနိုင်ရန်အတွက်  အေအေပီပီမှ အစိုုးရအား ကြိမ်ဖန်များစွာ တိုက်တွန်းလျှက်ရှိသည့် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေကို ရုတ်သိမ်းရန်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (ICCPR) ကို လက်မှတ်ရေးထိုး အတည်ပြုရန် ထပ်မံ တိုက်တွန်းပါသည်။  

ထို့ပြင် တိုင်းရင်းသားများသည် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများကြား ထိခိုက်နစ်နာမှုများကို အများဆုံးခံစား နေကြရသူများဖြစ်သည်။ ထိုအခြင်းအရာကို တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ဖမ်းဆီး၊ထိန်းသိမ်းထားသော ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နေ နန်းမိုဟွမ်အား TNLA ဥပဒေဖြင့် TNLA ၏ ဗဟိုုတရားရုုံးတွင်  အမှုဖွင့် အရေးယူထားကာ အများပြည်သူ ရှေ့မှောက်၌ အပြစ်ပေး အရေးယူဆောင်ရွက်မည်ဟု စက်တင်ဘာလ ၃ ရက်နေ့တွင် TNLA မှ သတင်းထုုတ်ပြန်ခဲ့ခြင်းမှ ပြသလျှက်ရှိသည်။ ထိုသို့ဖော်ပြထားချက်အပေါ် အေအေပီပီ အနေဖြင့် အထူူး စိုးရိမ်မိပြီး ထိုကဲ့သို့ မတရား ချုပ်နှောင်ထားမှုအတွက်လည်း ကန့်ကွက်ပါသည်။ ထို့ကြောင့် စက်တင်ဘာလ ၂ရ ရက်နေ့တွင် အေအေပီပီမှ နန်းမိုဟွမ်ဖမ်းဆီးခံထားရခြင်းအပေါ် ထုတ်ပြန်ခဲေ့သာ ကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် နန်းမိုဟွမ် အား အမြန်ဆုံးလွှတ်ပေးပါ ရန် တိုက်တွန်းပါသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍအား ပြုပြင်ပြောင်းလဲရန် လိုအပ်လျှက်ရှိသည်ကို စက်တင်ဘာလတွင်း တရားရုံး မထီမဲ့မြင်ပြုမှု၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်ခြင်းခံခဲ့ရသော ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်တို့၏ အမှုမှ သက်သေပြလျှက်ရှိသည်။ ၎င်းတိုု့နှစ်ဦးသည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများနှင့် ဝန်းရံသူများ၏ အမှုကို လိုက်ပါဆောင်ရွက် ပေးရာမှ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ရုံးချိန်းပေါင်း ၇ဝ ကျော်နှင့် သုံးနှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက်တွင် အမိန့်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် တရားရုံးမှ ခုခံချေပခွင့်မပေးဘဲ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း အတွက် ၎င်းတို့၏ ဥပဒေပါ အခွင့်အရေး ဆုံးရှုံးသွားသည်ဟု ဒေါ်ခင်ခင်ကျော်မှ ပြောကြားခဲ့သည်။ အစိုးရသစ် အာဏာစတင်လွှဲပြောင်းယူလျှင်ယူချင်း အဆိုပါ ကျောင်းသားများနှင့် ဝန်းရံသူများ၏ အမှုကို ရုတ်သိမ်းပေးခဲ့ သော်လည်း ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့မှာမှု ဆက်လက်တရားရင်ဆိုင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကြာရှည်စွာ တရားရင်ဆိုင်နေရသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ မျှတသော တရားစီရင်မှု ရရှိခြင်း ရှိ၊မရှိဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်ပြီး မြန်မာ့တရားရေးကဏ္ဍ၏ ယိုယွင်း၊တိမ်းစောင်းမှုများကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ထို့ပြင် ၂၀၁၇-၂၀၁၈ တစ်ကမာ္ဘလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးညွှန်းကိန်း၏ အစီအရင်ခံစာ အရလည်း တွေ့မြင်နိုင်သည်။ တစ်ကမာ္ဘလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးညွှန်းကိန်းတွင် မြန်မာနိုင်ငံ သည် ကမာ္ဘ့အဆင့်တွင် နိုုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် ၁၀ဝ နေရာတွင် ရှိနေပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ၁၅ နိုင်ငံတွင် ၁၄ နေရာ ရရှိခဲ့သည်။ ဥပဒေပြုရေး၊ ဌာနဆိုင်ရာ၊ ရဲ၊ စစ်တပ်နှင့် တရားစီရင်ရေးတို့တွင် ဆိုးဝါးစွာ အကျင့်ပျက်ခြစားမှု များ ရှိနေသဖြင့် အနိမ့်ဆုံးအဆင့် ကျဆင်းသွားရခြင်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရှိရသည်။

၎င်းပြင် အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် “တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ကို ထူထောင်မည်” ဟု ဖော်ပြထားသော်လည်း ထိုအချက်ကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများရှိဆဲဖြစ် သည်။ တရားစီရင်ရေးသည် တိုင်းပြည်၏ အဓိကကျသည့် မဏ္ဍိုင်ကြီးသုံးရပ်တွင် ပါဝင်နေသည့်အတွက် တရားစီရင်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံး မပြုလုပ်သရွေ့ ပြည်သူများသည် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရဦးမည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ရေးကဏ္ဍကို အမြန်ဆုံးပြုပြင် ပြောင်းလဲမှုပြုလုပ်ရန် အေအေပီပီမှ အစိုးရအား တိုက်တွန်းပါသည်။

သိမ်းဆည်းလယ်ယာမြေအရေးသည် အဆုံးသတ်နိုင်ခြင်းမရှိသေးသော ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်ရှိ နေဆဲဖြစ်သည်။ စက်တင်ဘာလအတွင်းတွင်လည်း နိုင်ငံတော်မှ စွန့်လွှတ်လယ်ယာမြေများကို ပြန်လည်ပေးအပ်ခြင်း၊ သိမ်းဆည်း လယ်ယာမြေများအတွက် လျော်ကြေးများ ပြန်လည်ပေးအပ်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။ ထိုအခြင်းအရာသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်သော်လည်း ဒေသတချို့တွင် စွန့်လွှတ်မြေများကို ပြန်လည် ပေးအပ်ခြင်းမရှိခြင်း၊၊ တပ်သိမ်းမြေများ ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခြင်းတို့ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည့်ပြင် ဒေသခံတချို့သည်လည်း ခြိမ်းခြောက်မှုများကိုပါ ရင်ဆိုင်နေကြရသည်ကို အောက်တွင် ကောက်နှုတ် ဖော်ပြထားသည်။

  • စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ လယ်သမား ၂၀ဝ ခန့်မှ တပ်သိမ်း မြေဧက တစ်ထောင်ကျော်အား ပြန်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်၊ ပြိန်းချောင်း၊ အုတ်တောင်ပြင် ကျေးရွာသားများအပိုင် စားကျက်မြေ ၃ဝ ဧကနှင့် ဥယျာဉ်ခြံမြေ ၉ဝ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သော်လည်း ယနေ့ထိ မူလပိုင်ရှင်များထံ လွှဲပြောင်းခြင်းမရှိဘဲ ခမရ ၅၃၉ မှ ကျောက်ထုတ်လုပ် လျှက်ရှိခြင်း
  • စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ မန်လီရွာရှိ ရွာသားများမှ ၎င်းတိုု့၏ လယ်ကွင်း များအား စစ်တပ်မှ ဖျက်ဆီးခြင်း နှင့်ပတ်သက်၍ လက်ခံသည်ဟူသော သဘောတူညီချက်ကိုု လက်မှတ်ရေးထိုုးရန် အတင်းအကျပ် ဖိအားပေး ခိုုင်းစေခြင်းခံခဲ့ရခြင်း

လယ်ယာမြေအငြင်းပွားမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသရွေ့ ထိုပြဿနာများသည် ပြေလည် နိုင်မည်မဟုတ်ပါ။ လယ်ယာမြေကဏ္ဍသည် တိုင်းပြည်၏ထုတ်ကုန်ကဏ္ဍ၌ အဓိကကျသော အသက် သွေးကြောဖြစ်သလို တိုင်းပြည်၏ အဓိကကျသော စီးပွားရေးကဏ္ဍတစ်ခုလည်းဖြစ်သည်။ လယ်သမားများ ထိခိုက်နစ်နာမှုများကြုံတွေ့ရလျှင် လယ်ယာမြေကဏ္ဍ၌လည်း သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတဦးဝင်းမြင့်မှ သိမ်းဆည်းခံထားရသည့် လယ်ယာမြေနှင့် အခြားမြေများကိစ္စအား ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးစစ်ဆေးရန် တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို လမ်းညွှန်ချက် ပေးပို့၍ ညွှန်ကြားထားသည်။ ထို့ကြောင့် အေအေပီပီမှလည်း သိမ်းဆည်းလယ်ယာမြေအရေးကို အမြန်ဆုံးဖြေရှင်း၍ ကိုင်တွယ်ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

စက်တင်ဘာလအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်း၊ နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက် ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေး ကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေး အနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်အားဒေါင်းလော့ရယူရန် Burmese MiR Template for September

တလအတွင်းသတင်းစုစည်းမှု                 Burmese Chronology Template for September

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 27 Remaining PP list Updated On Sep 30, 2018 Burmese

အမှုရင်ဆိုင်ဆဲစာရင်း ဒေါင်းလော့ရယူရန် 257 facing trial list updated on Sep 30, 2018 (Updated)