အေအေပီပီမှလက်ကျန်နို်င်ငံရေးအကျဉ်းသားစာရင်းနှင့်ဩဂုတ်လအတွက်လစဉ်အစီရင်ခံစာထုတ်ပြန်ချက်

Cover burmese

တစ်လအတွင်းသုံးသပ်ချက်

ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးလှုပ်ရှားသူများ၊ အရပ်သားများ စုစုပေါင်း ၁ဝ ဦး တရားစွဲဆို ခြင်းခံခဲ့ရသည်။ ထို ၁ဝ ဦးအနက် ကယားပြည်နယ်မှ လူငယ် နှစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ ရခိုင်ပြည်နယ်မှ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အရပ်သား ငါးဦးသည် ဒေသန္တရပုဒ်မ ၂၆၊ တက်ကြွ လှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဩဂုတ်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ကိုးဦး ရှိသည့်အနက်မှ ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂ရ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော လယ်ယာမြေအရေး လှုပ်ရှားသူနှင့် လယ်သမားများဖြစ်ကြပြီး နှစ်ဦးသည်  ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော ကယားပြည်နယ်မှ တက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်၍ ကျန်တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော ရန်ကုန်မြို့မှ တက်ကြွလှုပ်ရှားသူ ဖြစ်သည်။ ဩဂုတ်လတွင်း စုစုပေါင်း ခုနှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထိုခုနှစ်ဦးအနက်မှ လယ်သမား ငါးဦးသည် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂ရ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး အရပ်သား နှစ်ဦးသည် လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၃(၁) ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဩဂုတ်လတွင်း အရပ်သားများ၊ တက်ကြွ လှုပ်ရှားသူများ စုစုပေါင်း ၂၃ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရ သည်။

၈၈၈၈ လူထုလှုပ်ရှားမှုသည် ဩဂုတ်လ ၈ ရက်နေ့တွင် နှစ် ၃ဝ ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတွင်း ဒီမိုကရေစီ တိုးတက် ပြောင်းလဲ ရေးအတွက် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပထမဦးဆုံးသော ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခွင့်ရရှိခဲ့ပြီး လူဦးရေ နှစ်ထောင်ခန့် တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူမှ ဒီမိုကရေစီတိုးတက်မှုသည် နှောင့်နှေးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မျက်မှောက်ကာလတွင် လူထုမှ ၎င်းတို့၏ ထင်မြင်ယူဆမှုများကို ထုတ်ဖော်ပြောဆိုနိုင်မှုနှင့် ဝေဖန်နိုင်မှု စသည့် လွတ်လပ်မှု များရှိ လာသည်ဟု ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းမှ ဦးမြအေးမှလည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိခြင်းမရှိသေးပါဟု ပြောကြားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းမှ ဦးမင်းကိုနိုင်မှလည်း ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား စစ်မှန်သော ဒီမိုကရေစီ ရရှိရန်အတွက် ဆက်လက်ကြိုးစားရုန်းကန်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ဦးမင်းကိုနိုင်မှ ယခုနှစ်များအတွင်း တရားစီရင်ရေးဆိုင်ရာကဏ္ဍသည် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်းလည်း ပြောကြားခဲ့သည်။ တရားရေးဆိုင်ရာကဏ္ဍတွင် လျော့လျဲ၊ တိမ်းစောင်းမှုများရှိနေခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ရန် ခေတ်နောက်ကျနေသော ဥပဒေများကို အသုံးပြုလျှက်ရှိခြင်းကို ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ တို့၏အမှုမှလည်း ထုတ်ဖော်ပြသလျှက်ရှိသည်။ ဖိနှိပ်ထားသော ဥပဒေများဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ထားသည်မှာ ရှည်ကြာလျှက်ရှိပြီး အစိုးရသည် ၁၉၀၈ မတရားအသင်း အက်ဥပဒေနှင့် ၁၈၆၁ ရာဇသတ်ကြီးဥပဒေတို့ကို ကြိမ်ဖန်များစွာ အသုံးပြုလျှက်ရှိဆဲဖြစ်သည်။ ကိုလိုနီခေတ်က ဥပဒေများကို မျက်မှောက်ကာလ တရားစီရင်ရေးတွင် အသုံးပြုနေခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ။ ထိုဥပဒေများကို ပြန်လည်သုံးသပ်၍ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ရန်မှာလည်း အရေးကြီးသည်။ အစိုးရသစ်လက်ထက်တွင်လည်း ဥပဒေပြုရေးအတွက် ဆွေးနွေးမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ခြင်းမရှိခြင်းသည် တရားစီရင်ရေး ကဏ္ဍတွင် အားနည်းမှုများကို ဖြစ်ပေါ်စေပါသည်။ ကိုလိုနီခေတ်ဥပဒေများကို ပြင်ဆင် သို့မဟုတ် ရုတ်သိမ်းခြင်းမရှိသရွေ့ နိုင်ငံသားများ၊ သတင်းမီဒီယာများ၊ တက်ကြွလှုပ်ရှားသူများသည် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းတိုု့ကို ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ ဒီမိုကရေစီ မျှော်မှန်းချက်ကို ပြည့်မီစေရန်အတွက် AAPP မှ အစိုးရအား ကြိမ်ဖန်များစွာ တိုက်တွန်းလျှက်ရှိသည့် နိုင်ငံသားများကို ဖိနှိပ်လျှက်ရှိသော ကိုလိုနီခေတ် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန် သို့မဟုတ် ရုတ်သိမ်းပါရန် တိုက်တွန်းပါသည်။

ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့သည် ရှစ်လ ကျော်ကြာ ထိန်းသိမ်းခြင်းခံထားရပြီးနောက်  ဩဂုတ်လ ၂ဝ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို အမိန့်ချမှတ်မည်ဖြစ်သော်လည်း တရားသူကြီး ကျန်းမာရေးမကောင်းသောကြောင့် စက်တင်ဘာလ ၃ ရက်နေ့တွင် အမိန့်ချမှတ်ရန် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံးမှ ပြန်လည် ချိန်းဆိုခဲ့သည်။ တရားစီရင်မှုနှောင့်နှေးခြင်းကြောင့် ၎င်းတို့ အကျဉ်းထောင်အတွင်းတွင် ပြစ်ဒဏ်ချမှတ်ခံရရန် ထပ်မံ၍ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ ထိုအခြင်းအရာသည် စစ်အစိုးရဟောင်းများမှ နိုင်ငံရေး အကျဉ်းသားများကို ပြုလုပ်လေ့ရှိသော နည်းဗျူဟာ တစ်မျိုးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ဆန္ဒပြ၍ တရားစွဲဆိုခြင်းခံရသော ကျောင်းသားများအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရေး တရားစွဲဆိုခြင်းခံခဲ့ရသော ရှေ့နေ ဒေါ်ခင်ခင်ကျော်၏ အမှုသည်လည်း ဆုံးဖြတ်ရန် ကြန့်ကြာနေဆဲဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထိတိုင် ဒေါ်ခင်ခင်ကျော်သည် ရုံးချိန်း ၅၂ ချိန်းတက်ရောက်ပြီးဖြစ်သည်။ ရုံးတင်စစ်ဆေးလျှက်ရှိသော အမှုများကို နှောင့်နှေးရန် ကြိုးပမ်းမှုများသည် နိုင်ငံတကာ အာရုံစိုက်မှု လျော့နည်းစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် တရားစွဲဆိုခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကြောင့်လည်း ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင် တို့၏ မိသားစုဘဝအပေါ်တွင် များစွာသက်ရောက်မှုရှိခဲ့သည်။ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးသည် အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေစဉ်အတွင်း ၎င်း၏ ဇနီးဖြစ်သူမှာ မီးဖွားခဲ့သည်။

၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီးကတည်း အာဏာပိုင်များမှ ၎င်းတို့အပေါ် အောက်ပါနည်းဗျူဟာ သုံးခု အသုံးပြုခဲ့သည်ကို တွေ့မြင်နိုင်သည်။

  • ပြစ်ဒဏ်ချမှတ်မည့်နေ့အား နှောင့်နှေးအောင်ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှု လျော့နည်းအောင် ပြုလုပ်ခြင်း
  • အာမခံငြင်းပယ်ခြင်းအားဖြင့် မိသားစုနှင့် ကြာရှည်စွာ ခွဲခြားထားခြင်း
  • ထောင်တွင်းမှနေ၍ တရားရင်ဆိုင်ရခြင်းကြောင့် ၎င်းတို့၏ မိသားစုများကို အခက်အခဲများ ကြုံတွေ့စေခြင်း တို့ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ အမှုသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အမှောင်လွှမ်းစေသော ပြယုဂ်တစ်ခုဖြစ်ပြီး အစိုးရမှ မီဒီယာ လွတ်လပ်ခွင့်ကို ဖော်ဆောင်နေသည်ကို ပြသသောအားဖြင့် ၎င်းတို့နှစ်ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တရား ရင်ဆိုင်နေရသော သတင်းသမားများကို အမြန်ဆုံး လွှတ်ပေးပါရန် တောင်းဆိုပါသည်။

မြန်မာနိုင်ငံတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် ရုန်းကန်နေရချိန်တွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင်လည်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ရေးဆွဲထားသည့် အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံး လုပ်နည်းများ(SOPs) စာအုပ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ဩဂုတ်လ ၂၂ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။ SOPs တွင် အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု၊ ကူးစက်နိုင်သော ရောဂါနှင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး၊ မိခင်၊ ကလေး ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ကျန်းမာရေး ပြဿနာများ၊ နာတာရှည်ရောဂါများ စောင့်ရှောက်မှု အပါအဝင် ရောဂါများ ကုသနိုင်ရေးအပြင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ညွှန်းပို့ကုသပေး နိုင်ရေးအတွက် စံလုပ်ထုံးများပါဝင်သည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထိုကျန်းမာရေးပြဿနာများသည် အကျဉ်းထောင်တွင်း ကြာရှည်စွာ ဖြစ်ပွားလျှက်ရှိသော ပြဿနာများဖြစ်ပြီး SOPs ကို ထုတ်ပြန်ခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်သည့်အတွက် ကြိုဆိုပါသည်။ ထို SOPs ကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ကမာ္ဘ့ကုလသမဂ္ဂ (UN)နှင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၊ 3MDG (ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုးရန်ပုံငွေ) တို့၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း SOPs ရေးသားရာတွင် အကျဉ်းထောင်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသော လူမှုအခြေပြု အရပ်ဖက် အဖွဲ့အစည်းများ (CSOs)၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် တိုင်ပင်ညှိနှိုင်းမှုမရှိခြင်းသည်  မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင်ေ့ရှာက်ရေး အသင်း (AAPP) အပါအဝင် အခြားအကျဉ်းသားအရေးဆောင်ရွက်နေသော လူမှုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများသည်  မြန်မာနိုင်ငံ၏ အကျဉ်းထောင် အခြေအနေ များနှင့် တရားရေးဆိုင်ရာစနစ်တွင် အတွေ့အကြုံများစွာရှိသူများဖြစ်သည်။ လက်ရှိတွင် AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP) မှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တခြားထိခိုက်လွယ်သော အုပ်စုများကို နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ပေးလျှက်ရှိသည်။ စိတ်ဒဏ်ရာရခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကို ကြုံတွေ့ပြီးနောက် ခံစားရသော စိတ်ဖိစီးကစင့်ကလျားဖြစ်မှုများ (PSTD) စသည်တို့သည် အလွန်ဆိုးရွားသော အခြေအနေ များဖြစ်သည်ကို နားလည်သိရှိပြီး ထိုကဲ့သို့ ဖြစ်ပွားပါက နှစ်သိမ့်ဆွေးနွေးမှုနှင့် ကုသမှုကို ခံယူရမည်ဖြစ်သည်။ SOPs တွင် ထိုကဲ့သို့ ခံစားရပါက နှစ်သိမ့်ဆွေးနွေးခြင်း (ကောင်ဆယ်လင်း)နှင့် ကုသခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါဝင်ခြင်း ရှိ၊ မရှိဆိုသည်ကို ရှင်းလင်း စွာ သိရှိရခြင်းမရှိပါ။ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်ပါဝင်ခြင်းသည် အကျဉ်းသားများအတွက် အလွန်အရေးပါသော အခြင်းအရာ ဖြစ်သည်။ SOPs အား မိတ်ဆက်ပြီးဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကျဉ်းထောင် ပြဿနာများနှင့် ပတ်သက်၍ ဆောင်ရွက်နေသော အဖွဲ့အစည်းများကို SOPs အား မျှဝေခြင်းမရှိခြင်းသည် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည့်ပြင် SOPs အပြည့်အစုံကိုရှာ၍ မရခြင်းသည်လည်း မေးခွန်းထုတ်ဖွယ် ရာဖြစ်သည်။ သို့သော်လည်း အကျဉ်းထောင်တွင်း ဖြစ်ပွားနေသော ပြဿနာများကို ကိုင်တွယ်ဆောင်ရွက်နိုင်မည့် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ် ဖြစ်သည့် SOPs ထုတ်ပြန်ခြင်းကို AAPP မှ ကြိုဆိုပြီး SOPs အတိုင်း လိုက်နာ ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းပါသည်။ ထို့ပြင် အကျဉ်းသားများ၏ အခွင့်အရေးများကို ကာကွယ် ရန် အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရန်တိုက်တွန်းပြီး နိုင်ငံရေး အကျဉ်းသားများအပေါ် များစွာသက်ရောက်မှုရှိနေသည့် တရားစီရင်ရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲရန် တိုက်တွန်းပါသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအရေးသည်လည်း ဖြေရှင်းနိုင်ခြင်းမရှိသေးသော ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပြီး နှစ်ပေါင်း ၇ဝ ကြာလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပွားလျှက်ရှိသော ပြည်တွင်း ပဋိပက္ခများအတွင်း နေထိုင် လျှက်ရှိကြသော တိုင်းရင်းသားများသည် ထိခိုက် နစ်နာမှုများစွာကို ရင်ဆိုင်ကြရသည်။ ဩဂုတ်လတွင်းတွင် တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှ နန်းမိုဟွမ်ဆိုသူ အမျိုးသမီးတစ်ဦးကို ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာမှ ရွာသား လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း၊ အစိုုးရတပ်မတော်၏ စစ်ကြောင်း မှ  ရှမ်းပြည်မြောက်ပိုုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လော့ အုုပ်စုုဒေသခံ ၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း၊ အစိုုးရတပ်မတော် ခလရ ၂၉၆ မှ ရှမ်းပြည် တောင်ပိုုင်း၊ လင်းခေးခရိုုင်၊ မိုုင်းပန်မြို့နယ်၊ နောင်လွမ်ရွာသား စိုုင်းစိတ္တနှင့် စိုုင်းစိန္ဒတိုု့အား သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်ဟုုစွပ်စွဲ၍ ခေါင်းစွပ်အမည်းဖြင့်စွပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညလုုံးပေါက် စစ်ဆေးခဲ့ခြင်းတို့သည် ပြည်တွင်း ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သည်။ ထိုကဲ့သို့ မတရားသဖြင့် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ စစ်ဆေးမေးမြန်းချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းတို့သည် မြန်မာနိုင်ငံ တွင်း အရိုးစွဲနေသော အလေ့အထတစ်ခုသဖွယ် ဖြစ်ပေါ်လျှက်ရှိပြီး လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှုမရှိသည်ကို ထုတ်ဖော် ပြသနေ သည်။ အရိုးစွဲနေသော အလေ့အထတစ်ခုသဖွယ် ဖြစ်ပေါ်နေခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် လူအခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်၍ ကျူးလွန်နိုင်သည်ဟူသော မှားယွင်းသော ယူဆမှုများကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင်  အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့် ရရှိနေခြင်းသည်လည်း ကျူးလွန်သူများကို တွန်းအားတစ်ရပ်ဖြစ်စေပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR)  နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၉ တို့တွင် မတရားဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဟု ဖော်ပြထားသည်သာမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်လည်း ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အစိုးရသည် ပြည်တွင်း နှင့် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ဖော်ဆောင်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တိုက်တွန်းပါသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး TNLA ၏ ဆေးမှူး အမျိုးသမီး ခြောက်ဦးသည် မုဒိမ်းကျင့်ခြင်းခံခဲ့ရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။ ထိုအခြင်းအရာ သည် အလွန်အမင်း လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဖြစ်ပွားလျှက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင်  တရားစီရင်ပိုင်ခွင့်အာဏာသည် လျော့လျဲမှုနှင့် သက်ရောက်မှု မရှိနေသည်ကို ပြသလျှက်ရှိသည်။ နိုင်ငံတကာ ဥပဒေဖြစ်သည့် Rome Statue of the International Criminal Code ၏ အပိုဒ် ၈ (၁)တွင် စစ်ပွဲအတွင်း ဖြစ်ပွားသော ရာဇဝတ်မှုများတွင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသည် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။  ဩဂုတ်လ ၂ရ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်းမှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တရားဥပဒေစနစ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှု မရှိသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ရှိခဲ့ပြီဖြစ်သည်ဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လောင်းချောင်း နယ်ခြားစောင့် ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးသည် ဒေသခံ လူငယ်နှစ်ဦးကို ခြိမ်းခြောက်ရိုက်နှက်၍ ငွေကျပ် လေးသိန်း ရယူသွားခဲ့ခြင်း၊ ကချင်ပြည်နယ်၊ ဆဒုံဒေသတွင် နယ်ခြားစောင့်တပ်မှ ရိုက်နှက် ခေါ်ဆောင်သွားခဲ့သော ဝို်င်းမော်မြို့နယ်၊ KBC နှစ်ခြင်းခရစ်ယာန် အသင်းတော် လူငယ်တာဝန်ခံ ဓမ္မဆရာ Mading Zaidan Bawm Ying ကို ဩဂုတ်လ ၁ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မူဆယ်လမ်းမပေါ် နမ့်ခိုင်တံတားစောင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင် တစ်ဦးမှ ခရီးသွား ဒေသခံအမျိုးသမီး တစ်ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်၍ သူမ၏ ခင်ပွန်းကို ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်းစသည့် ဖြစ်စဉ်များတွင်လည်း ကျူးလွန်သူများသည် ကင်းလွတ်ခွင့်ရနေဆဲဖြစ်သည်ကို ပြသ လျှက်ရှိသည်။ ထို့ကြောင့် အစိုးရအနေဖြင့် တရားစီရင်ရေးကဏ္ဍကို ကြပ်မတ်စွာ ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲ မှုများကို အမြန်ဆုံး ပြုလုပ် ရမည်ဖြစ်သည်။ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေသရွေ့၊ ကမာ္ဘ့ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (UNCAT) ကို လက်မှတ်ရေးထိုးခြင်းမရှိသရွေ့ ထို ဖြစ်စဉ်များသည် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖမ်းဆီးမှုများ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး များသည်လည်း ဆက်လက်ချိုးဖောက်ခံနေကြရဆဲဖြစ်သည်။ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွင် ကန့်သတ်မှုများဖြင့် ရင်ဆိုင်နေကြရသည်ကို ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ(MDCF) ၏ ခေါင်းဆောင်ဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်နှင့် ကယားပြည်နယ်၊ တက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်သော ခွန်းကောရီယိုနှင့် ကိုဘွဲ့ထူးတို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း၊ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမြတ်မင်းထက်သည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းတို့မှ မြင်တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပိုဒ် ၃၅၄(က) တွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သို့သော်လည်း ထိုအခွင့်အရေးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ တို့မှ ဖိနှိပ်ထားဆဲဖြစ်သည်။ ထိုဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ခြင်းမရှိသရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရရှိရန် ကြိုးပမ်းမှုသည် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရရှိသေးသရွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာတွင် နှောင့်နှေးမှုများကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရနေဖြင့် ထိုဥပဒေများကို ပြင်ဆင်၊ဖြည့်စွက်ခြင်းအားဖြင့် နိုင်ငံသားများ၏အခွင့်အရေးများကို ကာကွယ်မှုပေးပါရန် တိုက်တွန်းပါသည်။

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို ဆက်လက် ကန့်သတ်ထားသည့် အခြားအမှုတစ်မှုမှာ ရခိုင်ပြည်နယ်၊  စစ်တွေမြို့တွင် ဖေဖော်ဝါရီလတွင်း နေရာသုံးခု၌ လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့မှုနှင့် ဆက်နွယ်ပြီး သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံထားရသော စစ်တွေမြို့ခံများဖြစ်ကြသည့် ကိုုသန်းရွှေနှင့် ကိုမောင်မြင့်ကြည်တိုု့သည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရမှုနှင့် ကိုမောင်အေးဝင်းနှင့် ကိုမောင်ဦးမြင့်တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခြင်းခံခဲ့ရမှုဖြစ်သည်။ သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံထားရသူများသည် အမှု အတွက်  အထောက်အထား ခိုင်လုံမှု မရှိသည့်တိုင် တခြားစွဲချက်ဖြင့် ဆက်လက် တရားစွဲဆိုခံရခြင်း၊ ပြစ်ဒဏ်ချမှတ် ခံရခြင်းတို့မှာ သင့်တော်ခြင်းမရှိပါ။ အသွင်ကူးပြောင်းရေး ကာလကို ဦးတည်နေသော မြန်မာနိုင်ငံအတွက် ထိုအခြင်းအရာများသည် နိုင်ငံ၏ ဒီမိုကရေစီတိုးတက်မှု အလားအလားကို ဆုတ်ယုတ်စေပါသည်။ ထို့ကြောင့် အစိုးရမှ သေချာစွာ စုံစမ်းစစ်ဆေး၍ ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

ဩဂုတ်လတွင်းတွင်လည်း အစိုးရသည် သိမ်းဆည်းလယ်ယာမြေများကို ပြန်လည် ပေးအပ်မှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း လယ်ယာမြေအငြင်းပွားမှု ပြဿနာများသည် ဩဂုတ်လတွင်းတွင်လည်း ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။ ထိုပြဿနာများအနက်မှ အဓိကကျသော ဖြစ်စဉ်အချို့ကို အောက်တွင် ကောက်နှုတ်ဖော်ပြထားပါသည်။

  • သိမ်းဆည်းခံထားရသော လယ်ယာမြေများပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ခြင်းအတွက် ဖမ်းဝရမ်းထုုတ်ခြင်း ခံထားရသော တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုုအေးသိန်းသည် ဩဂုတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
  • ရှမ်းပြည်နယ်မြောက်ပိုုင်း၊ ကျောက်မဲခရိုုင်၊ ကျောက်မဲကြီးကျေးရွာအတွင်းရှိ စစ်တပ်နှင့် တောင်သူများကြား အငြင်းပွားနေသည့် နေရာတွင် ဩဂုုတ်လ ၂၆ ရက်နေ့၌ တပ်မှ သေနတ်ဖြင့်ပစ်ဖောက်ကာ ဒေသခံတောင်သူများကိုု ခြိမ်းခြောက်ခဲ့သည်။

လယ်ယာမြေအရေးသည် ဖြေရှင်းနိုင်ခြင်းမရှိသေးသော ပြဿနာတစ်ရပ်အဖြစ်ရှိနေခြင်းမှာ လယ်သမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့် ပြည့်စုံလုံလောက်သည့် လယ်ယာမြေဥပဒေတစ်ရပ် မရှိခြင်း၊ သိမ်းဆည်းလယ်ယာမြေများအရေး ဆောင်ရွက်ရာတွင် နှောင့်နှေးခြင်း၊ မျှတမှုအားနည်းခြင်း၊ နစ်နာကြေးပေးအပ်ရာတွင် လယ်သမားများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်းစသည့် အခြင်းအရာများကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး များ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လက်မှတ်ရေးထိုးပြီးသည့်အတွက် ထိုစာချုပ်ပါ အခွင့်အရေးများကို လေးစား လိုက်နာ၍ ဆောင်ရွက်ပါ ရန် တိုက်တွန်းပါသည်။

ဩဂုတ်လအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အခြေအနေများ ဆက်လက် ဆိုးရွားဆဲ ဖြစ်ခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်အပြည့်အစုံဒေါင်းလော့ရယူရန် Burmese MiR Template for August

တလအတွင်းသတင်းစုစည်းမှု Burmese Chronology Template for August 

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 19 Remaining PP list Updated On Aug 31, 2018 Burmese

အမှုရင်ဆိုင်ဆဲစာရင်း 254 facing trial list updated on Aug 31, 2018 (Updated)

၆၆ (ဃ) အမှုရင်ဆိုင်နေရသူများစာရင်း 66 (D) total list(new) Updated