မသင်းသင်းအေး(ခ)မီးမီး ကွယ်လွန်သွားခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

39337279_363332037537224_3905910105853394944_n

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ မသင်းသင်း အေး(ခ)မီးမီးသည်  ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂ဝ အချိန် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အဝေးပြေးလမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ရုတ်တရက် ကွယ်လွန်သွား ခြင်းအတွက် မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။

မသင်းသင်းအေး(ခ)မီးမီးသည် ၁၉၈၈ အရေးတော်ပုံကာလမှ စ၍ ကွယ်လွန်ချိန်အချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်များအရေး စသည့် အရေးအရာများကို မရပ်မနား စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့သူ တဦးဖြစ်ပါသည်။

ထိုသို့ လှုပ်ရှားဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင်တို့၏ အငြိုးအတေးကြီးစွာ ဖမ်းဆီးထိန်းသိမ်းမှု၊ ထောင်ချမှုတို့ကို အကြိမ်ကြိမ်ခံခဲ့ရပေသည်။

၁၉၈၉ ခုနှစ်တွင် (၃) လ၊ ၁၉၉၆ ခုနှစ်တွင် ထောင်ဒဏ် ရ နှစ်၊ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်တွင် တစ်လ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီ၊ ပုသိမ်၊ ကသာထောင်၊ ရွှေဘိုထောင်များတွင် အကျဉ်းကျခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထောင်ချမှုများ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရသော်လည်း သူမသည် ကြောက်ရွံ့ခြင်းကင်းစွာ၊ ရဲရင့်စွာဖြင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့ကို ဆက်လက်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထို့အပြင် လူမှုရေး၊ ပညာရေး စသည့် ပရဟိတ လုပ်ငန်းများတွင်လည်း စိတ်အားထက်သန်စွာ အစဉ်တစိုက် ကူညီလှုပ် ရှားဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်သည်။

မသင်းသင်းအေး(ခ)မီးမီးကွယ်လွန်ခြင်းသည် မိသားစုအတွက်၊ လုပ်ဖော်ကိုင်ဖက်များအတွက်သာမက တိုင်းပြည်အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတခုပင်ဖြစ်ပေသည်။

သူမ၏ပုံရိပ်သည် မြန်မာ့သမိုင်းတွင် မှတ်တိုင်တခုအဖြစ် စွဲမြဲစွာ ကျန်ရစ်နေမည်သာဖြစ်သည်။

မသင်းသင်းအေး(ခ)မီးမီး၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း မသင်းသင်းအေး(ခ)မီးမီး ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

မသင်းသင်းအေး(ခ)မီးမီး ကောင်းရာသုဂတိလားပါစေ…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)