ဇူလိုင်လအတွက် လစဉ်အစီရင်ခံစာထုတ်ပြန်ချက်နှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

chronology cover bur

တစ်လအတွင်းသုံးသပ်ချက်

ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးလှုပ်ရှားသူများ၊ အရပ်သားများ စုစုပေါင်း ၃ရ ဦးသည် တရားစွဲဆို ခြင်းခံခဲ့ရသည်။ ထို ၃ရ ဦးအနက်မှ ၂၃ ဦးသည် ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)(ဂ)၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး သုံးဦးသည် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည် ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရ၍ ၁၁ ဦးသည် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးတိုင် ဖျက်သိမ်းပေးရန် ကန့်ကွက်တောင်းဆိုခဲ့ခြင်းအတွက် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ လမ်း၊တံတားဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ဇူလိုင်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ခုနှစ်ဦးရှိသည့်အနက်မှ ကယားပြည်နယ်မှ တက်ကြွလှုပ်ရှားသူ လေးဦးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)(ဂ)၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်ပြီး အရပ်သား သုံးဦး သည်  လမ်း၊တံတားဥပဒေ ပုဒ်မ ၂၂ ဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်သည်။ ဇူလိုင်လတွင်း စုစုပေါင်း ခုနှစ်ဦး ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုခုနှစ်ဦးအနက်မှ လယ်သမား ငါးဦးသည် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂ရ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ဇူလိုင်လတွင်း တက်ကြွလှုပ်ရှားသူ စုစုပေါင်း ငါးဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ပွင့်လင်းမြင်သာ၍ တိုးတက်လာမည်ဟု မျှော်မှန်းထားခဲ့သော် လည်း နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟုတင်စားထားသော သတင်းမီဒီယာသမားများသည် သတင်းရယူ ထုတ်ဖော်ရေးသားခြင်းအတွက် ထိခိုက်နစ်နာမှု များကို ရင် ဆိုင်နေကြရဆဲဖြစ်သည်။ ဇူလိုင်လအတွင်းတွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ဆက်လက် ကျဆင်းလျှက်ရှိသည်ကို ရိုက်တာ သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ကို စွဲချက်တင်ခြင်းမှ တွေ့မြင်နိုင်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာမှ သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုများပြုလုပ် လျှက်ရှိချိန်တွင် ဇူလိုင်လ ၉ ရက်နေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်မှ ၎င်းတို့နှစ်ဦးကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင်​့ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ဇူလိုင်လ ၁ရ ရက်နေ့ ရုံးချိန်းတွင် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးမှ ၎င်းတို့သည် စနစ်တကျအကွက်ဆင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အသေးစိတ်ထွက်ဆိုခဲ့သည်။ ၎င်းတို့ နှစ်ဦးကို အောင်သပြေ စစ်ကြောရေးစခန်းတွင် စစ်မေးချိန်၌ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးအား ရဲမှူးကြီးမြင့်ထွေးဆိုသူမှ ဖုန်းဆက်၍ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ ကိစ္စနှင့်ပတ်သက် သည့် သတင်းကို ထုတ်ပြန်ခြင်းမပြုပါက အရေးယူထားသည်များကို ညှိနှိုင်းကာ ဖြေလျှော့ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ထို့ပြင် ရဲမှူးကြီး မြင့်ထွေးမှ  ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့၏ လက်ကိုင်ဖုန်း လျှို့ဝှက်နံပါတ်များကို တောင်းခဲ့ကြောင်း၊ မပေးပါက အခြားသောပုဒ်မများနှင့်ပါ တရားစွဲဆိုမည်ဖြစ်ပြီး အခြေအနေပိုဆိုးသွားနိုင် ကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းမှ ထွက်ဆိုသည်။ ထိုအခြင်းအရာမှ တရားဥပဒေ အထက်တွင် မည်သူမျှ မရှိရ ဆိုသော ဝေါဟာရ နှင့် ဆန့်ကျင်ကွဲလွဲလျှက်ရှိသည်ကို ပြသနေပြီး မည်သည့်ပုံစံနှင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေများ အပိုဒ် ၂၁ (၂)  ၌ စစ်ဆေးမေးမြန်းခြင်းခံနေရသော ထိန်းသိမ်းထားသူ မည်သူကို မဆို ၎င်းတို့၏ ဆုံးဖြတ်ချက် သို့မဟုတ် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ခြိမ်းခြောက် မှုများ၊ အကြမ်းဖက်မှု များကို မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်နှင့်လည်း တိုက်ရိုက် ဆန့်ကျင် ကွဲလွဲလျှက်ရှိသည်။ ထို့ပြင် ထိုအခြင်းအရာများသည် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို လျော့ကျစေသည်သာမက တရားဥပဒေရေးရာကဏ္ဍကို မြှင့်တင်နိုင်ရန် ဆောင်ရွက်နေသော အစိုးရ၏ လုပ်ငန်းစဉ်ကိုလည်း အတားအဆီးဖြစ်စေပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ထိုအခြင်းအရာများကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

ထို့ပြင် မဲဆွယ်အပြုံး သရော်စာဆောင်းပါးကို ဖော်ပြခဲ့ခြင်းအတွက် တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တရားစွဲဆိုထားမှုကို ချေဖျက် ပေးရန် လျှောက်ထားချက်ကို  ဇူလိုင်လ ၃၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ ပယ်ချခဲ့သည်။ ထိုသရော်စာ ဆောင်းပါးသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူ ပေးရန် ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံး၊ ဒုညွှန်ကြားရေးမှူးမှ ထားဝယ်မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။ အာဏာပိုင်များမှ တရားစွဲဆိုသော အမှုများတွင် အခြေခံကျသော လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သတင်း လွတ်လပ်ခွင့်ကို ထည့်သွင်းစဉ်းစားပေးခြင်းမရှိဘဲ သတင်းမီဒီယာများအား ဆက်လက် တရားစွဲဆိုရန်သာ ဆုံးဖြတ်လျှက်ရှိ သောကြောင့် မီဒီယာ လွတ်လပ်ခွင့် နယ်ပယ်သည် ပို၍ ကျဉ်းမြောင်းလာခဲ့သည်။ ထို့ကြောင့် အစိုးရအနေဖြင့် သတင်းသမားများကို ဖိနှိပ်လျှက်ရှိသော ဥပဒေများကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ရန် အတွက် သို့မဟုတ် ရုတ်သိမ်းရန်အတွက် သုံးသပ်ပေးပါရန် တိုက်တွန်းပါသည်။ ၎င်းပြင် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် “ပြည်သူများ၏ နား နှင့် မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်၊ ဂုဏ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်” ဟု ထုတ်ပြန်ထားချက်အတိုင်း ဆောင်ရွက်ပါရန်လည်း တိုက်တွန်းပါသည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ကျဆင်းလျှက်ရှိနေချိန်အတွင်း နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သည်လည်း ကန့်သတ်မှုများ၊ အဟန့်အတားများနှင့် ရင်ဆိုင်နေကြရသည်ကို အောက်ပါ ဖြစ်စဉ်များမှ တွေ့မြင်နိုင်သည်။

  • ဇူလိုင်လအတွင်းတွင် ကယားပြည်နယ် သမိုင်းကြောင်း ဖြန့်ဝေခြင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်ကြောင်း နှိုးဆော် စာ ဖြန့်ဝေခဲ့ခြင်းအတွက် ကယန်း တိုင်းရင်းသားလူငယ် ၂၃ ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
  • ကချင်ပြည်နယ်တွင်း ဖြစ်ပွားလျှက်ရှိသည့် စစ်ပွဲများရပ်တန့်ရန် မန္တလေးမြို့တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းအတွက် တက်ကြွ လှုပ်ရှားသူ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့သည် ထောင်ဒဏ်သုံးလစီ ချမှတ်ခြင်းခံခဲ့ရသည်။
  • မန္တလေးတိုင်းဒေသကြီး၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှုအား အပြီးတိုင်ဖျက်သိမ်းပေးရန် ကန့်ကွက်တောင်းဆိုခဲ့သူများ အနက်မှ ဒေသခံ ငါးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းသုံး စက်ယန္တရားများ ရွာလမ်းကို အသုံးပြု၍ မရအောင် တားဆီးခဲ့ခြင်းအတွက် ဒေသခံ ခုနှစ်ဦး သည် လမ်းတံတား ဥပဒေ ပုဒ်မ ၂၂ ဖြင့်လည်းကောင်း အမှုဖွင့်ခြင်းခံခဲ့ရသည်။
  • စစ်ပွဲများရပ်တန့်ရန် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် တပ်မတော်၏ ဂုဏ်သိက္ခာညိုးနွမ်းအောင်ပြုလုပ် သည်ဟု စွပ်စွဲခြင်းခံရကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကချင်တက်ကြွ လှုပ်ရှားသူ ကိုလွန်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့၏ အမှုကို ချေဖျက်ပေးရန် လျှောက်ထားချက်ကို ဇူလိုင်လ ၉ ရက်နေ့တွင် ကချင်ပြည်နယ်တရားလွှတ်တော်မှ ပယ်ချခဲ့သည်။
  • စစ်ပွဲအလိုမရှိ ပြဇာတ်ကပြခဲ့ခြင်းအတွက် အသရေဖျက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ ဖြင့် ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်မှ ကျောင်းသား ရှစ်ဦးကို ငွေဒဏ်အသီးသီး ချမှတ်ခဲ့သည်ကို ကျေနပ်ခြင်းမရှိ၍ တပ်မတော်မှ အယူခံ တက်ခြင်းကို ပုသိမ်ခရိုင်တရားရုံးမှ လက်ခံခဲ့ကာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထိုအမှုကို ပထမအကြိမ် ကြားနာ စစ်ဆေးခဲ့ သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူတစ်ဦးချင်းစီ၏ အခြေခံကျသော အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းသည် ဒီမိုကရေစီ စံချိန်၊စံညွှန်းများကို လေးစားလိုက်နာခြင်းမရှိသည်ကို ညွှန်းဆိုပြသနေပြီး နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မှေးမှိန်စေသည်။ ယနေ့အချိန်ကာလတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ကို ငြိမ်း၊စု၊စီ ဥပဒေဖြင့် ပို၍တင်းကျပ်ထားသည်သာမက ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅(ခ)(ဂ) တို့ဖြင့်လည်း ကန့်သတ်ထား သည်။ ဇူလိုင်လအတွင်းတွင် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂ဝ ဖြင့် တက်ကြွလှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း ၂၄ ဦးသည် တရားစွဲဆိုခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ် ၅၀၅(ခ)(ဂ) ဖြင့် စုစုပေါင်း ၁၃ ဦးသည် တရားစွဲဆိုခြင်းခံခဲ့ရသည်။

ထိုဥပဒေများကို ပြန်လည် သုံးသပ် ပြင်ဆင်ခြင်းမရှိသရွေ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဆက်လက်၍ ဖိနှိပ်ခြင်းကို ခံနေရဦးမည်ဖြစ်သည်။  မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊ အပိုဒ် ၃၅၄(က)တွင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆ ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားပြဋ္ဌာန်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး အပိုဒ် ၃၅၄(ခ) တွင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာ စာတမ်း(UDHR)နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR) အပိုဒ် ၁၉ စသည့် နိုင်ငံတကာ သဘောတူစာချုပ်များတွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံသည် အထက်ပါ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန်ပျက်ကွက်လျှက်ရှိခြင်းသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီ အသိုင်းအဝန်းကို ဖန်တီးနိုင်ရန်အတွက် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မြှင့်တင်ပေးခြင်းအားဖြင့် ဆောင်ရွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ ထိုကဲ့သို့ အမှီအခိုကင်းသော၊ လွတ်လပ်သော ဒီမိုကရေစီ အသိုင်းအဝန်းတစ်ခု ပေါ်ပေါက်လာစေရေးအတွက် ငြိမ်း၊စု၊စီဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ နိုင်ငံသား များကို ဖိနှိပ်လျှက်ရှိသည့် ရာဇသတ်ကြီး ပုဒ်မများဖြစ်သော ပုဒ်မ ၅၀၅(ခ)(ဂ)၊ ပုဒ်မ ၅၀ဝ တို့ကို ပြင်ဆင်ဖြည့်စွက်ခြင်း သို့မဟုတ် ရုတ်သိမ်း ခြင်းတို့သည်လည်း အရေးကြီးသောကြောင့် ထိုအခြင်းအရာကိုလည်း အမြန်ဆုံး သုံးသပ်၍ ဆောင်ရွက်ပါရန် တိုက်တွန်း ပါသည်။

ဇူလိုင်လအတွင်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (MNHRC)သည် ပခုက္ကူထောင်၊ အိုးဘိုထောင် ၁ နှင့် ၂၊ အမျိုးသား ကျောက်ထုတ်စခန်းနှင့် အမျိုးသမီးကျောက်ထုတ်စခန်းတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အတွင်းရှိ လဘဲလင်းအကျဉ်းစခန်း ၁၊ ၂ တို့နှင့် ရဲစခန်းအချုပ်ခန်းများကို လည်းကောင်း သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အကျဉ်းထောင်တချို့၌  အပြစ်မရှိဘဲ မှားယွင်း၍ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း တင်ပြသည့်သူများ ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေချိန်တွင် ထိုကဲ့သို့ မှားယွင်းပြစ်ဒဏ် ချမှတ်သည့်ဖြစ်ရပ်များ ပေါ်ပေါက်နေခြင်းသည် ဖြစ်သင့်ခြင်းမရှိဘဲ  တရားစီရင်ရေးစနစ်တွင် ချို့ယွင်းအားနည်းမှုများရှိနေဆဲ ဖြစ်သည်ကို ပြသနေသည့်ပြင် လူတိုင်းတရားဥပဒေ ရှေ့မှောက်တွင် တန်းတူဖြစ်သည်ဆိုသည့် အခွင့်အရေးကိုလည်း လေးစား လိုက်နာခြင်းမရှိသည်ကို ပြသနေသည်။ မှားယွင်း ပြစ်ဒဏ်ချမှတ်ခံနေရခြင်းသည် ထောင်ဒဏ်ချမှတ်ခံရသူများအတွက် များစွာ ထိခိုက်နစ်နာမှုကို ဖြစ်စေပြီး ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးသည်သာမက ဂုဏ်သိက္ခာကိုလည်းထိခိုက်စေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ထိုအခြင်းအရာကို ကြပ်မတ်စွာ ပြန်လည် စိစစ်သင့်သည်ဟု အကြံပြုပါသည်။  ထို့ပြင်  ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကျောက်ထုတ်စခန်းများ၌ နားနေတဲအရေအတွက် လုံလောက်မှုမရှိကြောင်းနှင့် အမျိုးသမီး ကျောက်ထုတ်စခန်း တွင် ကျောက်တောင်းအလေးချိန်များနေခြင်းများကို တွေ့ရှိရကြောင်းပြောကြားခဲ့သည်။ ထိုအခြင်းအရာများကြောင့် အကျဉ်းသား များသည် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်လာမည်ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီး အကျဉ်းသူများသည် မလိုလားအပ်သော အမျိုးသမီးကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ရနိုင်မည်ဖြစ်သည်။ AAPP ၏ ဇွန်လထုတ် အစီရင်ခံစာတွင်လည်း အသေးစိတ်ဖတ်ရှုနိုင်သည်။ ကမာ္ဘ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် နယ်လ်ဆင်မဲန်ဒဲလားစည်းမျဉ်းများဟုခေါ်ဆိုသည့် အကျဉ်းသား များအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံး စည်းမျဉ်းများ (SMRs)တွင် စည်းမျဉ်း ၉၆ မှ စည်းမျဉ်း ၁၀၃ ထိ အကျဉ်းကျခြင်း ခံနေရစဉ်အတွင်း အကျဉ်းသားများ အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ညွှန်းဆို ဖော်ပြထားသည်။ ထိုစည်းမျဉ်းများ သည် လိုက်နာရန် လိုအပ်သော အရေးပါသည့် စံစည်းမျဉ်းများဖြစ်ပြီး အလုပ်လုပ်ရခြင်းအတွက် အကျဉ်းသားများသည် ထိခိုက် နစ်နာမှုများကို ခံစား ရခြင်း မရှိခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာအတွက် အထောက်အကူဖြစ်ခြင်း၊ လွတ်မြောက်ပြီးနောက် ၎င်းတို့၏ လုပ်အားခကို ပြန်လည်ရရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်ခြင်း စသည်တို့ကို လေ့လာ တွေ့ရှိရပါသောကြောင့် အကျဉ်းဦးစီးဌာနမှလည်း ထိုစည်းမျဉ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပါရန် အကြံပြုပါ သည်။

ထို့ပြင် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်း ဖြစ်ပွားလျှက်ရှိသော ဆိုးရွားသော အကျဉ်းထောင်အခြေအနေများသည် ဖြေရှင်း နိုင်ခြင်း မရှိသေးသည့် ကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်မှ MNHRC ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းကာလမှစ၍ ၂၀၁၈ ခုနှစ်၊ ဇူလိုင်အထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၄ရ ခု အနက် အကျဉ်းထောင် ၄၂ ခုကို စစ်ဆေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ စစ်ဆေးခဲ့သည့် အကျဉ်းထောင်အများစုရှိ အကျဉ်းသားများ သည် နေထိုင်ရန် နေရာ အကျပ်အတည်းရှိခြင်း၊ ရေရှားပါးခြင်းကြောင့် ရေဝဝလင်လင် မချိုးရခြင်း၊ ဆရာဝန်၊ သူနာပြုမလုံလောက် သည့် ပြဿနာများရှိခြင်း၊ အိမ်သာတက်ရန် အခက်အခဲရှိခြင်းစသည့် ပြဿနာများကို ကြုံတွေ့နေရကြောင်း စစ်ဆေးတွေ့ရှိချက် များကို ကိုးကား၍ ဦးယုလွင်အောင်မှ  ပြောကြားခဲ့သည်။ ထို့ပြင် ဆေးဝါးမလုံလောက်ခြင်းနှင့် အကျဉ်းသားများကို ရိုက်နှက် ဆုံးမသည့် ပြဿနာများကိုလည်း တွေ့ရှိရကြောင်း ရှင်းပြခဲ့သည်။  အကျဉ်းထောင်များတွင် အဓိကကြုံတွေ့နေရသည့် အခက်အခဲ သည် အကျဉ်းသားဦးရေ ကျပ်သိပ်နေခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ယခင်ကပင် ထိုပြဿနာရပ်များကို AAPP မှ သုတေသနပြုခဲ့ပြီးဖြစ်ပြီး အကျဉ်းထောင် အခြေအများ တိုးတက်ကောင်းမွန်လာစေရန်အတွက်  မြန်မာနိုင်ငံ၏ အကျဉ်းထောင် အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလားအလာ အစီရင်ခံစာကို ရေးသားပြုစု၍ ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် အကျဉ်းထောင်တွင်း လူမဆန်သော ညှဉ်းပန်း နှိပ်စက်မှုကို အဆုံးသတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (UNCAT) ကို လက်မှတ်ရေးထိုးရန်၊ အကျဉ်းသားများ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိစေရန်အတွက် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကို လက်မှတ်ရေးထိုးရန် စသည့် အစိုးရနှင့်လွှတ်တော်သို့ အကြံပြု တိုက်တွန်း ထားသည့်အချက်များ ပါဝင်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အကြံပြုချက် များကို သုံးသပ်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်လျှက်ရှိသော အကျဉ်းထောင်စနစ်ကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော်ပါရန် တိုက်တွန်းပါသည်။

ဇူလိုင်လအတွင်း ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပလျှက်ရှိချိန်၌ တိုင်းရင်းသားဒေသများတွင် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး အကျိုးဆက်အားဖြင့် တိုင်းရင်းသားများသည် ညဉ်းပန်း နှိပ်စက်ခြင်းများကို ခံခဲ့ရသည်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များသည်လည်း ဖမ်းဆီး သတ်ဖြတ်ခြင်းကိုခံခဲ့ကြရ သည်။ ဇူလိုင်လ ၁၆ ရက်နေ့ တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် TNLA ၏ ဆေးမှူး စစ်သမီး ခြောက်ဦးသည် TNLA တပ်သားများနှင့်အတူ နယ်လှည့် ဆေးကုပြီး အပြန်လမ်းတွင် တပ်မတော်၊ စစ်ကြောင်းနှင့် တိုး၍ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သမီး ခြောက်ဦး ဖမ်းဆီးခြင်းခံခဲ့ရကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆေးမှူး စစ်သမီး ခြောက်ဦး၏ အလောင်းများကို မန်တုံမြို့နယ် အွယ်လော ကျေးရွာအနီးတွင် ဒေသခံများမှ ပြန်လည် တူးဖော်မိခဲ့သည်။ ၎င်းတို့ ဆေးမှူးများကို သတ်ဖြတ်ခဲ့သူများမှာ မြန်မာ့တပ်မတော် ခြေမြန်တပ်မ ၈၈ လက်အောက်ရှိ ခြေမြန်တပ်ရင်း ၃၀၁ မှဖြစ်ကြောင်း TNLA မှကြေညာချက်တွင် စွပ်စွဲဖော်ပြထားသည်။ သို့သော်လည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော်မှ TNLA ဆေးမှူး စစ်သမီး ခြောက်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းသည် မဟုတ်မှန်ပါဟု ထုတ်ပြန်ခဲ့သည်။ ယနေ့အချိန်ကာလသည် ငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းနေသော ကာလဖြစ်ပြီး ထိုကဲ့သို့ ဖမ်းဆီး၊ သတ်ဖြတ်မှုများ ဖြစ်ပွားခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး အမျိုးသား ရင်ကြား စေ့ရေးကိုလည်း နှောင့်နှေးစေပါသည်။ ဖမ်းဆီးသတ်ဖြတ်မှုများသည် လွန်စွာ လူမဆန်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၆ တွင် လူတိုင်းတွင် အသက်ရှင် နေထိုင်ခွင့် ရှိသည်ကို တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်သည့်ပြင် အပိုဒ် ၁ဝ တွင် လွတ်လပ်မှု ဆုံးရှုံးခဲ့သောသူများကို လေးစားစွာ ဆက်ဆံရန် တာဝန်ရှိသည်ကို လိုက်နာခြင်းမရှိသည်ကို ညွှန်းဆိုပြနေသည်။ ထို့ပြင် ကမာ္ဘ့ကုလသမဂ္ဂ၏ မည်သည့်ပုံစံ ဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုအောက်တွင်ရှိနေသောသူများအားလုံးကို ကာကွယ်ရန်အတွက် ဥပဒေသများ အပိုဒ် ၆ တွင် မည်သည့် ပုံစံဖြင့်မဆို ထိန်းသိမ်းထားသူများ သို့မဟုတ် အကျဉ်းကျနေသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ နှိမ့်ချခြင်း သို့မဟုတ် ပြုမှုဆက်ဆံခြင်း သို့မဟုတ် အပြစ်ပေးခြင်းတို့ကို မပြုလုပ်ရဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ထိုသဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးခြင်း၊ လိုက်နာခြင်းတို့မရှိသည့်ပြင် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ် ခွင့်ရစေခြင်းမှာ ဖြစ်ရိုး ဖြစ်စဉ်ကဲ့သို့ဖြစ်ပေါ်နေပြီး ဆက်လက်ကျူးလွန်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေသည့်အတွက် အစိုးရမှ ထိုအခြင်းအရာကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်သင့်ပါသည်။

ထို့ပြင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများကြောင့် ဒေသခံများသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဓားစာခံများသဖွယ် ဖြစ်နေကြရသည်။ ဇူလိုင်လအတွင်းတွင် တိုုက်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်ရှိ ဖားကန့်နှင့် နမ္မတီးတွင် အစိုုးရတပ်မှ လမ်းပြပေါ်တာအဖြစ် ဖမ်းဆီးသွားသူ ခုုနှစ်ဦးအထိရှိခဲ့ပြီး  ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)မှလည်း ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ ကုန်းကတ်ကျေးရွာအနီးတဝိုက်ရှိ ဒေသခံလူငယ် အယောက် ၅ဝ ကို တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ ထိုအခြင်းအရာများသည် ပဋိပက္ခများ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအတွက် ရှောင်လွဲ၍မရသော အရာလည်းဖြစ်သည်။ ဖမ်းဆီးထားစဉ် တွင်း ပျောက်ဆုံးသွားမှုများ၊ သတ်ဖြတ်ခံရမှုများလည်း ဖြစ်စေနိုင်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှပါ ဒေသခံ တိုင်းရင်းသားများအပေါ် အင်အားဖြည့်တင်းမှုများ အတွက် အသုံးချလာသောကြောင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံကျသော လွတ်လပ်ခွင့်များကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့များမှ တားဆီးနေသည်ကို ပြသနေသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၉ နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၉ တို့တွင် မည်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးခြင်းမပြုလုပ်ရဟု ဖော်ပြထားသည်။ အစိုးရအနေဖြင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှသာလျှင် ထိုဖြစ်စဉ်များသည် ရပ်တန့်သွားမည်ဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်းအားဖြင့်လည်း ထိုအခြင်းအရာများ ဖြစ်ပွားနေခြင်းမှ တားဆီး ကာကွယ် နိုင်မည်ဖြစ်သည်။

လူလူချင်းအနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုများသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။ ထိုညှဉ်းပန်းနှိပ်စက်မှု များကို တင်းကျပ်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်းမရှိသေးသရွေ့ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ တိုင်းရင်းသားများသည် ထိခိုက်နစ်နာမှုများစွာ ကို ခံစားနေကြရဦးမည်ဖြစ်သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာ့တပ်မတော်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့စစ်များသည် မိုင်းကိုင်မြို့ တောင်ဖက်ရှိ လွိုင်လင်မြို့နယ်မှ ရှမ်းအရပ်သား များအပေါ် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။ ဇွန်လ ၈ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အတွင်း တပ်မတော်သားများသည် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကျေးရွာလူကြီးများ အပါအဝင် ရွာသားများကို ရိုက်နှက်ခဲ့ကြပြီး ရှမ်းတပ်များကို ကူညီသူ မည်သူမဆိုကို ထောင် အနှစ် ၂ဝ ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း SHRF မှ ဖော်ပြထားသည်။ ထိုအခြင်းအရာသည် ဒီမိုကရေစီ ကူးပြောင်းရေး လမ်ကြောင်းကို ဦးတည်နေသော မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို နောက်ကြောင်း ပြန်ဆုတ်စေသော အခြင်းအရာလည်းဖြစ်သည်။ ထို့ကြောင့် ညှဉ်းပန်း နှိပ်စက်မှုများကို ဟန့်တားနိုင်ရန်၊ တားဆီးကာကွယ်နိုင်ရန် အရေးတကြီး လိုအပ်နေပါသည်။ ထို့ပြင် နိုင်ငံသားများသည် ၎င်းတို့၏ အခွင့်အရေးများကို အပြည့်အဝ ရရှိနိုင်စေရန်အတွက် အစိုးရမှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (UNCAT)ကို လက်မှတ်ရေးထိုးရန် လွန်စွာ လိုအပ်လျှက်ရှိ ပါသည်။ ထိုစာချုပ်များကို လက်မှတ် ရေးထိုးရန်လည်း AAPP မှ ကြိမ်ဖန်များစွာ တိုက်တွန်းလျှက်ရှိသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ အပိုဒ် ၅ ၌ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရကို ကာကွယ်ရန်မှာလည်း အစိုးရတွင် တာဝန်ရှိသောကြောင့် အစိုးရ အနေဖြင့် တားဆီး ကာကွယ်မှုများကို အမြန်ဆုံး ပြုလုပ်ရမည်ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည့်ပြင် ရဲတပ်ဖွဲ့ဝင်တချို့မှလည်း အရပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၏ ထိန်းသိမ်းစစ်ဆေးမေးမြန်း ခြင်းကိုခံရချိန်တွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် အသက်၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ကိုခိုင်မင်းဝေ သေဆုံးသွားခြင်း၊ ဒေးဒရဲမြို့၊ တော်ကြပ်ကျေးရွာအုပ်စု၊ ညောင်တပင်ကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့၌ အမျိုးသား တစ်ဦးအား ငါးဖမ်းပိုက်ခိုးသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ပြီးနောက် မြို့မရဲစခန်းသို့ ပို့ဆောင် စစ်ဆေးမေးမြန်းနေစဉ်အတွင်း စွပ်စွဲခံရသူ သည် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းစသည့် ဖြစ်စဉ်များမှ ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုအမှုကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) မှ ဝင်ရောက် ဆောင်ရွက်နေခြင်းကိုလည်း ကြိုဆိုပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း စစ်ဆေးမေးမြန်းနေချိန်၌ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို စနစ်ကျစွာ အသုံးပြုလေ့ရှိခြင်းအား အဆုံးသတ်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်မှသာလျှင် ထိုအခြင်းအရာများ ဖြစ်ပွားခြင်းမှ တားဆီးနိုင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လိုက်နာ စောင့်ထိန်းအပ်သည့် စည်းမျဉ်းများကိုလည်း လေးစားလိုက်နာရမည်ဖြစ်သည့်ပြင် နိုင်ငံတကာ ဥပဒေများကိုလည်း လေးစားလိုက်နာရမည်ဖြစ်သည်။ ဥပဒေကို ကြပ်မတ် ထိန်းသိမ်းသူများအတွက် ကျင့်ဝတ်စည်းမျဉ်းများ အပိုဒ် ၂ တွင် ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူများသည် လူ့ဂုဏ်သိက္ခာကို လေးစားကာကွယ်ရမည်ဖြစ်ပြီး လူသားအားလုံး၏ လူ့အခွင့်အရေးကို စောင့်ထိန်းရမည်ဟု ဖော်ပြထားသည်။ ၎င်းပြင် အပိုဒ် ၅ တွင် ဥပဒေဆိုင်ရာ တာဝန်ရှိသူများ သည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်၍ လူ့ဂုဏ်သိက္ခာ ထိခိုက်စေရန် စသည်တို့ကို မပြုလုပ်ရဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်များကို လက်ကိုင်ထား၍ ပြမှုဆောင်ရွက်ပါရန် တိုက်တွန်း အကြံပြုပါသည်။

ထို့ပြင် မြန်မာနိုုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ထံသိုု့ ရဲတပ်ဖွဲ့မှ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း တိုုင်ကြားသည့် တိုုင်ကြားစာများသည် တစ်နှစ်ထက်တစ်နှစ် ပိုုမိုုများပြားလာပြီး အခြားပြည်နယ်နှင့် တိုုင်းဒေသကြီးများထက် ဧရာဝတီတိုုင်းဒေသကြီးတွင် ပိုုမိုုဖြစ်ပွားလျက်ရှိသောကြာင့် တာဝန်ရှိသူ အကြီးအကဲများအနေဖြင့် အမြန်ဆုုံး ပြုပြင် ဆောင်ရွက် သွားရန် လိုုအပ်နေကြောင်း MNHRC မှ ထောက်ပြခဲ့သည်။ ထိုအခြင်းအရာသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်ပြီး အခြေခံကျ သော လူ့အခွင့်အရေးကို ကာကွယ်ရန် တာဝန်ရှိသောသူများမှ ချိုးဖောက်မှုများ ကျူးလွန်နေခြင်းကို အစိုးရအနေဖြင့် နှောင့်နှေးမှု မရှိဘဲ အမြန်ဆုံး အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံသားများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR) အပိုဒ် ၃ တွင် ဖော်ပြထားသော လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့်ရှိသည်ကို အပြည့်အဝ ရရှိမည်ဖြစ် သည်။

နိုင်ငံတွင်း အမျိုးမျိုးသော ဆန္ဒထုတ်ဖော်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် လယ်ယာမြေ အရေးသည် ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ အစိုးရမှ သိမ်းဆည်းခြင်းခံထားရသော လယ်ယာမြေများကို ပြန်လည်ပေးအပ်လျှက်ရှိ သော လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်လျှက်ရှိပြီး ဇူလိုင်လအတွင်းတွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်း လယ်ယာမြေများမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် စိုက်ပျိုးမြေ ၁၅၈၀၉.၆ရ ဧက အနက် ၆၄၀ဝ ကျော်ကို မူလ တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော်လည်း ထိုပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးလျှက်ရှိသည့်ပြင် ထိုလယ်ယာမြေအရေးကြောင့် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိခြင်း၊ လယ်သမား များ၊ လယ်ယာမြေ အရေးလှုပ်ရှားသူများသည် ဆက်လက် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းကို ရင်ဆိုင်နေကြရသည်။ ဇူလိုင်လ အတွင်းဖြစ်ပွားခဲ့သော လယ်ယာမြေအငြင်းပွားမှုများ အနက်မှ တချို့ကို အောက်တွင် ဖော်ပြထားသည်။ ထို့ပြင် AAPP ၏ ဇူလိုင်လ အစီရင်ခံစာတွင်လည်း လယ်ယာမြေအရေးနှင့် ပတ်သက်၍ ဖတ်ရှုနိုင်သည်။

  • ဇူလိုင်လ ၁ ရက်နေ့တွင် ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှူးမှ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ပေးအပ်ရန်နှင့် လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပေးရန် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သော မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်စုစုနွေး၊ ဦးဇော်ရမ်းနှင့် ဦးကိုကိုနိုင်တို့ကို ခွင့်ပြုချက်မတင်ဟုဆိုကာ  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့သည်။
  • ဇူလိုင်လ ၁ရ ရက်နေ့တွင် မန္တလေးတိုင်း တရားလွှတ်တော်မှ သိမ်းဆည်းခံမြေပေါ် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ခြင်းအတွက် တရားစွဲဆိုခြင်းခံထားရသော မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာမှ ဒေါ်ခင်ညိုအပါအဝင် တောင်သူငါးဦးကို ဒဏ်ငွေ ၂၀ဝ ကျပ်စီ (သို့မဟုတ်) ထောင်နှစ်ပတ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
  • တနသာင်္ရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီမှ တောင်သူများ၏ လယ်ယာမြေ များကို မတရားသိမ်းဆည်းခဲ့ခြင်း၊ သီးပင်စားပင်များကို ဖျက်ဆီးခဲ့ခြင်း၊ လျော်ကြေးနစ်နာကြေးများ ပေးဆောင်မှု မရှိခြင်းတို့ အတွက် ရွာမြေနှင့် စိုက်ပျိုးမြေများအား ပြန်လည်ဖော်ဆောင်ပေးရန် ဒေသခံတောင်သူ ၂၀ဝ ကျော်သည် ဇူလိုင်လ ၈ ရက်နေ့၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၁၉၉၆-၁၉၉ရ ခုနှစ်ခန့်၌ နဝဒေးသကြားစက်နှင့် ရဲတပ်ရင်းအမှတ် (၁၀)မှ သိမ်းယူခဲ့သော  ပြည်မြို့နယ်အတွင်းရှိ အနောက်လက်ခုပ်ပင်၊ ရှမ်းစုနှင့် ရှမ်းကုန်းကျေးရွာမှ လယ်မြေ ဧက၂၀ဝ ကျော်ကို မူလ တောင်သူများထံ တရားဝင်လွှဲပြောင်းပေးရန်အတွက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဒေသခံ ၁၀ဝ ကျော်မှ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
  • ဇူလိုင်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်မြို့တွင် ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံကာ မိုင်းဖြတ်မြို့နယ်အတွင်း လယ်ယာမြေဧက တစ်သိန်း လေးသောင်းကျော်၌ ပြုလုပ်မည့် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းသည် ဒေသခံလူထုအတွက် ဆိုးကျိုးများစွာ သက်ရောက်မည်ဖြစ်သဖြင့် အလိုမရှိ၍ ပြည်ထောင်စုအစိုးရထံ စာရေးသားပေးပို့မည်ဖြစ်ကြောင်း ဆွေးနွေးသဘောတူ ခဲ့ကြသည်။

လယ်ယာမြေကဏ္ဍသည် လယ်သမားများအတွက် ပင်မအသက်သွေးကြောဖြစ်သလို နိုင်ငံ၏ အဓိကကျသော ထုတ်ကုန် အခန်းကဏ္ဍတွင်လည်း ပါဝင်ပါသည်။ လယ်ယာမြေအရေးကို ကိုင်တွယ်ဆောင်ရွက်ရန် နှောင့်နှေးနေသရွေ့ လယ်ယာမြေ အငြင်းပွားမှုများသည် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည့်ပြင် စိုက်ပျိုးရေးကဏ္ဍကိုလည်း ထိခိုက်လျှက်ရှိနေဦးမည်ဖြစ်သည်။ ထို့ပြင် အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာမြေများကို မှီခိုကြရသော လယ်သမားများသည်လည်း စိုက်ပျိုးရန် လယ်ယာမြေ မရှိသောကြောင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) အပိုဒ် ၆ တွင် လူတိုင်း မိမိ အသက်မွေးဝမ်းကြောင်းနိုင်ရေးအတွက် လွတ်လပ်စွာ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်ခွင့်ရှိရမည်ဟု ဖော်ပြထား သည်။ လယ်သမားများသည် ၎င်းတို့၏ အသက်မွေးဝမ်း ကြောင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိဘဲ လယ်ယာမြေ သိမ်းဆည်းခြင်းမှ ဟန့်တားထားသည်။ ICESCR ကို လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံသည် ထိုစာချုပ်ပါပြဋ္ဌာန်းချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်။ ထိုကဲ့သို့ လိုက်နာဆောင်ရွက်ပါ ရန်လည်း တိုက်တွန်းပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်းခဲ့သော ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီကို သိမ်းဆည်းလယ်ယာမြေများကို ပြန်လည် ပေးအပ်ရာတွင် နှောင့်နှေး မှုမရှိဘဲ အမြန်ဆုံး ပြန်လည်ပေးအပ်ပါရန် တိုက်တွန်းပါသည်။ ထို့ပြင် သိမ်းဆည်းလယ်ယာမြေအရေး ဆန္ဒထုတ်ဖော်ခဲ့ခြင်း အတွက် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော လယ်သမားများနှင့် လယ်ယာမြေအရေးလှုပ်ရှားသူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပါရန် တိုက်တွန်းပါသည်။

ဇူလိုင်လအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အခြေအနေများ ဆက်လက် ဆိုးရွားဆဲ ဖြစ်ခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်အား ဒေါင်းလော့ရယူရန် Burmese MiR Template for July 2018

လစဉ်သတင်းစုစည်းမှုအား ဒေါင်းလော့ရယူရန် Burmese Chronology for July

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 33 Remaining PP list Updated On July 31, 2018 Burmese

အမှုရင်ဆိုင်ဆဲစာရင်း ထောင်ပြင်ပအမှုရင်ဆိုင်နှင့်ထောင်တွင်းမှအမှုရင်ဆိုင်စာရင်း 242 facing trial list updated on July 31, 2018 (Updated)

၆၆(ဃ) နှင့်ပတ်သက်၍စုစည်းထားသည့်စာရင်း 66 (D) total list(new) Updated