အေအေပီပီမှမေလအတွက်လစဉ်အစီရင်ခံစာသုံးသပ်ချက်နှင့်လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်ထုတ်ပြန်

cover bur

တစ်လအတွင်းသုံးသပ်ချက်

မေလအတွင်းတွင် စုစုပေါင်း ၄၄ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၄၄ ဦးအနက်မှ ၃၈ ဦးသည် စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်ပြီး ခြောက်ဦးသည် လယ်ယာမြေအရေးလှုပ်ရှားသူများဖြစ်ကြ သည်။ ထို့ပြင် မေလတွင်း တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၉ ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၄၉ ဦးအနက် ၄၃ ဦးသည် စစ်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ တို့ဖြင့် တရားစွဲဆို ခြင်းခံခဲ့ရပြီး ခြောက်ဦးသည် လယ်ယာမြေအရေးလှုပ်ရှားမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ မေလ အတွင်းတွင် လယ်သမား ၃၃ ဦး၊ စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားသူ ငါးဦး၊ ရခိုင်တိုင်းရင်းသား သုံးဦး အပါအဝင် စုစုပေါင်း ၄၁ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် မေလတွင်း လယ်သမားများ၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း ၄၉ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်းနှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှုမရှိကြာင်း သိရှိရသည်။

စစ်တပ်မှ ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်နေမှုများကြောင့် မေလအတွင်းတွင်  တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ၊ ကျောင်း သားများ သည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဧပြီလ ၃ဝ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှား မှုများကို စတင်ခဲ့ပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်နှင့် စစ်ပွဲအ တွင်း ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုဆန္ဒထုတ်ဖော်မှုသည် မြန်မာနိုင်ငံတစ်ဝှမ်းသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး ရန်ကုန်၊ မန္တလေး နှင့် ပဲခူးတိုင်းတို့တွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ကနဦးတွင် အစိုးရမှ ဆန္ဒပြခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းရန် ငြင်းဆိုခဲ့သော်လည်း တစ်ပတ်ကြာပြီးနောက် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးမှ ဆန္ဒပြခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး မေလ ရ ရက်နေ့တွင် ပိတ်မိနေသော စစ်ဘေးရှောင် ၁၅ဝ ဦးသည် ဘေးကင်း လုံခြုံရာသို့ ပြောင်းရွှေ့ခွင့်ရရှိခဲ့သည်။ သို့သော်လည်း တစ်ကျော့ပြန် ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အရပ်သား ၁၂၀,၀၀ဝ နီးပါးသည် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရသည်။ စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒထုတ်ဖော်မှုများကို ဟန့်တားရန် ကြိုးပမ်းခြင်းထက် စစ်ဘေးရှောင်များအတွက် စဉ်းစားပေးခြင်းမရှိခြင်းသည်ကို ထုတ်ဖော်ပြသနေသည်။

ထို့ပြင် အစိုးရမှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ခဲ့သော်လည်း  လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီပေးရေးထက် စစ်ပွဲဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများကို ပိုမိုပြုလုပ်လျှက် ရှိသည်။ ဥပမာအားဖြင့် မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသော ထိုင်သပိတ်ကို နောက်ဆုံးအချိန်ရောက်မှ အာဏာပိုင်များမှ တားမြစ်ခဲ့သည်။ ဆန္ဒပြပွဲကိုဦးဆောင်သူများသည် ဆန္ဒပြပွဲပြုလုပ်ရန် ခွင့်ပြုမိန့်ရရှိခဲ့သောကြောင့် စုဝေးစဉ်တွင် ကချင်ပြည်နယ် အစိုးရမှ ပြီးခဲ့သည့်နေ့ရက်စွဲဖြင့် ခွင့်ပြုချက်ကို ရုပ်သိမ်းကြောင်း အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့တွင် ဆန္ဒပြပွဲဦးဆောင်သူများသည် တာမွေမြို့နယ်မှ မြို့ထဲသို့ ချီတက်ဆန္ဒပြရန် စီစဉ်ခဲ့ပြီး အာဏာပိုင်များကို အကြောင်းကြားထားသည့် ၎င်းတို့၏ အစီအစဉ်များ အတိုင်းလိုက်နာမည်ဟုဆိုခဲ့သော်လည်း ဆန္ဒပြပွဲပြုလုပ်ရန် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ရန်ကုန်တွင် အရပ်သားနှစ်ဦးသည် ကချင်စစ်ဘေးရှောင်များအတွက် ခွင့်ပြုချက်မရှိဘဲ အလှူငွေကောက်ခံခဲ့ခြင်းအတွက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ပြည်မြို့တွင် လည်း စစ်ပွဲဆန့်ကျင် ဆန္ဒပြသူ ၁ဝ ဦးသည် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး နတ္တလင်းတွင် လည်း တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။

မေလအတွင်း စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စုစုပေါင်း ၄၃ ဦးသည် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၄၃ ဦးအနက် ၄၁ ဦး သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၉၊ ၂ဝ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို့ပြင် တက်ကြွ လှုပ်ရှားသူ သုံးဦးသည် အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်သာမက ထိုသုံးဦးအနက်မှ တစ်ဦး သည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်း တရားစွဲဆိုခြင်းခံခဲ့ရသည်။ တရားစွဲဆိုမှုများနှင့် ဖမ်းဆီးမှုများသည် စုဝေးခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုအခွင့်အရေးနှစ်ခုသည် လွတ်လပ်သော ဒီမိုကရေစီ၏ အခြေခံကျသော အုတ်မြစ် များဖြစ်သည်။

ကမာ္ဘ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ဆန္ဒထုတ်ဖော်မှု များမှ လူ့အလွှာပေါင်းစုံရှိ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကို ရှာတွေ့နိုင်သည့်အပြင် ဆန္ဒထုတ်ဖော်သူများသည် အာဏာရှင် ဆန်သော အတွေးအခေါ်များမှ ကွဲလွဲသော အတွေးအခေါ်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သည်။ ထိုအခြင်းအရာမှ နိုင်ငံ သားများသည် ဖိနှိပ်မှုများကို တွန်းလှန်ရန် အင်အားများရှိလာစေသည်သာမက ၎င်းတို့၏ ကိုယ်ပိုင်ဟန်ဖြင့် အနာဂတ် လူ့အဖွဲ့အ စည်းကို ပုံဖော်ရန် စွမ်းရည်များရှိလာစေသည်။ ထို့ကြောင့် ဆန္ဒထုတ်ဖော်မှုများသည် ခိုင်မာမှုနှင့် စည်းလုံးမှုကို တည်ဆောက်ရန် အတွက် လူ့အဖွဲ့အစည်း အတွင်း ကြီးမာသော ပြောင်းလဲမှုကို ယူဆောင်လာသည့် အကျိုးများဖြစ်ထွန်းစေနိုင်သော အရာတစ်ခု ဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည်။ မေလအတွင်း စစ်ပွဲဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ အရှိန်အဟုန်ကြီးစွာ ပြန့်နှံသွားခြင်းသည် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများကို ဦးစွာ ဆောင် ရွက်မည်ဟု ၂၀၁၆ ခုနှစ်တွင် အစိုးရမှ ကတိပြုထားမှုကို စိတ်ပျက်မှုနှင့် ကျေနပ်မှုမရှိခြင်းများ ကြီးထွားလားခြင်းကြောင့်ဖြစ်သည်။ အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် (NLD) မှ ဒီမိုကရေစီ အနှစ်သာရများရရှိရန် နှုတ်ဖြင့် ကတိပြုထားခဲ့သော်လည်း စစ်တပ်၏ ထိုးစစ် ဆင်မှုများ ဆက်လက် ဖြစ်ပွားလျှက်ရှိပြီး အခြေခံလူ့အခွင့်အရေးများကို ထိခိုက်လျှက်ရှိဆဲအပြင် ဖိနှိပ်ထားသော မူဝါဒများကို ဝေဖန်မှုများအား ဖိနှိပ်၍ ပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများသည်  သေချာခြင်းမရှိဆဲဖြစ်သည်။ မေလအတွင်းတွင် ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် လေးကြိမ်မြောက် ရွှေ့ဆိုင်းခဲ့ရသည်။

ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုချက်များကို လိုက်လျောရမည့်အစား ၎င်းတို့ကို အကြမ်းဖက် ဖြိုခွင်းခြင်းသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ယူဆောင်ရန် အစိုးရ၏ ရည်ရွယ်ချက်ကို သံသယများ မြင့်တက်လာစေပါသည်။ အစိုးရသည် အခြေခံကျသော ပြောင်းလဲမှုများကို ပြုလုပ်ရန် ဆန္ဒမရှိလျှင်  နိုင်ငံသည် အတိတ်ကာလအတိုင်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ထိုအခြင်းအရာကို တားဆီးရန် ပြည်သူများသည် နှုတ်ဆိတ်၍ ကြောက်ရွံ့ရန်မလိုဘဲ ဒီမိုကရေစီကို ဖန်တီးရန်အတွက် တက်ကြွစွာဖြင့် တွန်းလှန်ရ မည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်ခြင်းသည် ယခုအချိန်တွင် ပို၍ အရေးကြီးသည်။

မေလတွင်း စစ်ပွဲဆန့်ကျင်သူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေဖြင့်ဖိနှိပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ငြိမ်း၊စု၊စီဥပဒေကို ပြဋ္ဌာန်းပြီးကတည်းက ထိုဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ ၃၅၃ ဦးအား တရားစွဲဆိုရန် အသုံးပြုခဲ့သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ထိုဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့သော်လည်း အခြေခံလွတ်လပ်ခွင့်အပေါ် ထိခိုက်မှုကို အနည်းငယ်မျှသာ ရပ်တန့်နိုင်ခဲ့သည်။ အထူးသဖြင့် မေလတွင်း တရားစွဲဆိုမှုများသည် ငြိမ်း၊စု၊စီဥပဒေအား လွဲမှားစွာ အသုံးချနေ သည်ကို ပြသနေသည်။ ထို့ပြင်  ထိုဥပဒေကို ဆန္ဒပြပွဲများ ပြုလုပ်ခြင်းမှ တားဆီးရန် အသုံးပြုနေသည်သာမက ဆန္ဒထုတ်ဖော်သူ များနှင့် ဦးဆောင်သူများကို ဖမ်းဆီးရန်လည်း အသုံးပြုလျှက်ရှိသည်။

အထူးသဖြင့် ဆန္ဒထုတ်ဖော်သူများအား တရားစွဲဆိုရန် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၂ဝ ကို တွင်ကျယ်စွာ အသုံးပြုလာခြင်း သည် အထူးစိုးရိမ်ဖွယ်ရာဖြစ်လာသည်။ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ကို ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးကတည်းက ထိုဥပဒေကို ဆန္ဒထုတ်ဖော်သူများအား တရားစွဲဆိုရန် တွင်ကျယ်စွာ အသုံးပြုလာသည့်အတွက် ထို ပုဒ်မ ၁၉ နှင့်ပတ်သက်၍ အထူး စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ မေလတွင်းတွင် ငြိမ်း၊စု၊စီဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသော စစ်ပွဲဆန့်ကျင်သူ ၄၁ ဦးအနက် ၂၃ ဦးသည် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၁၈ ဦးသည် ပုဒ်မ ၂ဝ ဖြင့် တရားစွဲဆိုခြင်းခံထားရသူများဖြစ်သည်။

ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ တွင် မည်သူမဆို ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင် ပြခြင်း မရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ  ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မ ပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြထားသည်။

ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၄ တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက် လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် ဆန္ဒထုတ်ဖော်ခြင်းမပြုမီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ စာဖြင့် ပေးပို့ တင်ပြရမည်။ စီတန်း လှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြို တင်၍ အသိပေးတင်ပြချက် မိတ္တူကို ပေးပို့ရမည်။ ငြိမ်းချမ်းစွာ စုဝေးခြင်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန် အပိုင်းအခြား၊ ဟောပြောလိုသည့် အကြောင်းအရာများ၊ ကြွေးကြော်လိုသည့် ကြွေးကြော်သံများ၊ ဦးဆောင်မည့် ပုဂ္ဂိုလ်၊ ဟောပြော မည့် ပုဂ္ဂိုလ်တို့၏ အမည်နှင့် ဆက်သွယ်ရ မည့် လိပ်စာအပြည့်အစုံ၊ အစီအစဉ်နှင့် ခန့်မှန်းလူဦးရေ စသည်တို့ပါဝင်သည်။

ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂ဝ တွင် မည်သူမဆို ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁ဝ တို့ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ထို့ပြင် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ကို ညွှန်းဆိုထားသော ပုဒ်မ ၁ဝ တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းပြုလုပ်လိုသူ များအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ဖော်ပြထားသည်။ ဥပမာအားဖြင့် ပုဒ်မ ၁ဝ (က) တွင် အများပြည်သူကို အဟန့် အတားဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် ဖိအားပေး ဆွဲဆောင်ခြင်း ဖြစ်နိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူကို မပြုလုပ်ရ၊ ပုဒ်မ ၁ဝ (ဃ) တွင် နိုင်ငံတော်နှင့် ပြည်ထောင်စုကိုဖြစ်စေ၊ လူမျိုး ရေး သို့မဟုတ် ဘာသာရေးကိုဖြစ်စေ၊ လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေမည့် အပြောအဆိုနှင့် အပြုအမှုများ ကို မပြုလုပ်ရ၊ ပုဒ်မ ၁၀(င)တွင် မမှန်ကန်သော သတင်းများကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကိုဖြစ်စေ ဟောပြော ခြင်းမပြုလုပ်ရ၊ ပုဒ်မ ၁ဝ (ဆ) တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုရာတွင် လက်ကိုင်အသံချဲ့စက်မှအပ အခြားအသံချဲ့ စက် များ အသုံးပြုခြင်းသော်လည်းကောင်း၊ အသိပေးတင်ပြထားသော ကြွေးကြော်သံများမှ အပ အခြားကြွေးကြော်ခြင်းနှင့် အော်ဟစ် ခြင်းသော်လည်းကောင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်သက်ဆိုင်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့် သတ်သည့် မည်သည့်ကန့်သတ်ချက်မဆို အကဲဖြတ်သော သုံးဆင့် စစ်ဆေးခြင်းအားဖြင့် ဖြတ်ကျော်နိုင်ရမည် (စာမျက်နှာ ၃၂ တွင် ဖတ်ရှုနိုင်သည်) ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ ဥပဒေအရ ပြဋ္ဌာန်းမှုရှိရမည်၊ တရားဝင်ရည်ရွယ်ချက်ရှိနေစေရမည်။ ထို့ပြင် လိုအပ်ချက်လည်း ဖြစ်ရမည့်အပြင် အချိုးအစားလည်းကျရမည်ဟု ရှင်းလင်းထားသည်။ အထက်တွင် ဖော်ပြထားသော ပုဒ်မ ၁ဝ ၏ စည်းကမ်းချက်များသည်  နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီခြင်းမရှိပါ။

ငြိမ်း၊စု၊စီဥပဒေ၏ အသုံးအနှုန်းများသည် လွန်စွာ ရှင်းလင်းမှုမရှိပါ။ ထိုဥပဒေကို လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုနိုင်သောကြောင့် အကျိုး ဆက် အနေဖြင့် မတရားဥပဒေတစ်ခုကဲ့သို့ဖြစ်နေသည်။ ထိုမျှသာမက အနှောင့်အယှက် အဟန့်အတားဖြစ်စေမှုရှိရုံမျှဖြင့် လူတစ်ဦး ကို ပြစ်မှုအတွက် တာဝန်ရှိစေရမည်ဟု ပြဋ္ဌာန်းခြင်းကို မပြုလုပ်သင့်ပါ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် စုဝေးခွင့်သည် အခြေခံ ကျသော အခွင့်အရေးဖြစ်သောကြောင့် ထိုအခြင်းအရာထက် ပို၍ အရေးကြီးပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်သည် ဒီမိုကေ ရစီဖွဲ့စည်းမှုတွင် အဓိကနှင့် အလွန်အရေးပါသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ကို သိရှိရန် အရေးကြီးသည်။ ထို့ပြင် နောက်ထပ် ရှင်းလင်းခြင်း မရှိသော ဝေါဟာရပ်တစ်ခုသည် မမှန်ကန်သော သတင်းများကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကိုဖြစ်စေ ဟောပြော ခြင်းမပြုလုပ်ရဟူ၍ ဖြစ်သည်။ ထိုဝေါဟာရကို လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သောကြောင့် အာဏာပိုင်များသည် ဆန္ဒ ထုတ်ဖော်မှုကို ရပ်တန့်ရန် ပြုလုပ်လာနိုင်သည်။  ထိုအခြင်းအရာသည် နိုင်ငံတကာ စံနှုန်းများနှင့် တိုက်ရိုက်ဆန့်ကျင်လျှက်ရှိသည်။

ပုဒ်မ ၁ဝ တွင် ဖော်ပြထားသော အသုံးအနှုန်းများသည် ငြိမ်း၊စု၊စီဥပဒေတစ်ခုလုံး၏ အရေးပါသော ဝိသေသလက္ခဏာဖြစ်သည်။ ငြိမ်း၊စု၊စီဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များသို့ ဝင်ရောက်ခွင့်ကို ဖိနှိပ်ရန် မြန်မာနိုင်ငံအတွင်း တိကျခြင်းမရှိသော ဥပဒေများအနက် ဥပမာတစ်ခုဖြစ်သည်။ ဆန္ဒပြပွဲမပြုလုပ်မှီ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အာဏာပိုင်များအား အသေးစိတ် တင်ပြရန် လိုအပ်ခြင်းသည် မည်သည့် ဒီမိုကရက်တစ်အဖွဲ့အစည်းတွင်မျှမရှိပါ။ အကြမ်းဖက်မှုအတွက် ရည်ရွက်ချက်ရှိ စွာ အမုန်းစကား ဖြန့်ဝေခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် စည်းရုံးလှုံ့ဆော်ခြင်းတို့အတွက်သာ ကန့်သတ်ထားမှုများကို ထား ရှိသင့်သည်။

ငြိမ်း၊စု၊စီ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်အညီဖြစ်စေရန် များစွာသော ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်လျှက်ရှိစဉ်တွင် အချို့ သော ပြဋ္ဌာန်းချက်များကို ဖျက်သိမ်းရမည်ဖြစ်သည်။ ထို့ပြင် AAPP မှ အစိုးရအား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ် ခဲ့သည့် ကမာ္ဘ့ကုလသမဂ္ဂ၏ လူ့ အခွင့်အရေးကောင်စီ၏ Universal Periodic Review -UPR (အချိန်အခါလိုက် နိုင်ငံတစ် နိုင်ငံချင်းစီ၏ လူ့အခွင့်အရေးအခြေအနေများကို သုံးသပ်ခြင်း)တွင် ဦးသိန်းစိန်အစိုးရမှ လက်မှတ်ရေးထိုးရန် လက်ခံခဲ့သော နိုင်ငံသားနှင့် နိုင်ငံ ရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) ကို အတည်ပြုလက်မှတ်ရေးထိုးရန် ထပ်မံတိုက်တွန်းပါ သည်။ စစ်မှန်သော ပြောင်းလဲမှုများပြုလုပ်ရန်အတွက်နှင့် နိုင်ငံတော်မှ စစ်မှန်သော ဒီမိုကရေစီကို လက်ကိုင်ထားနိုင်ရန်အတွက် ကတိပြုထားသော နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်များနှင့်အတူ ငြိမ်း၊စု၊စီဥပဒေကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ထို တာဝန်များကို လျစ်လျူရှုပါက ဖိနှိပ်ထားသော ဥပဒေများသည် ထုတ်ဖော်ပြောဆိုမှုများအတွက် နိုင်ငံသားများကို ဖိနှိပ်ရန် ဆက်လက် အသုံးပြုနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် များစွာသော သဘောတူစာချုပ်များကို အတည်ပြု လက်မှတ်ရေးထိုး ခြင်းမရှိသေးသော်လည်း အောက်တွင်ဖော်ပြထားသော အကြံပြုချက်များသည် ICCPR ကဲ့သို့သော နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရား များအပေါ် အခြေခံထားသည်။

ဆန္ဒထုတ်ဖော်မှုများကို ရာဇဝတ်မှုမြောက်စေရန် ပြုလုပ်နေမည့်အစား အစိုးရသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့် နှင့် စုဝေးခွင့်တို့ရှိစေရန်အတွက် ငြိမ်း၊စု၊စီဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်။ ထို့ပြင် ဆန္ဒထုတ်ဖော်သူများကို ကန့်သတ်နေမည့် အစား ဆန္ဒထုတ်ဖော်မှုများကို စေ့စပ်ညှိနှိုင်း၍ ကူညီမှုပေးရန် အာရုံစိုက်လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာခြင်းမရှိပဲ ငြိမ်း၊စု၊စီဥပဒေ၏ ပြစ်မှုမြောက်နေမှုကို ပယ်ဖျက်၍  ငြိမ်း၊စု၊စီဥပဒေကို ပြုပြင်ပြောင်းလဲပါရန် AAPP မှ အစိုးရအား အကြံပြုပါသည်။

ငြိမ်း၊စု၊စီ ဥပဒေ၏ ချို့ယွင်းချက်များကို ကိုယ်တွယ်ဆောင်ရွက်ရမည့်အစား လက်ရှိတွင် အစိုးရသည် ဆန့်ကျင်ဘက် လမ်းကြောင်း ကို ပြောင်းလဲလျှက်ရှိသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် အမျိုးသားလွှတ်တော်မှ ငြိမ်း၊စု၊စီ ပြင်ဆင်ဖြည့်စွက်ချက်များကို အတည်ပြု ခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးလျှက်ရှိသည်။ ထိုပြင်ဆင်ဖြည့်စွက်ချက်များသည် ဆန္ဒပြပွဲဦးဆောင်သူများကို ပို၍ ကန့်သတ်ထားသည့်အပြင် ပြစ်ဒဏ်ချမှတ်သည့်ကာလ ပို၍ကြာရှည်စေခြင်းနှင့် ကန့်သတ်ထားခြင်းမရှိသော ဒဏ်ကြေးတို့ဖြစ်သည်။

ငြိမ်း၊စု၊စီ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ပို၍ ဝေးကွာအောင် ကြိုးပမ်းအားထုတ်မှုများသည် လွန်စွာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ မေလတွင်း စစ်ပွဲဆန့်ကျင်မှု ဆန္ဒပြပွဲများကို ဖြိုခွင်းမှုများ ပြီးနောက် အစိုးရ၏ လုပ်ဆောင်ချက်များကို သံသယများတိုးပွားလာ စေသည်။ ဒီမိုကရက်တစ်ဆိုင်ရာ စံများဆိုသည်မှာ ကတိပြုမှုထက် နိုင်ငံရေးဆိုင်ရာတွင် ပို၍ အပြောင်းအလဲပြုလုပ်ရမည်ဖြစ်သည်။ အစိုးရမှ ပြည်သူများ၏ အခွင့်အရေးများကို အလေးမထားသရွေ့ ဒီမိုကရေစီသည် သဘောတရားတစ်ခုမျှသာဖြစ်နေဦးမည် ဖြစ်သည်။

ငြိမ်း၊စု၊စီဥပဒေ ပြဋ္ဌာန်းခဲ့သည်မှာ ခုနှစ်နှစ်ရှိပြီဖြစ်သော်လည်း ထိုဥပဒေသည် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခြင်းကို တားဆီး ဟန့်တား နိုင်ခြင်း မရှိပါ။ တရားစွဲဆို ဖမ်းဆီးခြင်းခံရနိုင်သော်လည်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ခြင်းသည် အသိအမှတ်ပြု ချီးကျူးထိုက် သည်။ အာဏာပိုင်များသည် ဆန္ဒထုတ်ဖော်သူများ နှုတ်ဆိတ်သွားစေရန် ဆက်လက်တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသော်လည်း ဖိနှိပ်ထားသော ဥပဒေများသည် ဆန္ဒထုတ်ဖော်မှုများကို အဆုံးသတ်ရန် တားဆီးနိုင်ခြင်းမရှိပါ။

မေလတွင်း အာဏာပိုင်များမှ စစ်ပွဲဆန့်ကျင်၍ ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်ရန် ငြိမ်း၊စု၊စီဥပဒေနှင့် အခြားဥပဒေများကို အသုံးပြုခဲ့ သည်သာမက အင်အားသုံး၍ အကြမ်းဖက်မှုကိုလည်း ဆောင်ရွက်ခဲ့သည်။ အာဏာပိုင်များမှ  တာမွေမြို့နယ်တွင် ဆန္ဒထုတ်ဖော် သူများကို အင်အားသုံး၍ လူစုခွဲခဲ့သည်။ ဆန္ဒပြပွဲဦးဆောင်သူများမှ ငြိမ်းချမ်းစွာ လူစုခွဲရန် သဘောတူခဲ့သော်လည်း အာဏာပိုင် များအပြင် အရပ်ဝတ် အမျိုးသားများမှပါ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက် အကြမ်းဖက်၍ ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များသည် ဥပဒေများကို လက်ကိုင်ထားရမည့်အစား နိုင်ငံသားများကို ဆက်လက် ဖိနှိပ်နေခြင်းသည် မျှတမှုတန်ဖိုးနှင့် ဒီမိုကရေစီ၏တန်ဖိုးကို ထိခိုက်စော်ကားနေခြင်းဖြစ်ပြီး စစ်အစိုးရဟောင်းများလက်ထက်က ဆောင်ရွက်မှုနှင့် အလားသဏ္ဍန်တူ လျှက်ရှိသည်။ သတင်းများ ၌ အရပ်ဝတ်များသည် ရဲများအား ကူညီပေးခြင်း၊ ဖမ်းဆီးခြင်းတို့ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့ကို ရဲများမှ ခန့်ထား သည်ဖြစ်စေ၊ မခန့်ထားသည်ဖြစ်စေ ထိုသူများမှ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်နေခြင်းကို ဟန့်တားမှုမရှိခြင်းသည် မျှတခြင်း မရှိပါ။ ထို့ပြင် သတင်းဌာနများမှလည်း  အမျိုးသားများအနက် တချို့သည် အမျိုးသားရေးဝါဒီများနှင့် စစ်တပ်ထောက်ခံသူများ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ရဲများ၏ လုပ်ဆောင်ပုံများ ပြောင်းလဲမှု မရှိခြင်းသည် ရဲတပ်ဖွဲ့သည် စစ်တပ်မှ အုပ်ချုပ်သော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ခံဖြစ်ခြင်းကြောင့်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂမှ စတင်ခဲ့သော 30 Million Euro Project ကဲ့သို့ အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများ ရဲတပ်ဖွဲ့တွင်းပြုလုပ်ရန်အတွက် ရဲတပ်ဖွဲ့အား အရပ်သားအစိုးရထံသို့ လွှဲပြောင်းပေးရန် အလွန် အရေးကြီး သည်။  ရဲတပ်ဖွဲ့အား နိုင်ငံတကာ စံနှုန်းများကို လိုက်နာရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်အတွက်  လေ့ကျင့်ပေးရန် ရည်ရွယ်သော်လည်း မေလတွင်း ဆန္ဒထုတ်ဖော်မှုများနှင့် ဝေဖန်မှုများအတွက် ငါးနှစ်စီမံကိန်းသည် အနည်းငယ်သာ သက်ရောက်မှု ရှိသည်ကို တွေ့ရှိရသည်။

နိုင်ငံတကာ အကူအညီများကို အားထားနေမည့်အစား AAPP မှ အာဏာပိုင်များအား များစွာလိုအပ်သော ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲ ရေးအတွက် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသူများ ဥပဒေစိုးမိုးရေးကို လေးစားမှု မရှိခြင်းသည် မည်သည့် ယုံကြည်မှုကိုမျှ ရရှိစေမည်မဟုတ်ပါ။ မေလတွင်း ဆန္ဒထုတ်ဖော်သူများကို အရပ်ဝတ်များမှ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းတို့အတွက် ရဲချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းဦးမှ စုံစမ်းစစ်ဆေးရန် ကတိပြုထားမှုကို AAPP မှ ကြိုဆိုပါသည်။ ထို့ပြင် ထိုစုံစမ်းစစ်ဆေးမှုများသည် မြန်ဆန်စွာနှင့် ပွင့်လင်းမြင်သာရမည်ဖြစ်ပြီး အကြမ်းဖက်မှုကျူးလွန်သူသည် အပြစ်ပေးခြင်းမှ ကင်း လွတ်မှုမရှိစေရန်လည်း တိုက်တွန်းပါသည်။ ဆန္ဒထုတ်ဖော်မှုများကို ဖိနှိပ်ရန် ရဲများမှ အရပ်သားများကို တရားမဝင်အသုံးပြုမှု ကျယ်ပြန့်လာသည့်ကိစ္စကို ပွင့်လင်းစွာ မြင်သာစွာ ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်သည်။ ရဲတပ်ဖွဲ့မှ ၎င်း၏ အားနည်းနေသော လူ့အခွင့်အရေး ဆောင်ရွက်မှုကို ရှေ့ဆက်စေရန် ခိုင်မာသောဆောင်ရွက်ချက်များဖြင့် ပြသရမည်ဖြစ်ပြီး ရက်စက်သော၊ ဖိနှိပ်သော နည်းလမ်းများသည် လျော့နည်းခြင်းမရှိလျှင် ၎င်း၏ ပုံရိပ်သည် လျော့နည်းသွားမည်မှာ ယုံမှားဖွယ်မရှိပါ။

မေလတွင်း ရဲတပ်ဖွဲ့မှ ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်သာမက တချို့ဒေသများတွင် စစ်တပ်မှလည်း ညှဉ်း ပန်း နှိပ်စက်မှုများကို ဆက်လက်ကျူးလွန်လျှက်ရှိသည်ကို တွေ့ရှိရသည်။ မေလ ၁ဝ ရက်နေ့တွင် တပ်မတော်၊ ခြေလျှင်တပ်ရင်း ခလရ ၄၃ဝ မှ ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၊ ဒူးကြီးကျေးရွာအုပ်စု၊ ပုံစုပ်ကျေးရွာမှ ဒေသခံ အမျိုးသားလေးဦးကို လက်နက် ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲ၍ ရိုက်နှက်ခဲ့သောကြောင့် ရွာသားတစ်ဦးသည် ခေါင်းကွဲသွားခဲ့ပြီး တစ်ခြားရွာသား တစ်ဦးသည် နားရွက်တစ်ဘက်ပြတ်သွားခဲ့သည်။ မေလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လှိုင်ဂွင်ကျေး ရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းသည် အမည်မသိ တပ်မတော်သား နှစ်ဦး၏ ထိုးကြိတ် ကန်ကျောက်ခြင်းကို ခံရသောကြောင့် သွား နှစ်ချောင်းကျိုးခဲ့သည်။ မေလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈ရ မှ ဗိုလ်ကြီးအောင်ကိုကိုမင်းမှ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၊ အလပ်ဆိပ်တွင် နေထိုင်သူ ကိုတင်စိုးမြင့်ကို မှတ်ပုံတင်စစ်ဆေးရန် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပတ်ခတ်ခဲ့သောကြောင့် ကိုတင်စိုးမြင့် သေဆုံးခဲ့သည်။

ညှဉ်းပန်းနှိပ်စက်မှုများ၊ အနိုင်ကျင့်သတ်ဖြတ်မှုများသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်နေသည်။ ထိုညှဉ်းပန်းနှိပ်စက်မှုများကို အများဆုံး ကျူးလွန်သူများမှာ လက်နက်ကိုင်အဖွဲ့များ၊ အာဏာရှိသူများ ဖြစ်ကြသည်။ ထို့ပြင် ကျူးလွန်သူများ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းသည် ဆက်လက်ကျူးလွန်ရန် အားပေးနေသကဲ့သို့ ဖြစ်စေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကုလသမဂ္ဂ ညှဉ်းပန်း နှိပ်စက်မှုဆန့်ကျင်ရေး သဘောတူစာချုပ် (UNCAT) ကို လက်မှတ်ရေးထိုးမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရသက်တမ်းကုန်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် လက်ရှိ အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးအတည်ပြုနိုင်အတွက် ကြိုးပမ်းသင့်သည်။ UNCAT ကို လက်မှတ် ရေးထိုးခြင်းအားဖြင့် အစိုးရမှ လူ့အခွင့်အရေးကို အထူးအလေးထားကြောင်းပြသနေမည့်အပြင် ၎င်းနိုင်ငံသားများ၏ လုံခြုံမှုကို ကာကွယ်ပေးရာရောက်သည်။ ထို့ပြင် ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံပြုမှုများကို ဟန့်တားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား တိုက် တွန်းလျှက်ရှိသည့် UNCAT အား အမြန်ဆုံး လက်မှတ် ရေးထိုးပါရန် ထပ်မံတိုက်တွန်းပါသည်။

မေလအတွင်းတွင်လည်း လယ်ယာမြေသိမ်းဆည်းခံရခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများ၊ လယ်ယာမြေအငြင်းပွားမှုများသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ကို တွေ့ရှိရသည်။ လယ်သမားများ၏ လယ်ယာမြေများကို စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ နစ်နာကြေးများ ပေးလျော်ခြင်းမရှိဘဲ သိမ်းဆည်းခြင်း သို့မဟုတ် အနည်းငယ်မျှသာ နစ်နာကြေးပေးလျော်ကာ သိမ်းဆည်းခြင်း၊ သိမ်းဆည်းချိန်တွင် လယ်သမားများနှင့်တိုင်ပင် ဆွေးနွေးမှုမရှိခြင်းတို့သည် မြန်မာနိုင်ငံတွင်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့  ဆက် လက်ဖြစ်ပွားလျှက်ရှိသည်။ လယ်ယာမြေသိမ်းဆည်းခံရခြင်း ကြောင့် စားဝတ်နေရေးအတွက် ထွန်ယက်စိုက်ပျိုးရန် လယ်ယာ မြေမရှိသော လယ်သမားများသည် ၎င်းတို့၏ သိမ်းဆည်းခံရသော မြေများပေါ်တွင် ပြန်လည်ထွန်ယက် စိုက်ပျိုး၍ တရားစွဲဆိုခံ ရခြင်း၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းတို့ကို ရင်ဆိုင်နေကြရသည်။ ထိုမျှသာမက လယ်ယာမြေအငြင်းပွားမှုများအတွက် လယ်သမားများ သည် အင်အားသုံးဖြိုခွင်း၍ မတရားဖမ်းဆီးခြင်းခံနေကြရခြင်း၊ ပစ်ခတ်ခံနေရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းကို အောက်ပါ ဖြစ်ရပ်များမှ တွေ့မြင်နိုင်သည်။

မေလ ၁၂ ရက်နေ့၌ သီလဝါဆိပ်ကမ်းစီမံကိန်းအတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေဆဲ လယ်ယာမြေဧက ၁၀ဝ တွင် ဦးပိုင်ကုမ္ပဏီမှ သဲတင်ရန် ပြုလုပ်ခဲ့ခြင်းကို ထိုလယ်ယာမြေများပေါ်တွင် နေထိုင်ကြသော လယ်သမားများမှ တားဆီးခဲ့သည့်အတွက် လယ်သမားများနှင့် ကုမ္ပဏီဝန်ထမ်းများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် တောင်သူ သုံးဦး ဒဏ်ရာရရှိ ခဲ့ပြီး တခြားတောင်သူ သုံးဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။  လယ်သမားများကို လျော်ကြေးပေးရန် ညှိနှိုင်းခြင်းမရှိသည့်အတွက် တားမြစ် ခြင်းဖြစ်သည်ဟု လယ်သမားများမှ ပြောကြားခဲ့သည်။ အဆိုပါ လယ်မြေများသည် ၁၉၉၅-၉၆ ခုနှစ်တွင်  နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တည်ဆောက်ရန် ဆိပ်ကမ်းအာဏာပိုင်များမှ လယ်သမားများကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေး၍ သိမ်းယူခဲ့သည့် လယ်ယာမြေ များဖြစ်သည်။

မေလ ၁၄ ရက်နေ့တွင် မတ်ကျန်းပြည်သူ့စစ် (MTA) ဗိုလ်မှူးအဆင့်ရှိသူ ဦးခမ်းအောင်နှင့်အဖွဲ့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာအနီးရှိ အငြင်းပွားယာမြေပေါ်တွင် ဝင်ရောက်ထွန်ယက်သည့် လယ်သမားများကို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်၍ ရိုက်နှက်ခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးခြင်း မရှိသော်လည်း ကန်ကျောက်ရိုက်နှက်မှုများကြောင့် ရွာသားတချို့ ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မတ်ကျန်းပြည်သူ့စစ်မှ နမ့်ဟူးကျေးရွာအနီးရှိ ဧက ၃၀ဝ ကျော်ကို သိမ်းယူခဲ့၍ အငြင်းပွားမှုများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

မေလဒုတိယပတ်မှစတင်ကာ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ်ရှိ Nawng Mi ကျေးရွာတွင် ကုဇနကုမ္ပဏီမှ တောင်သူ ၁ဝ ဦး၏ လယ်ယာမြေဧက ၁၀ဝ ကျော်ကို မြေထိုးစက်များဖြင့် မြေထိုးခြင်းကို ပြုလုပ်လာ၍ ယုဇနကုမ္ပဏီနှင့် ဒေသခံ တောင်သူ များကြား လယ်ယာမြေအငြင်းပွားမှု ဖြစ်ပွားလျှက်ရှိသည်။

လယ်ယာမြေအငြင်းပွားမှုများအတွက် လယ်သမားများကို  ရဲတပ်ဖွဲ့သာမက လက်နက်ကိုင်အဖွဲ့များမှပါ  အင်အားသုံးဖြိုခွင်းခြင်း၊ ပစ်ခတ် ရိုက်နှက်ခြင်းတို့သည် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ ဒီမိုကရေစီ၏ အနှစ်သာရတို့နှင့် ဆန့်ကျင် ကွဲလွဲလျှက်ရှိသည်။  ထို့ပြင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ လယ်ယာမြေအငြင်းပွားမှုနှင့် ပတ်သက်၍ ကိုင်တွယ် ဆောင်ရွက်မှု လျော့နည်းနေသည်ကို ပြသလျှက်ရှိသည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ The Basic Principles on the use of Force and Firearms by Law Enforcement နှင့် the Code of Conduct for Law Enforcement Officials တို့တွင် လုံခြုံရေး၊ ရဲစသဖြင့် ဥပဒေစိုးမိုးရေးတွင် တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် အင်အား သို့မဟုတ် လက်နက်အသုံးပြုရာ တွင် လိုက်နာရမည့် တင်းကျပ်သည့် စည်းမျဉ်းများကို ဖော်ပြထားသည်။ စေ့စပ်ညှိနှိုင်းမှုနည်းလမ်းကို အသုံးပြုရမည့်အစား အကြမ်းဖက်သော နည်းလမ်းများကို အသုံးပြုခြင်းသည် လွဲမှားသည့် ဖြေရှင်းမှုဖြစ်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား လယ်ယာမြေ အငြင်းပွားမှုများကို စနစ်ကျစွာဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေး၍ ကိုင်တွယ်ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထို့ပြင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ အပိုဒ် ၂၂ တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်  မူလမှုခင်းဖွင့်လှစ် ၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်”ဟု ဖော်ပြထားသည့်အတွက် ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါရန်လည်း တိုက်တွန်းပါသည်။

မေလအတွင်းတွင်းတွင် အစိုးရမှ ကယားပြည်နယ်၊ မွန်ပြည်နယ်၊  မန္တလေးဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် သိမ်းဆည်းခြင်းခံထားရသော လယ်ယာမြေများကို မူလပိုင်ဆိုင်သော တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် နစ်နာကြေးများ ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသော်လည်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊  မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တို့တွင် လယ်သမားများသည် ၎င်းတို့၏ သိမ်းဆည်းခြင်းခံထားရသော လယ်ယာ မြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။ ထို့ပြင် သိမ်းဆည်းခြင်းခံထားရသော လယ်ယာမြေများပေါ်တွင် ဝင်ရောက် ထွန်ယက်စိုက်ပျိုးခြင်းအတွက် မေလ ရ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တရားရုံးမှ ကျောက်တန်းမြို့နယ်မှ တောင်သူ ၃၃ ဦးကို ငွေဒဏ် ၅၀ဝ ကျပ်စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုတောင်သူများသည် လေးနှစ်ကြာ တရားရင်ဆိုင်ခဲ့ ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲအင်းစိုက်ကွင်းအတွင်း ဦးပိုင်ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေများပေါ်သို့ ကျူးကျော်ဝင်ရောက် သည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ ၂၀၁၆ ခုနှစ်တွင် တရားစွဲဆိုခြင်းခံထားရသော တောင်သူလေးဦးသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ရာဇသတ်ကြီးပုဒ်မ ၄၄ရ ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသည်။ တောင်သူလေးဦးမှ စွဲချက်တင်ထားမှုကို ပြင်ဆင်ရန် လျှေက်ထားခဲ့သော်လည်း မေလ ၂၁ ရက်နေ့တွင် ကျောက်ဆည်ခရိုင်တရားရုံးမှ ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆() ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

မေလအတွင်း သုံးသပ်ချက်အစီရင်ခံစာ ဒေါင်းလော့ရယူရန်  May Burmese MiR

မေလအတွင်းသတင်းစုစည်းမှု ဒေါင်းလော့ရယူရန် May Burmese Chronology

လက်ကျန်နိုင်ကျဉ်းစာရင်းဒေါင်းလော့ရယူရန် 36 Remaining PP list Updated On May 31, 2018

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 226 facing trial list updated on May 31, 2018 (Updated)

၆၆ (ဃ) စာရင်း ဒေါင်းလော့ရယူရန် 66 (D) total list(new) Updated