မတ်လ ၂၀၁၈ခုနှစ် အေအေပီပီလစဉ်သတင်းလွှာ

ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့်လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခြင်း

HR awarness

လက်ပံတန်းမြို့နယ်တွင် ပြုလုပ်သော အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲ

ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ကိုးမြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း

မတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံ အုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ (၉) ပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၉) မြို့နယ်ဖြစ်သည့် မိုးညိုမြို့နယ်၊ သာယာဝတီ မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်း မြို့နယ်၊ နတ်တလင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ် တို့တွင် ကြီးမှူး ကျင်းပနိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲများသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖြူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့အစည်းမှ အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း (၆၉၇) ဦး တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲများတွင် တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာ မြို့နယ် အလိုက် တာဝန်ရှိသူများဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသူရအောင်၊ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ ဇီးကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ အုတ်ဖို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်တို့မှ အဖွင့်အမှာစကား ပြောကြားပေး ခဲ့ကြသည်။

ဆွေးနွေးပွဲများတွင်   AAPP မှ   ဦးအောင်မျိုးကျော်၊   ကိုဝဏ္ဏနွယ်နှင့် ကိုမျိုးထွဋ်အောင်တို့မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် ကိုဝဏ္ဏနွယ်နှင့် ကိုကျော်ဦးတို့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃၀၊ နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဟောပြော ရှင်းလင်း ဆွေးနွေး ပေးခဲ့ပါသည်။ ထို့ပြင် ကိုအောင်မျိုးကျော်နှင် ကိုဝဏ္ဏနွယ်တို့မှ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပေးခဲ့ပါသည်။ ဆွေးနွေးပွဲများတွင် AAPP မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အိတ်ဆောင် စာအုပ်များ၊ ကောင်းမွန်သော အုပ်ချုပ်မှုစံနစ်၏ အရေးကြီးသော အချက်များနှင့် ရပ်ကွက်နှင့် ကျေးရွာ နည်းဥပဒေ အခန်း (၄) ပါ အချက်များ၊ ပိုစတာ များ ကို  ဝေငှခဲ့ပါသည်။

အခြေခံ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင် ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချပေးခြင်း

training at Kyone doe ts

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်တွင် ပို့ချခဲ့သောလူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့်အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် သင်တန်း ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ တွင် မတ်လ ၆ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့ထိလည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းယောင်းမြို့တွင် မတ်လ ၁ရ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ထိလည်းကောင်း ကျင်းပ ပြုလုပ်ပေးခဲ့သည်။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် ကျင်းပပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုကျော်ဦးမှ ပို့ချပေးခဲ့သည်။ သင်တန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင် လူငယ်များ၊ ကရင်လူငယ် ဖွံ့ဖြိုးမှု အဖွဲ့ (KYDG) မှ အဖွဲ့ဝင်လူငယ်များ၊ ကရင်လူငယ်များ တွဲလက်ပရဟိတ အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ အမျိုးသမီး ၁ဝ ဦး၊ အမျိုးသား ၁၅ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ သင်တန်းတက်ရောက်ခဲ့ကြပြီး ၎င်းတို့မှာ ကရင်၊ ဗမာနှင့် ရှမ်းတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော ကရင်ပြည်နယ်တွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ တရားဥပဒေ စိုးမိုးမှု လျော့နည်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ အဓမ္မလူသစ်စုဆောင်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းယောင်းမြိ့နယ်၌ ကျင်းပ ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေးသင်တန်း နည်းပြအဖြစ် ကိုအောင်သိန်းကြည်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ ပို့ချပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၃) ဦး၊ သင်တန်းသား အမျိုးသား (၁၄) ဦး၊ စုစုပေါင်း (၁၇) ဦးတို့ သင်တန်း တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဓမ္မဆရာများ၊ ရပ်ကွက်စာရေးနှင့် ကျိုင်းတုံလူငယ် စင်တာမှ အဖွဲ့ဝင်များဖြစ်ကြသည်။ သင်တန်း တက်ရောက်သူများသည် လားဟူ၊ အာခါ၊ ရှမ်း၊ ရှမ်း-လားဟူတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မိုင်းယောင်းမြို့နယ်တွင် လယ်ယာမြေ သိမ်းဆည်းခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။ သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Justice forum

                                             တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံသို့ AAPP မှ ကိုဇော်မိုး တက်ရောက်

တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံကို တက်ရောက်

မတ်လ ရ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံအား နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းနှင့် သုတေသန တာဝန်ခံ/နိုင်ငံခြားရေးရာ ဒုတိယတာဝန်ခံ ကိုဇော်မိုးမှ တက်ရောက် ခဲ့ပြီး “တရားမျှတမှုလက်လှမ်းမီစေခြင်းနှင့် ဥပဒေဆိုင်ရာ အထောက် အကူပေးရေး” အခန်းကဏ္ဍ ၌ အကျဉ်းထောင်တွင်းရှိ အကျဉ်းသားများ တရားမျှတမှု လက်လှမ်းမှီစေရေး၊ တည်ဆဲဥပဒေများ ပြန်လည် ဆန်းစစ်သုံးသပ်ရေး၊ ဓလေ့ရိုးရာ ဥပဒေများ လေ့လာဆန်းစစ်ရေး စသည်တို့အား ဆွေးနွေးခဲ့သည်။

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ

MNHRC and AAPP

                              အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံ ဆွေးနွေးပွဲ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) နှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှ ကြီးမှူး၍  အကျဉ်းထောင်စနစ်ပြုပြင် ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ အား နေပြည်တော်ရှိ Max Hotel တွင် မတ်လ ၈ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် MNHRC ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး AAPP တွဲဘက် အတွင်းရေးမှူး ဦးတိတ်နိုင်မှ ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကော်မရှင် သွားရောက် လည်ပတ်ခဲ့သော ထောင်အတွေ့အကြုံများကို ရှင်းပြခဲ့ပါသည်။ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ အကျဉ်းထောင်စနစ်ပြုပြင် ပြောင်းလဲရေးအတွက် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ရေးရာကော်မတီအချို့မှ ကော်မတီ ဥက္ကဌ များနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှေ့နေချုပ်ရုံး၊ တရားသူကြီးချုပ်ရုံး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း မှ တာဝန်ရှိသူ များအပါအဝင် စုစုပေါင်း ၃၉ ဦးခန့် တက်ရောက်ခဲ့ပါ သည်။

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

မတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် တစ်ခုဖြစ် သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့တို့ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် တခြားထိခိုက် နစ်နာသူများကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကောင်ဆယ်လာများသည် တောင်တွင်းကြီးမြို့နှင့် နတ်မောက်မြို့ရှိ HIV ဝေဒနာရှင်များကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ရန်ကုန်မြို့တွင် AAPP-MHAP ကောင်ဆယ်လာများသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက် ရှိသည်။ မတ်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦး သည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက် အောင်မြင်ခဲ့၍ အမျိုးသမီး ခုနှစ်ဦးအား  ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိ သည်။  ထို့ပြင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက် ရေးဌာနမှ အမျိုးသမီး လေးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက် ခဲ့ပါသည်။ ထို့ကြောင့် ယခုလက်ရှိတွင် အမျိုးသမီး ခြောက် ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်စယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်း ပြုလုပ်လျှက်ရှိပါသည်။ မတ်လ အတွင်းတွင် လူငယ် ၁၁ ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ လိင် အလုပ်သမားများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ မတ်လအတွင်းတွင် မဲစောက်အဖွဲ့မှ ကောင်ဆယ်လာသုံးဦးသည် အမျိုးသမီး ငါးဦးနှင့် အမျိုးသား ငါးဦး တို့အား နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခု လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား ခုနှစ်ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

အထွေထွေလှုပ်ရှားမှုများ

March 13 Phone maw

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ် ၃ဝ ပြည့် အောက်မေ့ဘွယ် အခမ်းအနားသို့ AAPP မှ ကိုကျော်စိုး တက်ရောက်

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ် ၃ဝ ပြည့် အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ဂုဏ်ပြုအောက်မေ့ ဘွယ် အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ကိုကျော်စိုး အပါအဝင် ၁၉၉ဝ ခုနှစ်တွင် ကိုဖုန်းမော် ကျဆုံးခြင်း နှစ်နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရန်ကြိုးစားစဉ် ဖမ်းဆီးခြင်းခံရသူ များမှ တက်ရောက်ဂါဝရပြုခဲ့ကြပါသည်။

AAPP ၁၈ နှစ်ပြည့်နှင့် Memory of the Past ဓါတ်ပုံပြခန်း ဖွင့်လှစ်ပွဲ အခမ်းအနား

18 year aapp aniversary

AAPP ၁၈ နှစ်ပြည့်နှင့် Memory of the Past ဓါတ်ပုံပြခန်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ကျေးဇူးတင်စကား ပြောကြား

မတ်လ ၂၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP) တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားနှင့် Memory of the past အမည်ရ ဓါတ်ပုံပြခန်း ဖွင့်လှစ်ပွဲအခမ်းအနား အား ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ) မှ ဆောင်ရွက်ခဲ့ပြီး AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့သည်။ ထို့နောက် AAPP ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP)  ဌာနတာဝန်ခံ ကိုကျော်စိုးဝင်းမှ AAPP ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ နိုင်ငံရေးပါတီဖြစ် မြောက်ရေး ကော်မတီမှ ဦးကိုကိုကြီးနှင့် ဦးမင်းဇေယျ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါက်တာဒေါ်တိုးတိုးတင်၊ ၈၈ ငြိမ်းချမ်းရေး နှင့်ပွင့်လင်းအဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့မှ အမှတ်တရ စကားများ အသီးသီးပြောကြားပေးခဲ့ပြီး AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် Memory of the past ဓါတ်ပုံပြခန်းအား ဖွင့်လှစ်ပြသခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များ၊ သတင်း မီဒီယာများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (INGOs) မှတာဝန်ရှိသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဓါတ်ပုံပြခန်းအား နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသ ထားမည်ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဦးတိတ်နိုင်  အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈