အေအေပီပီမှဖေဖော်ဝါရီလအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

chronology bur cover

တစ်လအတွင်းသုံးသပ်ချက်

ဖေဖော်ဝါရီလအတွင်းတွင် အရပ်သား စုစုပေါင်း ၃၆ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၃၆ ဦးထဲမှ ၂၈ ဦးသည် လီဆူတိုင်းရင်းသား များဖြစ်ကြပြီး ကချင် လွတ်မြောက်ရေးတပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျန် ရှစ်ဦးသည် စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်ကာ သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် ငါးဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅ဝ (က)၊ (ဈ) ဖြင့် လေးဦး အပါအဝင် စုစုပေါင်း ကိုးဦး အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဖေဖော်ဝါရီလတွင်း ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုမှ တရားလိုပြုလုပ်ပြီး တရားရုံး မထီမဲ့မြင်ပြုမှု၊ ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး၊ တရားမဝင် တူမီးသေနတ်များ ကိုင်ဆောင်မှု၊ လိုင်စင်မဲ့ကားများ တွေ့ရှိမှု၊ စစ်ဆင်ရေးနယ်မြေအတွင်း သွားလာမှု၊ တရားမဝင် စကားပြောစက်များ အသုံးပြုမှု တို့အပါအဝင် အမှု ၁၂ မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပုံးမြို့ နယ်မှ အရပ်သား ရှစ်ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဖေဖော်ဝါရီအတွင်း စုစုပေါင်း သုံးဦး လွတ်မြောက်ခဲ့သည်။ ၎င်းတို့မှာ မတရားအသင်း အက်ဥပဒေ၊ ၁၇(၁)(၂) ဖြင့် တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊(ဂ) ဖြင့် တစ်ဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ ဖြင့် ရှေ့နေတစ်ဦးတို့ ဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဖြစ်ကြသော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေး၊ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးတို့မှာ ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလတလျှောက်လုံးတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လိုအပ်မှုများစွာရှိနေသည့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်မှုတချို့ရှိသည်ကို လေ့လာတွေ့ရှိခဲ့သည်။ မတ်လအတွင်း ဘားအံ၊ မြိတ်၊ အင်းစိန်နှင့် အိုးဘိုအကျဉ်းထောင်များမှ အကျဉ်းသား ၁၀ဝ ကျော်သည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုမည်ဟု  အကျဉ်းထောင်အာဏာပိုင်များမှ ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်ကတည်းက အင်းစိန်၊ အိုးဘိုနှင့် သာယာဝတီ ဗဟိုအကျဉ်းထောင်များမှ အကျဉ်းသားများသည် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိခဲ့သည်။ ယခု ပညာသင်နှစ် တွင်လည်း အကျဉ်းသားများအားလုံးသည် စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ ထိုမျှသာမက  အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အဆင့် ပညာရေးရှိသော အကျဉ်းသား၊ အကျဉ်းသူများကို  စာရင်းကိုင်ပညာရပ်အား သင်ကြားပေး မည်ဖြစ်သည်။

ထိုပြုပြင်ပြောင်းလဲမှုများသည် လိုအပ်ပြီး ထိုကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်ခြင်းကို ကြိုဆိုပါသည်။ ပညာရေးဆိုင်ရာ လိုအပ်မှုများ အတွက် အာဏာပိုင်များသည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များကို နိုင်ငံတကာအဆင့်အတန်းသို့ လက်လှမ်းမီစေရေုးအတွက် ပံ့ပိုး ကူညီမှု ပေးလျှက်ရှိသော်လည်း ထိုအခြင်းအရာများသည် နိုင်ငံတကာ အဆင့်အတန်းကို လက်လှမ်းမီနေပြီဟု ဆိုလို၍ မရပါ။ အကျဉ်းသားများကို ပြုမှုဆက်ဆံရမည့် စည်းမျဉ်းများ၊ အပိုဒ် ၈ တွင် အကျဉ်းသားများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် အထောက်အကူပြုသော အခြေအနေများ ဖန်တီးရန် အစိုးရတွင် တာဝန်ရှိသည်ဟု ဖော်ပြထားပြီး ထိုမှသာ ၎င်းတို့ လွတ်မြောက်လာပြီးနောက်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ ထိုမျှသာမက အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံး စည်းမျဉ်းများ (SMRs) အပိုဒ် ၇ရ တွင် အကျဉ်းသားများ ပညာသင်ယူနိုင်ရန် ထောက်ပံ့ပေးရမည်ဟု ဖော်ပြထားသည်။

ပညာရေးဆိုင်ရာအဆင့်အတန်းများနိမ့်ကျနေသည့်အပြင် အကျဉ်းသားဦးရေ အလွန်အမင်း ပြည့်သိပ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်းများသည် နိုင်ငံတကာ အဆင့်အတန်းသို့ ရောက်ရှိခြင်းမရှိသေးပါ။ AAPP ၏ တွက်ချက်မှုအရ ၂၀၁ရ ခုနှစ်အတွင်း တွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များသည် ပျှမ်းမျှ အကျဉ်းသားဦးရေ ၇၉.၇၃ ရာခိုင်နှုန်း ပြည့်သိပ်နေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ပြောင်းလဲမှု တစ်စုံတစ်ရာမရှိပါ။ အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းသည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ပြီး ထိုအခြင်းအရာမှ သန့်ရှင်းမှုမရှိသော နေထိုင်မှုအခြေအနေများနှင့် ကူးစက်ရောဂါများကို ဖြစ်ပွားစေပါ သည်။ အကျဉ်းသားများကို ဆက်ဆံထားရှိရမည့် အနိမ့်ဆုံး စည်းမျဉ်းများ  အပိုဒ် ၁၃ တွင် လုံလောက်သော တစ်ကိုယ်ရည် သန့်ရှင်းမှုများ၊ အသုံးအဆောင် များရှိရမည်ဟု သတ်မှတ် ပြဋ္ဌာန်းထားပြီး  အခြေခံစည်းမျဉ်း အပိုဒ် ၉ တွင်လည်း လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု ရှိရမည်ဟု ဖော်ပြထားသည်။ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ထိုစည်းမျဉ်းများအားလုံးကို တိုက်ရိုက် ချိုးဖောက်လျှက်ရှိပြီး ထိုအခြင်းအရာသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံ တစ်မျိုးဖြစ်သည်ဟု ကမာ္ဘ့ကုလသမဂ္ဂမှ သတ်မှတ်သည့်အပြင် AAPP မှလည်း ထို့ကဲ့သို့သတ်မှတ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC)မှ  အကျဉ်းထောင်တွင်း လူဦးရေ အလွန်အမင်း  ပြည့်သိပ်နေခြင်းကို စစ်ဆေး၊ တွေ့ရှိခဲ့ပြီး ထိုအခြင်းအရာကို လျော့နည်းသက်သာစေရန်အတွက် လွှတ်ပေးသင့်သော အကျဉ်းသားများကို လွှတ်ပေးရန် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ တင်ပြ၍ တိုက်တွန်းခဲ့သည်။ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်မှ  အကျဉ်းထောင်အတွင်း အများဆုုံး အကျဉ်းကျခံနေရသူများသည် မူးယစ်ဆေးဝါး အမှုများဖြစ်ပြီး အကျဉ်းထောင် လူဦးရေ ပမာဏ၏ ၄၆ ရာခိုုင်နှုန်းကျော်ရှိသည့်အတွက် လွှတ်ပေးသင့်သူများကို စိစစ်ကာ လွှတ်ပေးရမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုစာအတွင်း၌ ပြစ်မှု ကျူးလွန်သည်ဟု တိကျသော သက်သေမရှိဘဲ သံသယနှင့် ထောင်ကျခံရသူများ၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာသန်စွမ်းမှု မရှိသောသူ၊ သတ်ရန်ရည်ရွယ်ချက်မရှိဘဲ မတရားခံရခြင်းကိုုဝင်ကူရင်း အသက် သေဆုုံး၍ ထောင်ကျခံရသူ၊ ပြစ်မှုကြီး မဟုုတ်ဘဲ ထောင်ကျနေသော အမျိုးသမီး ကလေး မိခင်များကိုလည်း ပြန်လွှတ်ပေး သင့်သည်ဟု ပါဝင်သည်။ သို့သော်လည်း နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးသည့်အတွက် ယုုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများနှင့် ပတ်သတ်၍ ထိုစာအတွင်းတွင် သီးခြား တင်ပြထားခြင်း မရှိသေးပါဟု MNHRC မှ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ၂၀၁ရ ခုနှစ်အတွင်း ကော်မရှင် သွားရောက် စစ်ဆေးခဲ့သော အကျဉ်းထောင် ၂၆ ခု၊ အလုပ်စခန်း ၂၅ ခုမှ အကျဉ်းသား ၄၅၃ ဦးနှင့် တွေ့ဆုံခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား အဖြစ် ပြောကြားခဲ့သူ တစ်ဦးမျှ မရှိကြောင်း ပြောကြားခဲ့သည်။ MNHRC မှ နိုင်ငံတော် သမ္မတထံသို့ စာပေးပို့၍ အကျဉ်းသား များအရေးကို တင်ပြ တိုက်တွန်းခဲ့ခြင်းသည် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ် ဖြစ်သော်လည်း ကော်မရှင်မှ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများကို စိစစ်၍ လွှတ်ပေးရန် တိုက်တွန်း ပြောကြားခြင်း သို့မဟုတ် အစိုးရအား နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံရန် တိုက်တွန်းခြင်းတို့ ပြုလုပ်ရန် တိုက်တွန်းပါသည်။ ထို့ပြင် AAPP မှ အစိုးရအား နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြန်ဆုံး လက်ခံရန်နှင့် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသား ၄၄ ဦး နှင့် တရားရင်ဆိုင်နေရသူ ၁၉၆ ဦးအား အမြန်ဆုံး လွှတ်ပေးပါရန် တိုက်တွန်းပါသည်။

အကျဉ်းထောင်တွင်း အခြေအနေများသည် နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားအတွက် နာတာရှည်ရောဂါများကို ဖြစ်ပွားစေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် လိုအပ်နေဆဲဖြစ်သည်ကို ပြသနေသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် AAPP အပါအဝင် များစွာသော လူ့အခွင့်ရေးလှုပ်ရှားသော အဖွဲ့များမှ အစိုးရအား အကျဉ်းထောင်များကို နိုင်ငံတကာ အဆင့်အတန်းမီစေရေးအတွက် ဆက်လက် တောင်းဆိုလျှက်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးရာတွင် အခက်အခဲရှိသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းကြိုးပမ်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မူ စင်တာ (HCPP – Healthcare Center for Political Prisoners) ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင် ဖွင့်လှစ်ခဲ့သည်။  နိုင်ငံရေး အကျဉ်းသားဟောင်းများမှ အစိုးရအား အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး ပြုလုပ်ရန် တောင်းဆိုလျှက်ရှိသော်လည်း ပြည်စုံသော အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး သည် လက်ရှိအစိုးရ လက်ထက်တွင် ဦးစားပေးအနေဖြင့် ရှိမနေပါ။ များစွာသော ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေခြင်းသည် တိုးတက်မှုဖြစ်သော်လည်း လူတိုင်း လူ့ဂုဏ်သိက္ခာနှင့် လေးစားမှုကို ရရှိစေရန် အတွက် ကမာ္ဘ့ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံတကာ စံချိန်၊စံညွှန်းများအတိုင်း လုပ်ဆောင်ပါရန်   AAPP မှ အစိုးရအား တိုက်တွန်းပါသည်။  သို့သော်လည်း မြန်မာနိုင်ငံ၏ အကျဉ်းထောင် စနစ်တွင် လူ့ဂုဏ် သိက္ခာနှင့် လေးစားမှုတို့ကို ထိန်းသိမ်းထား ခြင်းမရှိပါ။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လှည်းကူးမြို့နယ် မင်းကုန်း စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက်စစ်ဆေးခဲ့သည်။ ထိုစခန်းတွင် အကျဉ်းသားများအပေါ် ရိုက်နှက်ခြင်း၊ ထိုးကြိတ်ခြင်း၊ မတန်တဆ ခိုင်းစေခြင်း၊ ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည့် အကျဉ်းဦးစီးဌာန ဒုတိယတာဝန်ခံ၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်းတစ်ဦးကို လိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီး ထိုက်သင့်သလို အရေးယူသင့်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြံပြု တိုက်တွန်းခဲ့သည်။ ထိုကဲ့သို့ အကြံပြု တိုက်တွန်းခဲ့သည့်အပေါ် AAPP မှ  ကြိုဆိုပြီး အကျဉ်းသားများ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစိုးရမှ ပို၍ တင်းကြပ် သော နည်းလမ်းများဖြင့် ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၎င်း၏ အစိုးရ သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း ပါတီ  ဗဟိုအမှုဆောင် ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမှ ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်တွင် အစိုးရမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် ကတိပြုခဲ့ပြီး ထိုကတိပြုထားမှုကို ဆက်လက် ဆောင်ရွက်လျှက်ရှိသည်ဟု ၎င်းမှ ပြောကြားခဲ့သည်။ ထိုကဲ့သို့ ကတိပြုထားခဲ့သော်လည်း နိုင်ငံအတွင်းတွင် ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြည်မြို့၌် ဒေသခံ ၅ဝ ခန့်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ တစ်ဦးမှ ပြည်သူကိုအသိမပေးဘဲ၊ ပြည်သူနှင့်ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ရေးဆွဲထားသည့် ဥပဒေဖြစ်သည့် အတွက်ကြောင့် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုဆန္ဒထုတ်ဖော်မှုပြီးနောက် ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် ဆန္ဒပြသူ ၁၀ဝ ခန့်သည်  စုဝေးခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးအတွက် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြသူများမှ ပဲခူးတိုင်းအနောက်ပိုင်းတွင်လည်း မကြာခင်တွင် ဆန္ဒပြပွဲ ထပ်မံ ပြုလုပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကိုနောင်နောင်နှင့် ဒေါ်လေးလေး ခေါ် ဒေါ်စန်းစန်းဝင်းတို့ကို ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးမှ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို စွဲချက်တင် ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် ၎င်းတို့သည် တရားရုံးအပြင်ဘက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေဖြင့်နင်း၍ ကြွေးကြော်ခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရကာ ဇန်နဝါရီလအတွင်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ၁၅၃ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခြင်း ခံထားကြရသည်။ ၎င်းတို့နှင့်အတူ ဆန္ဒပြရာတွင်  ပါဝင်ခဲ့သော  ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းနှင့်ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေးတို့သည်လည်း ဖမ်းဝရမ်းထုတ်ထားခြင်းခံနေကြရသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြသော နိုင်ငံသားများကို ဖမ်းဆီးခြင်းသည် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)၊ ပုဒ်မ ၂၁ ကို ဖောက်ဖျက်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏  ပြစ်မှုဆိုင်ရာစနစ်တွင် ယန္တရား တစ်ခုသဖွယ် အသုံးပြုနေသော တရားစွဲဆိုခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို နောက်ဆုံးအခြေအနေမှသာ သုံးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားစွဲဆိုခြင်း မပြုမီထိန်းသိမ်းထားခြင်းသည် နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ကန့်သတ် ထားခြင်း ဖြစ်သည့်အတွက် ထိုအခြင်းအရာသည် ICCPR အပိုဒ် ၉ နှင့် ဆန့်ကျင်လျှက်ရှိပြီး အကျဉ်းထောင်အတွင်း လူဦးရေ အလွန်အမင်း ပြည့်သိပ်နေမှုကို ဖြစ်ပေါ်စေပါသည်။

ဖေဖော်ဝါရီဝါရီလ ၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးမှ တိုင်းပြည်တွင် စိတ်ကျန်းမာရေးရောဂါ ဖြစ်ပွားမှု များလာပြီး စိတ်ရောဂါကု ဆရာဝန် နည်းပါးသောကြောင့် စိတ်ကျန်းမာရေးမကောင်းသူများသည် ကုသမှုအပြည့်မဝ မရရှိနိုင်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလ အတွင်းတွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများမှ အစိုးရအား  အမျိုးသားအဆင့်  ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် တစ်ခု လိုအပ်နေခြင်းအား ကိုင်တွယ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ စိတ်ရောဂါ အထူးကုဆရာဝန်များမှ ၁၉၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ယခု စနစ်သည် နိုင်ငံ၏ လိုအပ်မှုများကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဟု ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်ကတည်းက ဥပဒေကြမ်းသစ်ကို ဆွေးနွေးခဲ့သော်လည်း လွှတ်တော်တွင်းတွင် ထိုဥပဒေကြမ်းသစ်ကို ဆက်လက် ဆွေးနွေးမှုမရှိသေးပါ။ မြန်မာနိုင်ငံသည် ကိုလိုနီအုပ်ချုပ်မှု နှင့် စစ်အစိုးရအုပ်ချုပ်ခဲ့မှုများကြောင့် အရိုးစွဲနေသော စိတ်ဒဏ်ရာများရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် စိတ်ကျန်းမာရေးသည် အဓိကအရေးကြီးပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် စိတ်ဒဏ်ရာရခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကို တွေ့ကြုံပြီးနောက် ခံစားရသော စိတ်ဖိစီး ကစင့်ကလျားဖြစ်မှုများ (PTSD) နှင့် စိုးရိမ် ကြောင့်ကြမှုများကို အများအားဖြင့် ခံစားကြရသောကြောင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအတွက် ပြန်လည်ထူထောင်မှုများတွင် လိုအပ်နေသော ကွာဟမှုကို ဖြည့်ဆည်းရန် AAPP မှ စိတ်ဓာတ် မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ ကူညီခြင်း အစီအစဉ် (MHAP) စတင်ခဲ့သည်။ လက်ရှိတွင်  AAPP ၏ MHAP အစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများ၊ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များ၊ လူကုန်ကူးခံရသူများနှင့် အိမ်တွင်းအကြမ်းဖက်ခံရသူများကို နှစ်သိမ့် ဆွေးနွေးပေး လျှုက်ရှိသည်။ ထိုသူများအား လုံလောက်သော ကူညီမှု ပေးနိုင်ရန် AAPP မှ အစိုးရအား ခေတ်နောက်ကျနေသော စိတ်ကျန်းမာ ရေးဆိုင်ရာ ဥပဒေများကို ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်သော အရပ်ဘက်အဖွဲ့အစည်းများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ မူဝါဒများကို ခေတ်နှင့်အညီမွမ်းမံ ပြင်ဆင်ခြင်း၊ စိတ်ကျန်းမာရေးမကောင်းသူများအပေါ် အဆိုးမြင်နေမှုများကို အဆုံးသတ်ခြင်းဖြင့်   အစိုးရမှ ၂၀၁ရ ခုနှစ်တွင် နိုဝင်ဘာလတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) အပိုဒ် ၁၂ တွင် ဖော်ပြထားချက်များနှင့်အညီ ၎င်း၏ တာဝန်များကို ရှေ့ဆက် လုပ်ဆောင်ရမည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့ပြီး  နိုင်ငံတော် သမ္မတမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ် ရေးထိုးကာ အတည်ပြုထုတ်ပြန်ခဲ့သည်။ ထိုဥပဒေတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်မချမှတ်တော့ဘဲ လူမူရေး ပြစ်ဒဏ်ပေးမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပထမဦးဆုံး ထိန်းသိမ်းပြုပြင်ရေးသင်တန်းကျောင်းများသို့ ပို့မည်ဖြစ်ကာ ထိုကျောင်းတွင်  စည်းကမ်း မလိုက်နာပါက  လူမူရေးပြစ်ဒဏ်အဖြစ် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရမှ မူးယစ်ဆေးဝါးဥပဒေအသစ် ပြဋ္ဌာန်းခဲ့ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို အကျဉ်းချခြင်းမပြုခြင်းတို့ လုပ်ဆောင်ခြင်းကို ကြိုဆိုသော်လည်း သင့်တော်ခြင်းမရှိသော ပြစ်ဒဏ်များဖြင့် ကြာရှည်စွာ အကျဉ်းကျနေသော မူးယစ်ဆေးဝါး သုံးစွဲသူများကို လွှတ်ပေးပါရန် အစိုးရအား တိုက်တွန်းပါသည်။ သင့်တော်ခြင်းမရှိစွာဖြင့် ကြာရှည်စွာ ပြစ်ဒဏ်ကျခံနရသော မူးယစ်ဆေးဝါးသုံးစွဲ သူများသည် လက်ရှိ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်ခြင်းကဲ့သို့သော ပြဿနာများကို ပို၍ ဆိုးရွားစွာ ရင်ဆိုင်နေရသည်။ အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းသည် အဓိက ပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲ သူများကို ထောင်ဒဏ်ချမှတ်ခြင်းဖြင့် ထိုပြဿနာကို ပို၍ ဆိုးရွားစေပါသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော MNHRC ၏ အစီရင်ခံစာတွင် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူများသည် အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ကျန်းမာရေး ပြဿနာများနှင့် လုံခြုံမှု မရှိသော နေထိုင်မှု အခြေအနေများကို ဖြစ်ပွားစေပြီး အထက်တွင် ဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။ ပြန်လည်ထူထောင်ရေးအပေါ် အာရုံစိုက် သော ဆိုးရွားမှုနည်းသည့် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် လူမှုရေးပြစ်ဒဏ်များ ထမ်းဆောင်စေခြင်းတို့သည် နိုင်ငံတကာ စံချိန်၊ စံနှုန်းများ နှင့်အညီဖြစ်စေသည်သာမက အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေသော ပြဿနာကိုလည်း ကိုင်တွယ် ဆောင်ရွက် နိုင်လိမ့် မည်ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းတွင် အာဏာပိုင်များမှ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ဖြိုခွင်းခဲ့ကြောင်း AAPPမှ မှတ်တမ်းပြုခဲ့သည်။ ထိုမျှသာမက ဖေဖော်ဝါရီလအတွင်းတွင် ဆန္ဒပြသူများကို ပို၍ အခက်အခဲဖြစ်စေမည့် ငြိမ်းချမ်းစွာ စုဝေးမှုနှင့် ဆက်နွယ်သော ပြဋ္ဌာန်းချက်များကို အစိုးရမှ စတင် လုပ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဥပဒေကြမ်းအရ စီတန်းလှည့်လည် ဆန္ဒပြသူများအနေဖြင့် ဆန္ဒပြပွဲ ခန့်မှန်းကုန်ကျစရိတ်၊ ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို တင်ပြရမည့်အချက်အား ဖြည့်စွက်ထားသည်။ ထို့ပြင် ဥပဒေကြမ်းတွင် မည်သူမဆို နိုင်ငံတော်လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်နိုင်ရာကြောင်း အခြေအနေ ဖြစ်နိုင်ကြောင်း သိရက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကို လည်း ကောင်း၊ အခြားနည်းလမ်း တစ်ခုခုကို သုံးစွဲပြီး လူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းခြင်းပြုအောင် သွေးဆောင်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြင်ဆင်ထားသည်။ ထိုဥပဒေကြမ်းကို အတည်ပြုလျှင် ထိုဥပဒေသည် သုံးကြိမ်တိုင် ပြင်ဆင် ဖြည့်စွက်သော ဥပဒေဖြစ်မည် ဖြစ်သည်။

အဆိုပြုထားသော ပြင်ဆင်ဖြည့်စွက်ချက်များသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး နိုင်ငံတကာ စံချိန်၊စံနှုန်းများနှင့် လုံးဝ ဆန့်ကျင် လျှက်ရှိ သည့်အပြင် ထိုအခြင်းအရာသည် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အစိုးရအတွက် နောက်ပြန်ဆုတ်နေသည့် ခြေလှမ်း တစ်ရပ် ဖြစ်သည်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းတို့၏ အပိုဒ် ၂၁ တွင် လွတ်လပ်စွာ စုဝေးခွင့်ကို အကာအကွယ်ပေးထားပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်သည် ရာဇဝတ်မှုဆိုင်ရာ ပြစ်မှု တစ်ခုအဖြစ် ရှိမနေသင့်ပါ။ ထို့ပြင် ဆန္ဒပြမှုအတွက် တင်းကြပ်သော ပြဋ္ဌာန်းချက်များသည် အဆိုပြုထားသော ပြင်ဆင် ဖြည့်စွက်ချက်များတွင် ပါဝင်သည့်အပြင် ဆန္ဒပြမည်ဆိုလျှင် ခွင့်ပြုချက် တောင်းခံရမည်ကဲ့သို့သော လက်ရှိ တည်ရှိနေသော ကန့်သတ်ချက်များတွင်လည်း ပါဝင်နေခြင်းသည် နိုင်ငံတကာ စံချိန်၊စံနှုန်း များနှင့် ဆန့်ကျင်လျှက်ရှိသည်။ AAPP မှ အစိုးရအား နိုင်ငံသားများ၏ အခြေခံကျသော အခွင့်အရေးများကို ကာကွယ်ရန်အတွက် ထိုဥပဒေ၏ ချို့ယွင်းချက်များကို ပြင်ဆင်၊ဖြည့်စွက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းပါ သည်။

နိုင်ငံရေးလှုပ်ရှားသူများ နှုတ်ဆိတ်သွားစေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ)ကို ဖေဖော်ဝါရီလ အတွင်းတွင်လည်း ဆက်လက် အသုံးပြုလျှက်ရှိသည်။ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ခြင်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်မှ တောင်သူ ငါးဦးတို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခြင်း ခံခဲ့ရသည်။ တောင်သူ ငါးဦးသည် လယ်ယာမြေနှင့် သီးနှံလျော်ကြေးများ ရရှိရန်အတွက် ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင် ကုမ္ပဏီတို့ကို ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ငြိမ်း၊စု၊စီ ဥပဒေ၏ ရှင်းလင်းမှုမရှိခြင်းကြောင့် ထိုဥပဒေနှင့် နိုင်ငံသားများကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း တို့ကို ရပ်တန့်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ ထို့ပြင် ထိုဥပဒေဖြင့် ရေတွက်၍ မရနိုင်သော ဖမ်းဆီးမှုများ ဖြစ်ပေါ်စေမည်ဖြစ်ခြင်း၊ ခွင့်ပြုချက်ဖြင့်သာ ဆန္ဒထုတ်ဖော်ရမည်ဟု သတ်မှတ် ပြဋ္ဌာန်းထားခြင်း တို့အတွက် ထိုဥပဒေကို ပြန်လည် သုံးသပ်ပါရန် တိုက် တွန်းပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေတ်သစ်ဆီသို့ ရှေ့ဆက်လှမ်းနိုင်ရန်အတွက် နိုင်ငံသားများသည် ဖိနှိပ်မှုများကို ကြောက်ရွံ့ခြင်းမရှိဘဲ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို ရရှိစေရန်  ငြိမ်း၊စု၊စီ ဥပဒေကို ပြန်လည် ရေးဆွဲရ မည်ဖြစ်သည်။

ဆန္ဒပြမှုများနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဖြိုခွင်းလျှက်ရှိသည့်အပြင် အာဏာပိုင်များသည် စာနယ်ဇင်းသမားများနှင့် မီဒီယာများကို ပစ်မှတ်ထားကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ်ကို နှုတ်ဆိတ်သွားစေရန် ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ ဖမ်းဆီးခြင်းခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်ကြသော ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့သည် ဖေဖော်ဝါရီလအစောပိုင်းတွင် အာမခံငြင်းပယ်ခြင်းခံခဲ့ရပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ခံနေကြရသည်။ ၎င်းတို့သည် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားဆိုင်နေကြရခြင်းဖြစ်ပြီး ၎င်းတို့၏ တရားခွင် ကြားနာစစ်ဆေးမှုတွင် ဖမ်းဆီးရာ၌ ပါဝင်ခြင်းမရှိသော ရဲအရာရှိမှ လာရောက်စစ်ဆေးခံသည်ဟု ကိုဝလုံးမှ စွပ်စွဲပြောကြား ထားသည်။ ထို့ပြင် ၎င်းတို့အား မည်သည့် နေရာတွင် ဖမ်းဆီးသည်ကို ထွက်ဆိုသော  တရားလိုပြ သက်သေများ၏ ထွက်ဆိုချက် များသည်လည်း ကွဲလွဲလျက်ရှိသည်။ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICCPR) အပိုဒ် ၁၉ တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်။ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ ဖော်ပြခြင်းသည် လွတ်လပ်သော လူမှုအဖွဲ့အစည်းတွင် ရာဇဝတ်မှု မဟုတ်ပါ။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ တရားခွင် ကြားနာစစ်ဆေးမှု ဆက်လက်ရှိနေ သော်လည်း ၎င်းတို့သည် ပြစ်ဒဏ်ချမှတ်ခံရသူများကဲ့သို့ ပြုမှုဆက်ဆံခြင်းခံနေကြရသည်။ တရားစွဲဆိုခြင်းမပြုမီ ၎င်းတို့ကို ထိန်းသိမ်းထားခြင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိဘဲ ၎င်းတို့၏ တရားခွင် ကြားနာမှုသည် ၎င်းတို့ကို မတရား ဖမ်းဆီးခြင်းဖြစ်သည်ကို ပြသနေသည်။ ထိုအခြင်းအရာသည် ICCPR အပိုဒ် ၉ ကို ချိုးဖောက်လျှက် ရှိသည်။ AAPP မှ အစိုးရအား ၎င်းတို့နှစ်ဦးအား အမြန်ဆုံး လွှတ်ပေးပါရန် ထပ်မံ၍ တောင်းဆိုပါသည်။

ထို့ပြင် ရိုက်တာသတင်းထောက်များအမှုနှင့် ဆက်နွယ်၍ အာဏာပိုင်များမှ မီဒီယာများကို ဆက်လက် ဖိနှိပ်လျှက်ရှိသည်။ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် ရိုက်တာ သတင်းထောက်နှစ်ဦးအား တရားစွဲဆိုခဲ့သည်ဟူသော 7 Day Daily သတင်းစာ ၏ ဖော်ပြမှုသည် တရားခွင် ထွက်ဆိုချက်များနှင့် ကွဲလွဲနေသည့်အတွက် 7 Day Daily သတင်းစာမှ တာဝန်ရှိသူများကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ ဖြင့် အရေးယူပေးရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးက လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့်  မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။  သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ သည် နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ဖော်ပြထား သည်။

ထို့ပြင် ရိုက်တာ သတင်ထောက် နှစ်ဦးကို တရားလိုပြုလုပ် တိုင်တန်းသူ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်၏ တရားခွင်တွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက် စကားရင်းအတိုင်း ဖော်ပြခြင်းမပြုဘဲ သတင်း ရေးသားသူ၏ ထင်မြင်ချက် အာဘော် အတိုင်း ရေးသားထားခြင်း ဖြစ်ကြောင်းလည်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ ကျင့်ဝတ်ဖောက်ဖျက်မှုများကို ကာကွယ်ရန် အာဏာပိုင်များအတွက် မူဝါဒများထားရှိသော်လည်း နိုင်ငံ၏ ထိခိုက်လွယ်သော ကိစ္စများ သို့မဟုတ် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်လျှက်ရှိသော ကိစ္စများတွင် သတင်းရေးသားသူ အများစုသည် တရားစွဲဆိုခြင်းခံခဲ့ရပြီးဖြစ်သည်။ လူတိုင်း၏ သုံးသပ်ချက် များနှင့် ထင်မြင် ယူဆချက်များကို ဖိနှိပ်ခြင်းမှ ကာကွယ်ထားသည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့် တို့သည် မြန်မာနိုင်ငံတွင် မရှိပါ။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခဲ့သော အစိုးရမှ နိုင်ငံကို အုပ်ချုပ်နေသော်လည်း ၎င်းတို့၏ မူဝါဒ အများအပြားသည် စစ်အစိုးရလက်ထက်က မူဝါဒများနှင့် ခြားနားမှု မရှိလှပါ။ မြန်မာနိုင်ငံသည် ၎င်း၏ ဒီမိုကရေစီခရီးကို ရှေ့ဆက် နိုင်ရန်အတွက် ဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်ရမည်ဖြစ်ပြီး ဒီမိုကရေစီ လမ်းကြောင်းတွင် ထိုဥပဒေများကို အသုံးပြုရ မည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၏ ဒုတိယ ပြန်ကြားရေး တာဝန်ခံ ကိုခိုင်မျိုးထွန်းသည် ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ကိုခိုင်မျိုးထွန်းသည်  ကိုးလကြာ ထောင်တွင်းမှ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ် ဆယ့်ရှစ်လ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ သူသည် ရခိုင်ပြည်နယ်အတွင်း စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်း ကို ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းအတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ သွေးထိုး လှုံ့ဆော်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊(ဂ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုကြေညာချက်အတွင်းတွင် တပ်မတော်မှ ဒေသခံများအား အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်းကို ဖော်ပြထားသည်။ ကိုခိုင်မျိုးထွန်း လွတ်မြောက်လာခြင်းကို ကြိုဆိုသော်လည်း ကြာရှည် စွာ တရားရင်ဆိုင်ခဲ့ရခြင်းကို ရှုံ့ချပြီး သူ့အား စွဲဆိုထားသော စွဲချက်များအတွက် အာဏာပိုင်များအား ရှုံ့ချပါသည်။ အဘယ် ကြောင့်ဆိုသော် လူတိုင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိသည်ဟူသော နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၉ ကို ချိုးဖောက်သောကြောင့်ဖြစ်သည်။ ပုဒ်မ ၅၀၅(ခ)၏ ရှင်းလင်း ခြင်းမရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆိုးရွားသော ရာဇဝတ်မှုဆိုင်ရာ သဘောသဘာဝရှိခြင်းကြောင့် ထိုပုဒ်မကို လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ရာဇဝတ်မှုမြောက်စေရန်နှင့် နိုင်ငံရေး လှုပ်ရှားသူများ၊ တက်ကြွသူများအား အကျဉ်းချရန် ဆက်လက် အသုံးပြုဆဲဖြစ်ပြီး တိုင်းရင်းသားတို့၏ အခြေခံကျသော အခွင့်အရေးများကို ကန့်သတ်ထားဆဲဖြစ်သည်ကို ပြသလျှက်ရှိသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်၊ မတ်လတွင် အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြနေစဉ်အတွင်း လက်ပံတန်းမြို့နယ်၌ ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံသူများ၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများ ကွန်ရက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်နှင့် ဆန္ဒပြ ကျောင်းသားများအား ဦးဆောင်သူတစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကိုသန်းထိုက်တို့သည် နှစ်နှစ်နှင့်ငါးလကြာသည်အထိ ဆက်လက် တရားရင်ဆိုင်နေကြရဆဲဖြစ်သည်။ အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော် အစိုးရမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ ဖြင့် သာယာဝတီထောင်တွင် ထိန်းသိမ်းခြင်းခံထားရသော ဆန္ဒပြ ကျောင်းသားများ၊ ဝန်းရံသူများကို စွဲဆိုထားသည့် စွဲချက်များအားလုံးကို ရုပ်သိမ်းပေးခဲ့သော်လည်း ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့သည် တရားရုံးမထီမဲ့မြင်ပြုမှု၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ဆက်လက် တရား ရင်ဆိုင်နေရလျှက်ရှိသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဒေါ်ခင်ခင်ကျော်မှ အမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်ဥက္ကဌများ၊ ပြည်ထောင်စုတရား သူကြီး ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့များထံကို ဖေဖော်ဝါရီလ ၁ ရက်နေ့က မေတ္တာရပ်ခံ တင်ပြထား သည်ဟု ပြောကြားခဲ့သည်။ ကာလကြာရှည်စွာ တရားရင်ဆိုင်နေရခြင်းသည် သင့်တော်မှုမရှိဘဲ တရားရေးစနစ်တွင် လိုအပ်မှုများ ရှိနေသည်ကို ညွှန်းဆိုပြသနေသည့်အတွက် ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို အမြန်ဆုံး ရုပ်သိမ်းပေးပါရန် တိုက် တွန်းပါသည်။

၂၀၁ရ ခုနှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားသည့် စာများထဲတွင် အစိုးရ၊ တပ်မတော်တို့မှ သိမ်းယူထားသော မြေယာများနှင့် ပတ်သက်သည့် တိုင်ကြားစာများ အများဆုံးဖြစ်ကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်မှ ပြောကြားခဲ့သည်။ အစိုးရ၊ တပ်မတော်တို့မှ သိမ်းယူထားသည့်မြေယာများကို မူလမြေပိုင်ရှင်များမှ ပြန်လိုချင်၍ တောင်းသည့် တိုင်စာများ၊ အစိုးရမှ ပြန်ပေးသည့်အခါတွင်လည်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ၊ မြေစာရင်း၊ ကျေးလက်ဌာနတို့မှ အလွဲသုံးစားလုပ်သဖြင့် မူလပိုင်ရှင်များ ပြန်မရသည့် ဖြစ်စဉ်များကို  တိုင်ကြားကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တိုင်စာများတွင် ပုဂ္ဂလိကမြေရှင်များအကြား အငြင်းပွားမှုများ ပါဝင်သည်ဟုလည်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ထိုဥပဒေကြမ်းအား တစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်း၏ ပုဒ်မ ၅ (က)တွင် မြေယာမဲ့နိုင်ငံသားများ၊ လုပ်ကွက်ငယ် တောင်သူ လယ်သမားများသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိလိုပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားနိုင်သည့်အချက်အား အသစ်ဖြည့်စွက်ကာ အမျိုးသားလွှတ်တော်မှ အတည် ပြုခဲ့သည်။ ဖေဖော်ဝါရီလအတွင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ လယ်သမားများ သည် ၎င်းတို့၏ သိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် လျော်ကြေးငွေများရရှိခဲ့သော်လည်း များစွာသော လယ်သမား များသည် ထိုကဲ့သို့ တူညီသော ခံစားခွင့် မရှိခဲ့ကြပါ။

တလအတွင်းသတင်းသုံးသပ်ချက် ဒေါင်းလော့ရယူရန် FEB MIR (Burmese Template)

ဖေဖော်ဝါရီလအတွက် သတင်းစုစည်းမှုများ FEB Chronology (Burmese Template )

ဖေဖော်ဝါရီလအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 44 remainging PP list burmese version Updated on Feb 28, 2018

လက်ကျန်အမှုရင်ဆိုင်နေရဆဲ စာရင်း Feb 196 facing trial list updated on Feb 28, 2018 (Updated) bur

၆၆(ခ)ဖြင့်အမှုရင်ဆိုင်နေရသူများ စုစုပေါင်းစာရင်း 66 (D) total list(new) Updated

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅() ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈