အေအေပီပီမှဒီဇင်ဘာလအတွက် လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

burmese cover

တစ်လအတွင်းသုံးသပ်ချက်

ဒီဇင်ဘာလအတွင်းတွင် အမျိုးသား ရှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ၊ ပုဒ်မ ၃(၁) ဖြင့် သတင်းထောက် နှစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၀ရ တို့ဖြင့် ရှေ့နေတစ်ဦး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှ ကျောင်းဆရာ နှစ်ဦး၊ မူလတန်း ကျောင်းအုပ် တစ်ဦး၊ မောင်တောမြို့နယ် လက်ထောက် ပညာရေးမှူး တစ်ဦးနှင့် ဒေသခံ ရွာသား တစ်ဦးတို့ဖြစ်ကြသည်။ ဒီဇင်ဘာလအတွင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ ငါးဦး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ငါးဦး၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ၊ ပုဒ်မ ၃(၁) ဖြင့် သတင်းထောက် နှစ်ဦးတို့ အပါအဝင် ၁၂ ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဒီဇင်ဘာလတွင်း  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ တစ်ဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမျိုးသား လေးဦးတို့ အပါအဝင် စုစုပေါင်း ငါးဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဒီဇင်ဘာလအတွင်း စုစုပေါင်း ငါးဦး လွတ်မြောက်ခဲ့သည်။ ၎င်းတို့မှာ ၁၉၃၄ ခုနှစ် လေယာဉ်အက် ဥပဒေ ပုဒ်မ ၁ဝ ဖြင့် အမျိုးသား နှစ်ဦး၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ လက်ထောက်ပညာရေးမှူး တစ်ဦးနှင့် မူလတန်း ကျောင်းအုပ် တစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦး တို့ဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသားငါးဦးဖြစ်သော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေးနှင့် ရှေ့နေတစ်ဦးဖြစ်သူ ဦးဇော်ဝင်းတို့မှာ ကျန်းမာရေးဆိုးရွားလျှက်ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလအတွင်းတွင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်ရန်နှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ စုဝေးခွင့်ကို ရာဇဝတ်မှု မြောက် စေရန် ဖိနှိပ်ထားသော ဥပဒေများကို ဆက်လက် အသုံးပြုနေသည်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လေ့လာ တွေ့ရှိခဲ့ပါသည်။ ထိုအခြင်းအရာကို အစိုးရမှ တားဆီး ကာကွယ်နိုင်ခြင်းမရှိပါ။ အစိုးရ အာဏာရရှိလာ ကတည်းက သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများသည် ဖမ်းဆီးမှုများနှင့်  ခြိမ်းခြောက်မှုများကို ဆက်လက် ရင်ဆိုင်နေကြ ရဆဲဖြစ်သည်။ ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများမှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေး အခြေအနေများ အနည်းငယ်သာ တိုးတက်မှုရှိသည်ကို ဖော်ပြခဲ့ပြီး အစိုးရမှ လူ့အခွင့်အရေးများအား တားဆီး ကာကွယ်မှုမြှင့်တင်ရန် တောင်းဆိုခဲ့သည်။ လူ့အခွင့်အရေး အခြေအနေများကို စိန်ခေါ်နေခြင်း၏ အဓိက အကြောင်းရင်းသည် ဖိနှိပ်ထားသော ဥပဒေများကြောင့်ဖြစ်သည်ကို တွေ့ရှိရသည် ဟု  ကြေညာချက်အတွင်းတွင် ဖော်ပြ ထားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်သူများဒဏ်ခတ်မခံရခြင်းသည် အကြောင်းရင်း တစ်ရပ်ဖြစ်သည်သာမက ထိုချိုးဖောက်မှုကျူးလွန်သူများသည် ဥပဒေ၏ အကာအကွယ်ပေးမှုကို ရရှိနေကြသည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများကို ၎င်းတို့၏ လက်ဝယ်တွင် တရားမဝင် တွေ့ရှိခဲ့ခြင်းအတွက် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော ၁၉၂၃ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ၊ ပုဒ်မ ၃(၁) ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ နှစ်ပတ်ကြာ ၎င်းတို့ကို လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့ပြီးနောက် ဒီဇင်ဘာလ ၂ရ ရက်နေ့တွင် ၎င်းတို့ကို မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ ထို့နောက် ချုပ်ရက် ရမန်ကြီး နှစ်ပတ် ထပ်ယူခဲ့ကာ ၎င်းတို့ကို အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်မှ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး ဖမ်းဆီး၊ ထိန်းသိမ်းခံရခြင်းသည် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်၊ ပုဒ်မ ၁၉ တွင် လူတိုင်း လွတ်လပ်စွာ စဉ်းစား ထုတ်ဖော် ပြောဆိုခွင့်ရှိသည်၊ ပုဒ်မ ၂၆ တွင် လူတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူ ညီ မျှခွင့်ရှိသည်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုမျှသာမက ဥပဒေရေးရာ ကောင်စီနှင့် ဆွေးနွေးရန် ဆက်သွယ်မှု မရှိမှု ကြောင့်  မည်သည့် အကျဉ်းကျခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းအမျိုးအစားဖြင့် ကာကွယ်ရန်အတွက် စည်းမျဉ်းများမှ စည်းမျဉ်း ၁၈ ကိုလည်း တိုက်ရိုက် ဆန့်ကျင်လျှက်ရှိသည်။ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင် တို့၏ အမှုကို အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ စာနယ်ဇင်း လွတ်လပ်ခွင့် အဖွဲ့များနှင့် ပြည်ပ အစိုးရများမှ အာရုံစိုက်လျှက်ရှိပြီး ၎င်းတို့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တောင်းဆိုလျှက်ရှိသည်။

ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့နှစ်ဦးသည်သာ သတင်းထောက် တာဝန်များ ထမ်းဆောင် နေစဉ် စိန်ခေါ်မှုများ၊ ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ခဲ့ရသော သတင်းထောက်များ မဟုတ်ပါ။ ဧရာဝတီသတင်းဌာန (အင်္ဂလိပ်ပိုင်း)မှ သတင်းထောက် ကိုမိုးမြင့်နှင့် မောင်တော နယ်မြေခံသတင်းထောက် ကိုကောင်းမြတ်နိုင်တို့သည်လည်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ၌ ဓာတ်ပုံရိုက်သည်ဟု စွပ်စွဲခံခဲ့ရကာ ဖမ်းဆီး၊စစ်ဆေးခြင်း ခံခဲ့ရသည်။  ရဲတပ်ဖွဲ့မှ ၎င်းတို့အား ငါးနာရီကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်းတို့၏ မှတ်ပုံတင်၊ ဖုန်း၊ သက်ဆိုင်ရာသတင်းဌာနများမှ ထုတ်ပေး ထားသော သတင်းထောက် အသိအမှတ်ပြုကတ်ပြားစသည့် အချက်အလက်များကို သိမ်းဆည်းထားခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလအတွင်းတွင်လည်း သတင်းသမားများ၊ အယ်ဒီတာများနှင့် ထုတ်ဝေသူများအပေါ် ဆင်ဆာ စိစစ်ခြင်းနှင့် ပတ်သက်၍ ဖိအားပေးမှုများ တိုးလာခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် သူမ၏ မိသားစုကို အသရေပျက်စေသည်စု စွပ်စွဲခံထားရသော မဲဆွယ်အပြုံး သရော်စာ ဆောင်းပါးကို နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် တနင်္သာရီအပတ်စဉ် ဂျာနယ်၌ ဖော်ပြခဲ့ခြင်းအတွက်  ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်းမှ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်ကို စတင် စစ်ဆေးခဲ့သည်။ စာရေးသူ မူးဆေးအိုးဆိုသူကို ဖော်ပြပေးရန် ရဲတပ်ဖွဲ့မှ တောင်းဆိုခဲ့သော်လည်း အယ်ဒီတာ ဦးမျိုးအောင်မှ သတင်းမီဒီယာကျင့်ဝတ်အရ စာရေးသူကို ဖော်ပြပေးခြင်းမရှိခဲ့ပါ။ ဂျာနယ် ထုတ်ဝေမှုဆိုင် ရာ အယ်ဒီတာချုပ် ကိုဟန်ထက်မှ သရော်စာတွင် ဖော်ပြထားသော အကြောင်းအရာများသည် မည်သူ့ကိုမျှ ရည်ညွှန်းခြင်း မရှိပါဟု ပြောကြားခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တနင်္သာရီ မြို့နယ်တရားရုံးမှ သတင်း မီဒီယာဥပဒေ၊ ပုဒ်မ ၂၅(ခ) ဖြင့်  အမှုအား လက်ခံ စစ်ဆေးရန် ဆုံးဖြတ် အမိန့်ချမှတ်ခဲ့သည်။ထိုအမှုသည် ၂၀၁ရ ခုနှစ်အတွင်း သရော်စာဆောင်းပါးနှင့် ပတ်သက် ပြီး အမှုဖွင့် အရေးယူခြင်းခံထားရသည့် ဒုတိယမြောက် အမှုဖြစ်ပြီး ပထမအမှုသည် The Voice နေ့စဉ်သတင်းစာကို တပ်မတော်မှ အမှုဖွင့်ခဲ့ ခြင်းဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် တပ်မတော်မှ ထိုအမှုကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်သည် ဆက်လက်၍ ဖိနှိပ်ခံနေရဆဲဖြစ်သည်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)မှ ထုတ်ပြန်သော ၂၀၁ရ ခုနှစ်၊ သတင်းလွတ်လပ်ခွင့် အညွန်းကိန်းအရ ၂၀၁ရ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ၁၂ ဆင့် တိုးလာသော်လည်း သတင်းသမားများသည် ခေတ်နောက်ကျနေသော သို့မဟုတ် တိကျ ရေရာမှု မရှိသော ဥပဒေများဖြင့် မတရား ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့နေရဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ရေးသား ထုတ်ဝေခြင်းမပြုမီ ကိုယ်တိုင် ဆင်ဆာ စိစစ် ဖြတ်တောက်မှုများကို ပြုလုပ်လျှက်ရှိသည်။ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ ဖမ်းဆီးခံခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီမှ သတင်းသမားများကို ကာကွယ်ရန် အစိုးရအား ဖိနှိပ်ထားသော မီဒီယာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ပေးပါရန် တောင်းဆိုခဲ့သည်။ သတင်းသမား၏ အကြံပြုချက်များကို ဥပဒေတွင် ဖြည့်စွက်နိုင်ရန် ကောင်စီမှ ပြည်နယ်နှင့် တိုင်း ၁၄ ခုရှိ မီဒီယာသမားများကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့၏ တွေ့ရှိချက်များကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် We Support Journalists အဖွဲ့မှ အစိုးရသစ်လက်ထက်တွင် သတင်းသမားများ တရားစွဲခံရမှု ၁၉ မှုရှိပြီး ၂၀၁ရ ခုနှစ်အတွင်း ၁၃ မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအမှုများကြောင့် သတင်းသမား ၃၃ ဦးသည် တရားရင်ဆိုင်ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။ ထို့ပြင် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရမှုသည် အများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ ထိုအခြင်းအရာများ သည် မြန်မာနိုင်ငံတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အား ထိုးနှက်လျှက်ရှိသည်ကို ပြသလျှက်ရှိသည်။ အစိုးရသစ် လက်ထက်တွင်လည်း သတင်းအချက်အလက်များ မျှဝေသူများအားလည်း ကာကွယ်ပေးခြင်းမရှိဘဲ တချို့အမှုများတွင် ၎င်းတို့အား ရပ်တန့်သွားစေရန် အမျိုးမျိုးသော နည်းလမ်းများဖြင့် လုပ်ဆောင်လျှက်ရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် ဂွ မြို့နယ်များတွင် အဆင့်မြင့် သုံးထပ်ဈေး ဆောက်လုပ်ရန်အတွက် အိတ်ဖွင့် တင်ဒါခေါ်ယူရာ၌ စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိဟု လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သော ရခိုင် အမျိုးသား ပါတီ (ANP) ဗဟို ကော်မတီ

ဝင်တစ်ဦးဖြစ်သူ၊ ဝတီရွှေမြေ ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးနှင်းထွန်းတိုးသည် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ) ဖြင့် စစ်တွေ အမှတ် (၁) မြို့မရဲစခန်းတွင် အမှုဖွင့် ခြင်းခံခဲ့ရသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သူ့အား မြောက်ဦးမြို့မ ရဲစခန်း၌ ခေါ်ယူ စစ်ဆေးခဲ့ပြီး အာမခံပေးခဲ့သော်လည်း ရဲစခန်းမှ သူ၏ လက်ကိုင်ဖုန်းကို သိမ်းဆည်းထားခဲ့သည်။ ထိုအမှုမှ သူ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်လျှက်ရှိသည်ကို ပြသလျှက်ရှိပြီး ထိုဥဒေအား ပြန်လည်သုံးသပ်ရန် အစိုးရအား ဖိအားပေးရန် လိုအပ်နေသည်ကို ပြသလျှက်ရှိသည်။ ၎င်းတို့၏ ထင်မြင်ယူဆချက်များအား ထုတ်ဖော် ပြောဆိုခြင်းအတွက် နိုင်ငံသားများကို အပြစ်ပေး၍မရပါ။ ထို့ကြောင့် မျှတမှုမရှိစွာ လုပ်ဆောင်နေမှုများကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ လူထုတွင်းဝေဖန်မှုများမြင့်တက်လာလျှင် အစိုးရမှ ပြည်သူများအား ပြန်လည် ရှင်းလင်း တင်ပြရန် ဆန္ဒရှိရမည်ဖြစ်သည်။

 

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် Free Expression Myanmar (FEM)အဖွဲ့မှ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလကြား ၂၀၁၃ ခုနှစ်၊ ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၁၀၆ မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို ၁၀၆ မှုအနက် ကိုးမှုသည် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်၊ဖြည့်စွက် ခဲ့သည့် ၂၀၁ရ ခုနှစ်၊ ဩဂုတ်လမှ စတင်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဆက်သွယ်ရေး ဥပဒေပြင်ဆင်ချက်သည် ပုဒ်မ ၆၆ (ဃ) အသုံးပြုမှုအပေါ် ထိထိရောက်ရောက် သက်ရောက်ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် တိုင်ကြားသူ ၅၁ ရာခိုင်နှုန်းသည် နိုင်ငံတော်အစိုးရပိုင်း(ပြည်သူ့ဝန်ထမ်းအရာရှိ၊ နိုင်ငံရေးပါတီနွယ်၊ တပ်မတော်)နှင့် အလွန်နီးစပ်သူများဖြစ်ပြီး တရားစွဲခံရသူများ၏ ၆၁ ရာခိုင်နှုန်းသည် သတင်းသမားများ၊ လူ့အခွင့် အရေး တက်ကြွ လှုရှားသူများ၊ ဘာသာရေး၊ အနုပညာတို့နှင့် ပတ်သက်သူများဖြစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် တိုင်ကြားသူ ၅၅ ရာခိုင်နှုန်းသည် အာဏာရှိသူများမှ ၎င်းတို့ကို ဝေဖန်စွပ်စွဲသည့် ပြည်သူများကို ဟန့်တားရန်၊ အပြစ်ပေးရန် ကြိုးစားသည့် အမှုများဖြစ်နေကြောင်း ဖော်ပြထားသည်။ ဆက်သွယ်ရေး ဥပဒေကို ဩဂုတ်လတွင် ပြင်ဆင်၊ ဖြည့်စွက်ပြီးဖြစ်သော်လည်း အစိုးရအား ဝေဖန်သူများကို ရပ်တန့်သွားစေရန် ထိုဥပဒေကို မတရားသဖြင့် ဆက်လက် အသုံးပြုလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပုဒ်မ ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR)၊ ပုဒ်မ ၁၉(၃) တို့တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်မှုပေးထားသည်။   ၂၀၁ရ ခုနှစ်တစ်နှစ်ပတ်လုံးပုဒ်မ ၆၆(ဃ) ကို လွဲမှားစွာ အသုံးပြုလျှက်ရှိခြင်းသည် ဆက်သွယ်ရေး ဥပဒေ၏ တိကျရေရာမှုမရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ တရားစွဲဆိုခံရခြင်း မရှိစေရန်အတွက် AAPP မှ အစိုးရအား ဆက်သွယ်ရေး ဥပဒေကို အမြန်ဆုံး ရုပ်သိမ်းပေးပါရန် တောင်းဆိုပါ သည်။

ဒီဇင်ဘာလအတွင်းတွင် ၂၀၁၂ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် အမျိုးသား ငါးဦး သည် အမှုဖွင့် အရေးယူထားခြင်းခံနေရပြီး အမျိုးသား တစ်ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင် လေးဦး သတ်ဖြတ်ခံခဲ့ရခြင်းအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်  လွိုင်ကော်မြို့၌ ဦးဆောင်ဆန္ဒပြခဲ့ကြသော ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုဂျွန်ပေါလ်နှင့် ကရင်နီပြည် တောင်သူ လယ်သမားသမဂ္ဂမှ ကိုဒီးဒီ၊ ကရင်နီပြည် လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ကို လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့ မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် နိုဝင်ဘာလအတွင်းတွင် တရားစွဲဆိုခံခဲ့ရသော ဦးမိုးသူသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ပုဒ်မ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်လချမှတ်ခြင်းခံခဲ့ရသည်။

ဆန္ဒပြမှုများနှင့် ဆက်နွယ်၍ ဖမ်းဆီးမှု၊ တရားစွဲဆိုမှု၊ ပြစ်ဒဏ်ချမှတ်မှုများသည် နိုင်ငံတကာ စံချိန်၊ စံညွှန်းများဖြစ်သည့် လွတ်လပ် စွာ စုဝေးခွင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပုဒ်မ ၂၀၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR)၊ ပုဒ်မ ၂၁ တို့နှင့် ဆန့်ကျင်လျှက်ရှိသည်။  ခွင့်ပြုချက် ရရှိလျှင် ဆန္ဒထုတ်ဖော်ရန်ကိုသာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေမှ ခွင့်ပြုထားသည့်အတွက် ထိုဥပဒေ ပြဋ္ဌာန်းပြီးကတည်းက ရေတွက်၍ မရနိုင်သော ဖမ်းဆီးမှုများ ဖြစ်ပေါ်နေလျှက်ရှိသည်။ ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်မျာကို ကြည့်ခြင်းဖြင့်  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေသည် အခြေခံ အခွင့်အရေးများအား ကျင့်သုံးနေသူများကို  ထိခိုက်စေသောကြောင့်  AAPP မှ အစိုးရအား ပြန်လည် သုံးသပ်ပါရန်နှင့် ပြင်ဆင်၊ ဖြည့်စွက်ပေးပါရန် တိုက်တွန်းပါသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်၊ စံညွှန်းများကို အစိုးရမှ တရားဝင် ငြင်းပယ်ရန် ခွင့်ပြုထားသည်။ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေအပြင် ဆန္ဒထုတ်ဖော်သူများသည် ၎င်းတို့၏ အခွင့်အရေးများကို ကျင့်သုံးရန် ကြိုးစားချိန်တွင် ရာဇသတ်ကြီး ပုဒ်မများ ဖြင့်လည်း တရားစွဲဆို၊ ဖမ်းဆီးမှုများကို ရင်ဆိုင်နေရလျှက်ရှိသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) စွဲချက်အတွက် တရားရင်ဆိုင်ရန် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။ သူသည် ဆန္ဒထုတ်ဖော်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခြင်းမပြုမီ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယခုလက်ရှိတွင် ဦးမိုက်ကယ်ကျော်မြင့်သည် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။ ပုဒ်မ ၅၀၅(ခ) စွဲချက်သည် လူထု တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေရန်ရည်ရွယ်သူများ သို့မဟုတ် ပြုလုပ်သူများကို ပြစ်ဒဏ်ချမှတ်ရန် ရည်ညွှန်းထားသည်။ တိကျ ရေရာ မှုမရှိသည့် ထိုဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် တက်ကြွ လှုပ်ရှားသူများနှင့် ဆန္ဒထုတ်ဖော်သူများကို တရားစွဲဆိုလျှက်ရှိသည်။ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ရရှိပြီးလျှင်တောင်မှ ၎င်းတို့သည် ဖမ်းဆီး၊တရားစွဲဆိုခြင်းခံနေကြရသည်။ ထို့ပြင် ထိုဥပဒေမှ မည်သည့် ဥပဒေချိုးဖောက်မှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိသော နိုငံသားများကို မတရား ဖမ်းဆီးရန် ခွင့်ပြုနေခြင်းကြောင့် အနာဂတ်တွင် ၎င်းတို့၏ လှုပ်ရှားမှုများကို အတားအဆီးဖြစ်စေသည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ထိုအခြင်းအရာမှ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR) ပုဒ်မ ၉ နှင့် ပုဒ်မ ၂၁ တို့ကို ချိုးဖောက်လျှက်ရှိပြီး နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ရန်အတွက် ထိုဥပဒေကို အသုံး ပြုရန် ခွင့်ပြုလျှက်ရှိသည်။

ဒီဇင်ဘာလအတွင်းတွင် အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်များကို  ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့်အညီ ပြန်လည် ပြင်ဆင် ရေးဆွဲလျှက်ရှိသည့် အကျဉ်းထောင်ဥပဒေမူကြမ်း ရေးဆွဲမှု ပြီးစီးတော့မည်ဖြစ်၍ လာမည့် သုံးလခန့်အတွင်း လွှတ်တော်သို့ ပေးပို့နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိန်မှ ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အကျဉ်းထောင် ဥပဒေကြမ်းကို ရေးဆွဲခဲ့ပြီးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ထိုဥပဒေကြမ်းသည်  အကျဉ်းသားများကို အနည်းငယ်သာ ကာကွယ်မှုပေးနိုင်ပြီး ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR)နှင့်လည်း ပြည့်မီခြင်းမရှိပါ။ ဥပဒေကြမ်းမှ ပြည်ထဲရေး ဝန်ကြီးဌာနမှ အကျဉ်းထောင်များအား စီမံ အုပ်ချုပ်ခွင့်ပြုထားပြီး အကျဉ်းသားများကို ပြုမှု ဆက်ဆံမှုအား စောင့်မတ် ကြည့်ရှုရန် အကျဉ်းထောင် စနစ်အပြင်ဘက်တွင် တရားစီရင်ရေး သို့မဟုတ် အမှီ အခိုကင်းသော ဌာနများအဖြစ် ဆောင်ရွက်ရန် ခွင့်ပြုခြင်းမရှိ ပါ။  ထိုအခြင်းအရာသည် ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR)မှ အပိုဒ် ၄၆(၃) တွင် ဖော်ပြထားသော အကျဉ်းထောင် ဝန်ထမ်းများသည် အရပ်ဘက် အမှုထမ်းများအဖြစ်သာ ရှိရမည်ကို ဆန့်ကျင် လျှက်ရှိသည်။ ပြည့်စုံမှုရှိသည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ပြောင်းလဲမှု တစ်ခုသည် အကျဉ်းထောင်များကို စီမံ အုပ်ချုပ်မည့် မျှတမှုရှိသော တရားရေးဝန်ကြီးဌာနကို ဖွဲ့စည်းရန်ဖြစ်သည်။ ထိုမျှသာမက ထိုဥပဒေကြမ်းတွင် အကျဉ်းသားများ နှင့် အနီးကပ် ဆက်ဆံရေးရှိသော အကျဉ်းထောင် ဝန်ထမ်းများနှင့် အစောင့်များကို စောင့်မတ်ကြည့်ရှုရန် မည်သည့် နည်းလမ်းများကိုမျှ ဖော်ပြထားခြင်း မရှိပါ။ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR) အပိုဒ် ၁ဝ တွင် ဖော်ပြထားသော လွတ်လပ်ခွင့် ဆုံးရှုံးသူများကို လေးစားစွာ ဆက်ဆံရမည်ကို သေချာမှုရှိစေရန် ထိုအခြင်းအရာသည် အလွန် အရေးကြီးသည်။

ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR) အပိုဒ် ၃၆ အရ သုံးသပ်ရ လျှင်  ထိုဥပဒေကြမ်းတွင် အကျဉ်းသားများသည် ၎င်းတို့၏ အခွင့်အရေးများကိုု ချိုးဖောက်ခြင်းခံရပါက မည်ကဲ့သို့ တိုင်ကြားရ မည်ကို ဖော်ပြထားခြင်းမရှိပါ။ အကျဉ်းချုပ်ရလျှင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများကို  ထိန်းချုပ်ရန်နှင့် အပြစ်ပေးရန် ညှဉ်းပန်းနှိပ်စက်ခြင်းအား လက်နက် သဖွယ် အသုံးပြုလျှက်ရှိခြင်းကြောင့် ထိုအခြင်းအရာသည်  အလွန် ဆိုးရွားသော ချိုးဖောက်မှုဖြစ်သည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ နှိပ်စက်ညှဉ်းပန်းမှုများကို ဆန့်ကျင်သည့် သဘောတူ စာချုပ် (UNCAT) တွင် နှိပ်စက်ညှဉ်းပန်းခြင်းကို ခွင့်မပြုကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည့် အတွက်  ထိုဥပဒေကြမ်းသည် နှိပ်စက်ညှဉ်းပန်းမှုကို ကိုင်တွယ် ဆောင်ရွက်ရန် ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာ ဖော်ပြ ထား သည်။  ဦးကျော်စိန်မှ အကျဉ်းထောင်စနစ်အား နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ ရေးဆွဲနေသည်ဟု ပြောကြားခဲ့သော်လည်း ညှဉ်းပန်းနှိပ်စက်မှုကို တားဆီး ကာကွယ်ရန် ထိရောက်သော နည်းလမ်းမရှိလျှင် ထိုဥပဒေကြမ်းသည် ထိရောက်မှုရှိမည်မဟုတ်ပါ။ ပြည့်စုံ လုံလောက်သော ဥပဒေကြမ်းကို ရေးဆွဲရန် နိုင်ငံတကာ စံချိန်၊ စံညွှန်းများအညီ AAPP အပါအဝင် ကျွမ်းကျင်သော အရပ်ဘက် အဖွဲ့အစည်းများ၏ အကြံပြုချက်များပါဝင်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲပါရန် လွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်းပါသည်။

အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ကျပ်တည်းနေမူကို ဖြေရှင်းပေးရန်အတွက် လူဦးရေတစ်ထောင်ခန့်စီထားရှိမည့် အကျဉ်းထောင်သစ်နှစ်ခုဖြစ်သော မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်မရော အကျဉ်းထောင်နှင့် ပဲခူးတိုင်းအတွင်းရှိ ဒိုက်ဦး အကျဉ်းထောင်တို့တွင် အကျဉ်းသားများကို စတင် လက်ခံတော့မည်ဖြစ်သည်။ သို့သော်လည်း ကျိုက်မရော အကျဉ်းထောင်သည် ၈၅ ရာခိုင်နှုန်းသာ တည်ဆောက်မူ ပြီးစီးသည်ဟု သိရှိရသည်။လူနေမှု အဆင့်အတန်း နိမ့်ကျခြင်း၊ သန့်ရှင်းမှု မရှိခြင်းနှင့် ကူးစက်ရောဂါ ဖြစ်ပွားမှု နှုန်းထားများကြောင့် အကျဉ်းထောင်တွင်း လူဦးရေ ကျပ်တည်းမှု ပြဿနာများ ဖြစ်ပွားလျှက်ရှိ သည်သာမက ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR) ပုဒ်မ ၉ နှင့် ပုဒ်မ ၁ဝ တို့တွင် ဖော်ပြထားသော လုံလောက်သော  အိပ်ရာခင်း၊ အိပ်ရာ၊ သန့်ရှင်းရေးအတွက် အသုံးအဆောင်များရှိရမည်ကို ချိုးဖောက်လျှက်ရှိသည်။ ထိုမျှသာမက ကမာ္ဘ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအရ ထိုအခြင်းအရာများသည် နှိပ်စက် ညှဉ်းပန်းမှု ပုံစံတစ်မျိုး ဖြစ်သည်။ ထိုမျှသာမက အကျဉ်းထောင်အတွင်း လူဦးရေ ကျပ်တည်းခြင်းသည် မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာ စနစ်တွင် လိုအပ်မှု မရှိသော အရာ တစ်ခု ဖြစ်သည်။ အကျဉ်းထောင်တွင်း လူဦးရေး ကျပ်တည်းမှု အများအပြား ဖြစ်ပေါ်နေခြင်းသည် တရားရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းခံထားသော အကျဉ်းသားများနှင့် သင့်တော်မှုမရှိသော မူးယစ်ဆေးဝါး စွဲချက်များအတွက် အကျဉ်းကျခံနေရသူ အရေအတွက်များ ကြောင့် ဖြစ်သည်။ အကျဉ်းထောင်အား ဝန်ထုပ်ဝန်ပိုးဖြစ်နေသော အကျဉ်းထောင်တွင်း လူဦးရေ ကျပ်တည်းမှုကို လျော့နည်း သက်သာစေရန် AAPP မှ အစိုးရအား  တရားရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားသူများကို အာမခံဖြင့် ပြန်လည် လွှတ်ပေးရန် တိုက်တွန်းပြီး ထိန်းသိမ်းခံထားရသူများကို ကာကွယ်ရန်အတွက် နည်းဥပဒေသများတွင် ဖော်ပြထားသော စည်းမျဉ်း ၁၁ နှင့် စည်းမျဉ်း ၁၃ တို့အရ တရားရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းသည် စည်းမျဉ်းမဟုတ်ဘဲ ခြွင်းချက်တစ်ခုသာဖြစ်သည်ကို သေချာမှုရှိစေရန် ဆောင်ရွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ မူးယစ်ဆေးဝါး အမှုများဖြင့် မည်သူမျှ လိုအပ်ခြင်းမရှိဘဲ ကြာရှည်စွာ အကျဉ်းကျခံနေရခြင်းမရှိစေရန် AAPP မှ မူးယစ်ဆေးဝါး အမှုများအားလုံးကို အမြန်ဆုံး ဝေဖန် ဆန်းစစ်ပါရန် အကြံပြုပါသည်။ အကျဉ်းသားဦးရေ ကျပ်တည်းမှု သံသရာ မရှိစေရန်အတွက် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် အလွန်အကျွံသုံးစွဲမှုကို ပြည့်သူ့ ကျန်းမားရေး ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ပြီး အစိုးရမှ ကိုင်တွယ် ဆောင်ရွက်ပေးပါရန်လည်း အကြံပြုပါသည်။ ထို့ပြင် နိုင်ငံသားများသည် ၎င်းတို့၏ ပြစ်မှုများအတွက် သင့်တော်မှုမရှိသော၊ မျှတမှုမရှိသော ပြစ်ဒဏ်များ ကျခံခြင်းမရှိစေရန် ယခုလက်ရှိ ကျင့်သုံးနေသော မူးယစ်ဥပဒေများကို ပြင်ဆင်၊ ဖြည့် စွက်ပေးပါရန် AAPP မှ အစိုးရအား တိုက်တွန်း၊ အကြံပြုပါသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အကျဉ်းသားတစ်ဦး၏ တစ်ရက်စားစရိတ်ကို ကျပ်တစ်ထောင် အထိ တိုးမြှင့်၍ အကျဉ်းသားများကို တစ်ပတ်လျှင် အသားဟင်း လေးကြိမ်၊ နေ့စဉ် ပဲဟင်းတို့ ကျွေးမွေးမည်ဖြစ်သည်။ ထိုအခြင်းအရာသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်သော်လည်း အကျဉ်းထောင်များအတွင်းတွင် သတ်မှတ်ထားသော အကျဉ်းသား အရေအတွက်ထက် ပိုမိုများပြားနေခြင်းကြောင့် အကျဉ်းသားများအတွက် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန်မှာ မေးခွန်း ထုတ်ဖွယ်ရာအဖြစ် ဆက်လက်ရှိနေသေးသည်။ ကျန်းမာရေး ပြဿနာသည် အကျဉ်းသားများအတွက် အဓိက စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ ထိုအခြင်းအရာကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အင်းစိန်ရှိ ဗဟို အကျဉ်းထောင်၊ မန္တလေးတိုင်းအတွင်းရှိ အိုးဘို အကျဉ်းထောင်နှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သာယာဝတီ အကျဉ်းထောင်တို့ကို အစိုးရမှ ငွေကျပ် သိန်းငါးဆယ်စီ ပေးအပ်ခဲ့သည်ဟု သိရှိရသည်။ ကမာ္ဘ့ကုလ သမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံပုံအတွက် အခြေခံ စည်းမျဉ်းများတွင် စည်းမျဉ်း ၉ ၌ အကျဉ်းသားများ လုံလောက်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိရမည်ဟု ဖော်ပြထားသောကြောင့် မည်သည့် အကျဉ်းသားမဆို ထိုတူညီသော ခံစားခွင့်များရှိရမည် ဖြစ်သည်။  မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသူအများစုသည် ငှက်ဖျားရောဂါ၊ HIV/AIDS နှင့် ကူးစက်ရောဂါများ ခံစားနေရသည်။ ထိုမျှသာမ အကျဉ်းသားဦးရေ ကျပ်တည်းမှုနှင့် သန့်ရှင်းမှုမရှိသည့် အခြေအနေများကြောင့် ရင်ကြပ်ရောဂါ၊ ဆီးချိုရောဂါနှင့် ကူးစက်ရောဂါ ကဲ့သို့သော ရောဂါများသည်လည်း ဖြစ်ပွားလျှက်ရှိသည်။ ထို့ကြောင့် အကျဉ်းကျနေချိန် ကာလများတွင် စိန်ခေါ်မှုများကို ကျော်လွှားနေသည့် အကျဉ်းသားများအတွက် နှစ်ခါအပြစ်ပေးမှုမျိုးကို ဖြစ်ပေါ်စေသည်။ အကျဉ်းထောင်သစ်များ တည်ဆောက် ခြင်းနှင့် ထိုအကျဉ်းသားများကိုအကျဉ်းထောင်သစ်သို့ ပြောင်းရွှေ့ခြင်းအားဖြင့် အကျဉ်းသားများ၏ အခွင့်အရေးများကို ကာကွယ် သည်ဟု ဆိုလို၍မရပါ။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် အမျိုးသား အကျဉ်းသားများအတွက် နှစ်ထပ် စာသင်ကျောင်းဆောင်ကိုမန္တလေး အိုးဘို အကျဉ်းထောင် အတွင်း၌ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး ထိုစာသင်ကျောင်းဆောင်သည် အိုးဘို အကျဉ်းထောင်ကို နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ ဖြစ်လာစေရန် ပို၍ နီးကပ်လာစေမည်ဖြစ်သည်။ နိုင်ငံတကာ စံချိန်၊ စံညွှန်းများသည် အပြစ်ပေးမည့်အစား အကျဉ်းကျနေစဉ်အတွင်း အကျဉ်းသားများအတွက် ပြန်လည် ထူထောင်ရေး အစီအစဉ်များအပေါ် အာရုံစိုက်လုပ်ဆောင်ရန် အထူးပြုထားသည်။ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR) ပုဒ်မ ၆၁ တွင် အကျဉ်းသားများကို အသိုင်းအဝိုင်းအတွင်း ဖယ်ထားခြင်းမပြုဘဲ ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း ဆက်လက် နေထိုင်နိုင်ရန် လိုအပ်သည်ကို ဖော်ပြထားသည်။ ထို့ပြင် အကျဉ်းသားများကို ပြုမှု ဆက်ဆံမှု အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMR) ပုဒ်မ ၇၅(၂)တွင် ပညာရေးအတွက် လိုအပ်မှုကို ဖော်ပြထားသည်။ အကျဉ်းသားများကို ပြုမှု ဆက်ဆံမှုအတွက် အခြေခံ စည်းမျဉ်းများတွင် စည်းမျဉ်း ၁၀  တွင် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ပေါင်းစည်းရန်အတွက် ကောင်းမွန်သော အခြေအနေမျာကို ဖန်တီးရမည်ဟု ဖော်ပြထားသည်။ ကျောင်းနေခွင့်နှင့် စာမေးပွဲများ ဖြေဆိုခွင့်တို့ ရရှိခြင်းသည် ပြုပြင်ပြောင်းလဲမှု တစ်မျိုးဖြစ်ပြီး အကျဉ်းထောင်စနစ်သည် နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့် ပို၍ နီးကပ်လာစေသည်။ အကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ၎င်းတို့၏ လူမှုရေးဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် အလုပ်အကိုင် မျှော်လင့်ချက်များကို ကူညီပေးနိုင်ရန် အကျဉ်းသားများအားလုံးအတွက် ပညာရေးဆိုင်ရာ ပံ့ပိုးမှုများကို ပိုမို ဖြည့်ဆည်းပေးပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့် အညီ အထက်ပါ ပြုပြင် ပြောင်းလဲမှုများကို အကျဉ်းထောင်များအတွင်း အမြန်ဆုံး စတင် အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်။

ဒီဇင်ဘာလအတွင်းတွင်လယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဆက်လက် တောင်းဆို လျှက်ရှိသည်။ ဒေသဆိုင်ရာအစိုးရများနှင့် ဗဟိုအစိုးရသည် သိမ်းဆည်း လယ်ယာမြေများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။ အစိုးရပိုင် မြေပေါ်တွင် ဝင်ရောက် ကျူးကျော်ခြင်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေမွန် ကျေးရွာမှ တောင်သူတစ်ဦးနှင့် ဘူးကုန်းကျေးရွာမှ တောင်သူ လေးဦးတို့သည် ပိုင်နက်ကျူးလွန်ခြင်း၊ အကျိုးဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၄၇၊ ၄၂၇၊ ၆(၁) တို့ ဖြင့်   တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၁၉၈၁ ခုနှစ်တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာ၊ ဘူးကုန်းကျေးရွာ၊ ဇာဒီးကျေးရွာများရှိ လယ်ယာမြေ ဧက ၄၀၀ဝ ကျော်သည် သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထိုလယ်ယာမြေများအတွက် ဒေသခံများမှ ၂၀၁ရ ခုနှစ်၊ ဧပြီလတွင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ လျော်ကြေးငွေ မပေးဘဲ လယ်သမားများထံမှ လယ်ယာမြေများကို သိမ်းဆည်းပြီး ၎င်းတို့အား ပိုက်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခြင်းသည် လွဲမှားမှုဖြစ်သည်။ လယ်ယာမြေ သိမ်းဆည်းခံရခြင်းကြောင့် ထိုလယ်သမားများသည် စားဝတ်နေရေးတွင် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် AAPP မှ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအား ထိုစွဲချက်များကို ရုပ်သိမ်းပေးရန် တောင်းဆိုပြီး လယ်ယာမြေများအား လယ်သမား များထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုပါသည်။ ထို့ပြင် AAPP မှ ဒေသဆိုင်ရာ အစိုးရများနှင့် ဗဟို အစိုးရအား နှင်ထုတ်ခြင်းနှင့် အိမ်ရာမဲ့ခြင်းတို့အပေါ် အခြေခံထားသော ဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်မှုများနှင့်အညီ သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန် သို့မဟုတ် လျော်ကြေးငွေကို အမြန်ဆုံး ပေးအပ်ရန် တိုက်တွန်းပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာမှ တောင်သူများ လုပ်ကိုင် စားသောက်လျှက် ရှိသော တောင်ယာစိုက်ခင်း ဧက ၂၀ဝ ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ သံချပ်ကာ တပ်ရင်း ၇၀၀၅ မှ သိမ်းဆည်း၍ ဆင်တောင်ဂေါက်ကွင်းကို ချဲ့ထွင်ရန် ပြင်ဆင်လျှက်ရှိသည်။ သံချပ်ကာ တပ်ရင်း ၇၀၀၅ သည် ခေးခမ်း ကျေးရွာမှ တောင်ယာ ဧက ၄၀ဝ ရှိသည့်အနက် ဧက ၂၀ဝ ကို ၂၀၀၈ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ဆင်တောင်ဂေါက်ကွင်း (ဆင်တောင် ဂေါက်ဂလပ်)ကို တည်ဆောက်ခဲ့သည်။ ကျန်ရှိနေသည့် တောင်ယာဧက ၂၀ဝ ပေါ်တွင် ဒေသခံများသည် ပြောင်းနှင့် စပါးများ စိုက်ပျိုးထားသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်၍ သံချပ်ကာ တပ်ရင်း ၇၀၀၅ မှ ကျန် ဧက ၂၀ဝ ကို ဂေါက်ကွင်း ထပ်မံချဲ့ထွင်မည်ဟုဆိုကာ မြေညှိမှုများ ပြုလုပ်နေပြီး ခြံစည်းရိုးခတ်ရန် ပြင်ဆင်လျှက်ရှိသော်လည်း ဒေသခံ တောင်သူများအား နစ်နာကြေး သို့မဟုတ် မြေအစား ပြန်လည် ပေးအပ်ခြင်းမရှိဘဲ တောင်သူများမှာလည်း ဥပဒေအရ လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားများ မရှိကြောင်း သိရှိရသည်။ အရပ်သား အစိုးရလက်ထက်တွင် လယ်ယာမြေ သိမ်းဆည်းမှုများ ဆက်လက် မဖြစ်ပွားသင့်ပါ။ ကမာ္ဘ့ ကုလသမဂ္ဂ အခြေခံ စည်းမျဉ်းများနှင့် နှင်ထုတ်ခြင်းနှင့် အိမ်ရာမဲ့ခြင်းတို့အပေါ် အခြေခံထားသော ဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်မှုများတွင် ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ခံစားရရှိမှု မရှိလျှင် အစိုးရမှ လယ်ယာမြေ သိမ်းဆည်းခြင်းမှ ရှောင်ကျဉ်ရမည် တို့ကို လိုက်နာပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါ သည်။  ထို့ပြင် နိုင်ငံသားများ၏ စားဝတ်နေရေးကို သေချာမှုရှိစေရန်အတွက် လယ်ယာမြေ သိမ်းဆည်းမှုအား ကာကွယ်ရန် AAPP မှ ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းပါသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် အစိုးရမှ လက်မှတ်ရေးထိုးခဲ့သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) ပုဒ်မ ၆ နှင့် ပုဒ်မ ၁၁၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၅ တို့တွင်  ဖော်ပြထားသော အလုပ်လုပ်ခွင့်၊ ပြည့်စုံ လုံလောက်သည့် အစားအစာ၊ အိုးအိမ်တို့ခံစားခွင့်ရှိရမည်တို့ကို  လယ်ယာမြေ သိမ်းဆည်းခြင်းမှ တိုက်ရိုက်ဆန့်ကျင်လျှက်ရှိသည်။ အာ ဏာပိုင်များသည် နိုင်ငံသားများ၏ လယ်ယာမြေများကို အပြည့်အဝ လျော်ကြေးပေးခြင်းမရှိဘဲ၊ လယ်ယာမြေအစား ပြန်ပေးခြင်းမရှိဘဲ၊ သတိပေးခြင်းမရှိဘဲ သိမ်းဆည်း၍ မရပါ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှ သိမ်းဆည်းခဲ့ပြီး ပြန်လည် စွန့်လွှတ်ထားသော မြေယာများကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ကြန့်ကြာနေမူများနှင့် ပက်သက်၍ ဧရာဝတီတိုင်းအစိုးရမှ အထူးစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက် သွာမည်ဟု သိရှိရသည်။ သိမ်းဆည်းခံမြေယာများကို သိမ်းဆည်းခဲ့သူများမှ ပြန်လည် စွန့်လွှတ်ခဲ့သည်မှာ နှစ်နှစ် ကျော်ရှိနေပြီဖြစ်ပြီး သိမ်းဆည်းခံရသည့် မူလ ပိုင်ရှင်များ မှန်ကန်မှု ရှိ၊မရှိကိုလည်း  လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးအဖွဲ့မှ အကြိမ်ကြိမ် စစ်ဆေးပြီး ဖြစ်သော်လည်း ယနေ့အထိ ပြန်လည် ရရှိခြင်းမရှိသေးကြောင်း၊ ထို့အပြင် စွန့်လွှတ်ထားသည့် မြေလွတ်၊ မြေရိုင်းများကို မြေယာမဲ့ တောင်သူများအား ခွဲဝေပေးရန် တိုင်းဒေသကြီး အစိုးရမှ စနစ်တကျ စီခံခန့်ခွဲမှု မပြုလုပ်သေးကြောင်း ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းမှ ပြောကြားခဲ့သည်။ ထို့ကြောင့် AAPP မှ အစိုးရအား လယ်သမားများအား လယ်ယာမြေများကို ပြန်လည် ပေးအပ်ရန်အတွက်   ဦးစားပေးအနေဖြင် ဆောင်ရွက်ရန် နှင့် စီးပွားရေး အခွင့်အရေးများနှင့် လူ့အခွင့်အရေးများအပေါ် ကမာ္ဘ့ ကုလသမဂ္ဂ၏ လမ်းညွှန်မှု စည်းမျဉ်းများဖြင့်  လယ်ယာမြေမရှိသော လယ်သမားများကို လယ်ယာမြေများကို ခွဲဝေပေးရန်အတွက် ဦးစားပေးဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ လယ်သမားများ၏ စားဝတ်နေရေးသည် လယ်ယာမြေ ပိုင်ဆိုင်မှုအပေါ် မှီခိုနေရပြီး အစိုးရမှ လယ်သမားများ၏ လယ်ာမြေ အသုံးချခွင့် နှင့် လယ်ယာမြေ ပိုင်ဆိုင်မှုတို့ကို ကာကွယ်ရန် တာဝန်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း သိမ်းဆည်း ခံခဲ့ရသော လယ်ယာမြေများ အမြန်ဆုံး ပြန်လည်ရရှိရေးနှင့် မြေယာပြဿနာများအား အမြန်ဆုံး ဖြေရှင်းပေးရေးအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ညံတောကွင်း၌ လယ်ယာမြေ သိမ်းဆည်းခြင်းခံခဲ့ရသော ဒေသခံ တောင်သူများမှ စုဝေးတောင်းဆို၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်မှ ပြင်ဦးလွင်မြို့နယ် အတွင်းတွင် သိမ်းဆည်း လယ်ယာမြေ ပြဿနာများစွာ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းခြင်းကြောင့် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် အေးချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစိုးရမှ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်မှု မရှိခြင်းသည် လယ်သမားများကို စိတ်ပျက် အားလျော့မှု ဖြစ်စေသည်။ အလုပ်လုပ်ခွင့်၊ ပြည့်စုံ လုံလောက်သည့် အစားအစာ၊ အိုးအိမ်ခံစားခွင့်တို့ ရရှိမှုကို သေချာစေရန် အစိုးရမှ  စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) အရ ၎င်း၏ တာဝန်များကို လုပ်ဆောင်ပါရန် AAPP မှ တိုက်တွန်း တောင်းဆိုပါသည်။ လယ်သမားများ ရင်ဆိုင်နေရသော လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရန် အစိုးရမှ အမြန်ဆုံး ဆောင်ရွက်လျှင် ပြင်ဦးလွင်မြို့နယ်အတွင်း လယ်သမားအများစု ရင်ဆိုင်နေရသော လုံလောက်သော စားဝတ်နေရေးမရှိခြင်းနှင့် ဆက်နွယ်နေသည့် ပြဿနာများကို  ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

တွံတေးရှိ သိမ်းဆည်း လယ်ယာမြေဧက လေးထောင်ပေါ်တွင် စက်မှုဇုန်နှင့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက် နိုင်ရေးအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့နှင့် လယ်ယာမြေပိုင်ရှင်များသည် ဒီဇင်ဘာလ တတိယပတ် အတွင်းတွင် ညှိနှိုင်းခဲ့ကြသည်။  လယ်ပိုင်ရှင်များသည် ထိုလယ်ယာမြေများအတွက် တစ်ဧကလျှင် နှစ်ဆယ် ရာခိုင်နှုန်းဖြင့် မြေအစား ပြန်လည် ရရှိမည်ဖြစ်သည်။ ထို့ပြင် လယ်သမားများသည် လယ်လုပ်ကိုင်ရန် အဆင်မပြေသောကြောင့် လယ်မြေကို မြို့မြေအဖြစ် သတ်မှတ်ချင်နေသော်လည်း မြို့မြေအဖြစ် သတ်မှတ်ရန် ပုဂ္ဂလိကကို ပေး၍ မရပါ၊  လယ်ယာမြေများပေါ်တွင်လည်း မည်သည့် အဆောက်အအုံမှ ဆောက်လုပ်၍ မရပါ၊ ဆောက်လုပ်လျှင် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည့်အပြင် ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။ ထို့ပြင် လယ်သမားများမှ ထိုလယ်ယာမြေများကို အစိုးရထံ ပြန်လည် အပ်နှံရမည်ဖြစ်ပြီး အစိုးရမှ ထိုလယ်ယာမြေများကို မြို့မြေ အဖြစ် ပြန်လည် သတ်မှတ်ပေးမည်ဖြစ်သည်၊ မြို့မြေဖြစ်လျှင် လယ်သမားများသည် နှစ်ဆယ် ရာခိုင်နှုန်း မြေနေရာ အစားပြန်ရမည်ဟုရခိုင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ပြောကြားခဲ့သည်။ လယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေများကို လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေ အမျိုးအစားသတ်မှတ် ခွဲခြားသည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် AAPP မှ အစိုးရအား တိုက်တွန်းပါ သည်။ ထိုမျှသာမက လယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေများအတွက် မျှတသော လဲလှယ်မှု နှင့် လျော်ကြေး အမြန်ဆုံး ရရှိရန် အတွက် လည်းဆောင်ရွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြန်လည် စွန့်လွှတ်မြေဧက ၁၆၈၃၄ ကျော်ရှိကြောင်း ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းအရ သိရှိရသည်။ သို့သော်လည်း အရှုပ်အရှင်းကင်းသည့် မြေများကိုသာ ပြန်လည်စွန့်ပေးခြင်းဖြစ်သည်။ AAPP မှ အစိုးအား စွန့်လွှတ်ထားပြီးဖြစ်သော လယ်ယာမြေများကို မူလပိုင်ရှင်များထံသို့ အမြန်ဆုံး ပြန်လည် ပေးအပ်ရန်နှင့် နိုင်ငံသားအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများ ရရှိစေရန် လယ်ပိုင်ရှင် အစစ်များသာ လယ်ယာမြေများ ပြန်လည်ရရှိစေရန်အတွက် စိစစ်ပေးပါရန် တောင်းဆိုပါသည်။

ဒီဇင်ဘာလအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်းနှင့် နိုင်သားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင် သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၉၅(၄၂၈၀၂၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅() ၄၂၅၃၀၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် MiR Template (Burmese)

တလအတွင်း သတင်းစုစည်းမှုများ ဒေါင်းလော့ရယူရန် December Chronology (Burmese Template)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 45 remainging PP list burmese version 

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် December 190 facing trial list updated on Dec 31 (Updated)burmese

၆၆(ဃ) စုစုပေါင်းစာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated