အေအေပီပီမှနိုဝင်ဘာလလစဉ်အစီခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

 

myanmar cover

တစ်လအတွင်းသုံးသပ်ချက်

နိုဝင်ဘာလအတွင်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၉၄၊ ၂၇၉(က)၊ ၄၂၇၊ ၄၄ရ တို့အပါအဝင် စွဲချက်ကိုးခုဖြင့် တရားစွဲဆိုခံထားရသော လယ်သမားအရေးလှုပ်ရှားသူတစ်ဦး၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အရပ်သား ရခိုင်တိုင်းရင်းသားတစ်ဦး အမှုဖွင့်ခံ ထားရပြီး အခြား အရပ်သား ရခိုင်တိုင်းရင်းသားတစ်ဦးမှာလည်း အကြောင်းပြချက်မရှိဘဲ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နိုဝင်ဘာလတွင်းတွင် လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၁ဝ ဖြင့် အမျိုးသား နှစ်ဦးနှင့် တနင်္သာရီဂျာနယ် တို့ တရားစွဲဆိုခြင်း ခံခဲ့ကြရသည်။ နိုဝင်ဘာလတွင်း လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၁ဝ ဖြင့် အမျိုးသား နှစ်ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် အမျိုးသား တစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားငါးဦးဖြစ်သော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေးနှင့် ရှေ့နေတစ်ဦးဖြစ်သူ ဦးဇော်ဝင်းတို့မှာ ကျန်းမာရေးဆိုးရွားလျက်ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလအတွင်းတွင် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအပေါ် ပို၍ တင်းကျပ်သော ကန့်သတ်မှုများ ရှိလာသည်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လေ့လာတွေ့ရှိခဲ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအရေးနှင့်ပတ်သက်၍လည်း တိုးတက်မှု တစ်စုံတစ်ရာ မရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံသားများကို ၎င်းတို့၏ အခွင့်အရေးများအား ကျင့်သုံးခြင်းမှ ရပ်တန့်စေရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ဆက်လက် အသုံးပြုလျက်ရှိခြင်းသည် တရားဥပဒေစိုးမိုးရေးကို နှောင့်နှေးစေပါသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လယ်ယာမြေအခွင့်အရေး လှုပ်ရှားသူများအတွက် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုများ ပိုမိုများပြားလာခြင်းသည် ၎င်းတို့အား ဆက်လက်ကာကွယ်ပေးမှု မရှိခြင်းကြောင့်ဖြစ်ပြီး  ပြည်သူများ၏ ကန့်ကွက်မှုများ ပိုမို များပြားလာခြင်းသည်လည်း လယ်ယာမြေအငြင်းပွားမှုများကို ဆက်လက်ဖြေရှင်း မပေးနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ကို ညွှန်းဆို ပြသလျက်ရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ ၁၁ မြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့် နှင့် ပုဇွန်တောင် မြို့နယ်များတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ဆန္ဒထုတ်ဖော်ခြင်းများကို ခွင့်မပြုရန် ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များထံသို့ နိုဝင်ဘာလ ရ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ခဲ့သည်။ အဆိုပါမြို့နယ်များအတွင်း ဆန္ဒထုတ်ဖော်ပါက ပြည်သူလူထုကို အနှောင့်အယှက်ဖြစ်စေခြင်း၊ စိုးရိမ်ထိတ်လန့်စေခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်စေနိုင်ခြင်းစသည့် အကြောင်းပြချက်များဖြင့် ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။  ၁၁ မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်လိုလျှင် ရဲတပ်ဖွဲ့မှ တာမွေ ဟစ်တိုင်ကိုသာ အသုံးပြုရန်ခွင့်ပြုချက်ပေးလိမ့်မည်ဖြစ်သည်။

ဆန္ဒပြပွဲများအား ပိတ်ပင်တားမြစ်ခြင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တွင် (အချက်အချာကျသော မြို့တွင်) နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ စုဝေးခွင့်နှင့် ထုတ်ဖော် ပြောဆိုခွင့်တို့ကို ပို၍ ဆိုးရွားသွားစေပြီး  “နိုင်ငံသားများသည် ၎င်းတို့၏ အခြေခံလူ့ခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို ကျင့်သုံးနိုင်ပြီး ၎င်းတို့ကို ဥပဒေအရ ကာကွယ်မှုပေးရမည်”ဟူသော ၂၀၁၂ ခုနှစ်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေနှင့် ကွဲလွဲ ဆန့်ကျင်လျက်ရှိသည်။ ခွင့်ပြုချက်ရရှိမှသာ ဆန္ဒထုတ်ဖော်မှုများကို ခွင့်ပြုမည်ဆိုသော ဥပဒေ၏ ချို့ယွင်း အားနည်းချက်များ ရှိနေခြင်းကြောင့် AAPP အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများစွာမှ ထိုဥပဒေကို သုံးသပ်လျက်ရှိနေသော်လည်း ထိုဥပဒေသည် နိုင်ငံသားများအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်များတွင် ပူးပေါင်း ပါဝင်ရန် ခွင့်ပြုလျက်ရှိသည်။လက်ရှိ ကျင့်သုံးလျက်ရှိသော ဥပဒေတွင် အာဏာပိုင်များမှ ဆန္ဒပြပွဲများကို လုံးဝ ပိတ်ပင်တားမြစ်ရမည်ဆိုသော အချက်များ ပါဝင်ခြင်းမရှိပါ။ ထိုမြို့နယ်များတွင် ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင်တားမြစ်ခြင်းသည် ဖိနှိပ်ထားသော လက်နက်တစ်ခုသဖွယ် အစပြုခဲ့သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ယုတ်လျော့ အားနည်းစေပြီး အာဏာပိုင်များမှ လူ့အခွင့်အရေး ချိုးဖောက်ချင်လျှင် ထိုဖိနှိပ်ထားသော ဥပဒေကိုပင် လျစ်လျူရှုနိုင်သည်ကို ပြသလျက်ရှိသည်။ ထို့ကြောင့် အရပ်သားအစိုးရမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ချိန်က နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်မည်ဆိုသော ကတိပြုထားမှုကို ထိန်းသိမ်းထားနိုင်ရန်အတွက်ထိုပိတ်ပင်တားမြစ်မှုကို ခြွင်းချက်မရှိ အမြန်ဆုံး ရုပ်သိမ်းပေးသင့်သည်။ ထို့ပြင် လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် နိုင်ငံသားများကို ဖိနှိပ်ခြင်းမရှိစေရန် ထိုဥပဒေကို ပြန်လည် ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အိုင်တီ (IT) နည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အတည်ပြုခဲ့သည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲ ဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က အဆိုပါ အဆိုကို တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင်း စိုးရိမ်ဖွယ်ရာ ပြဿနာများဖြစ်သော အမုန်း စကားများ၊ သတင်းအမှားများဖြစ်ပေါ်နေခြင်းတို့ကြောင့် ထိုအဆိုကို တင်သွင်းရခြင်းဖြစ်သော်လည်း ထိုအဆို၏ ဆိုလိုရင်းကို ရှင်းလင်းစွာ သိရှိရမည်ဖြစ်ပြီး ပြဿနာရပ်များကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန် ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုမှု ရှိရမည်ဖြစ်သည်။ အင်တာနက် အသုံးပြုမှု စောင့်မတ်ကြည့်ရှုခြင်းများကို အစိုးရမှ ပို၍ မလုပ်ဆောင်မီ နိုင်ငံသားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန်အတွက် ၎င်းတို့ကို ရာဇဝတ်မှုမြောက်စေရန် ဆက်လက် အသုံးပြုလျက်ရှိသော ဖိနှိပ်ထားသည့် ဥပဒေများကို ပြင်ဆင် သို့မဟုတ် ရုပ်သိမ်းရမည်ဖြစ် သည်။ ဆက်သွယ်ရေးဥပဒေသည်လည်း အွန်လိုင်းတွင် ကျူးလွန်ခဲ့သော တရားမရေးရာ ပြစ်မှုများကို ရာဇဝတ်မှုမြောက်စေရန် သုံးလေ့ရှိသည့် တည်ဆဲ ဥပဒေများစွာအနက်မှ ဥပဒေတစ်ခုဖြစ်သည်။

အစိုးရသစ် တာဝန်ထမ်းဆောင်ကတည်းက ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆို သို့မဟုတ် ဖမ်းဆီးခံရသူ ၉၃ ဦး ရှိသည်ဟု ထိုဥပဒေကို သုတေသနပြုနေသော အဖွဲ့မှ ခန့်မှန်းထားသည်။ အဓိပ္ပာယ်ရှင်းလင်းမှုမရှိသော အသရေဖျက်မှု ပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ဒဏ် နှစ်နှစ်အထိ ပြစ်ဒဏ် ဆက်လက်ချမှတ်နိုင်ဆဲဖြစ်သည်။ အမုန်းစကားနှင့် သတင်းအမှားများသည် သွေးထိုးလှုံ့ဆော်မှု သို့မဟုတ် ရန်လိုမှုကို ဖြစ်ပွားစေခြင်းအတွက် လက်ခံနိုင်ခြင်းမရှိသော်လည်း နိုင်ငံသားများ၏ အင်တာနက်အသုံးပြုမှုကို စောင့်ကြပ် ကြည့်ရှုရန် အစိုးရ၏ လုပ်ဆောင်မှုများတိုးလာခြင်းသည် ရာဇဝတ်မှုဆိုင်ရာ လွန်စွာဆိုးရွားသော ဖိနှိပ်မှုများကို ဖြစ်ပွားစေနိုင်မည့် အလားအလာကို တိုးလာစေပါသည်။ နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ထုတ်ဖော် ခွင့်နှင့် ထင်မြင်ယူဆခွင့်တို့ကို အဟန့်အတားဖြစ်စေသည့် ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများအား အစိုးရမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်သည်။ အမျိုးသားလွှတ်တော်တွင် အိုင်တီ (IT) နည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရန် ပြည်ထောင်စုအစိုးအား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးချိန်တွင် ထိုကိစ္စရပ်များကို ပို၍ဆွေးနွေးမည်ဟု AAPP မှမျှော်လင့်ပါသည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ဘာသာပြန်နှင့် ပြည်တွင်း အလွတ်သတင်းထောက် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ကိုလှတင်နှင့် တူရကီနိုင်ငံအခြေစိုက်၊ TRT သတင်းဌာန (စင်္ကာပူရုံးခွဲ)မှ သတင်းထောက် နှစ်ဦးတို့ အား ၁၉၃၄ခုနှစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၁ဝ ဖြင့် ထောင်ဒဏ် နှစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ၎င်းတို့လေးဦးသည် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအား ဒရုန်းယာဉ်ဖြင့် ရိုက်ကူးရန် ကြိုးပမ်းခဲ့ခြင်းအတွက် သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော်လည်း နိုဝင်ဘာလ ၁ဝ ရက်နေ့ရုံးချိန်းတွင် လေကြောင်း ပျံသန်းမှုဆိုင်ရာ ဥပဒေဖြင့် ထပ်တိုးတရားစွဲဆိုခြင်းခံထားရသည်ကို သိရှိခဲ့ရသည်။ ထို့ပြင် ၎င်းတို့သည် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သော ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် ဆက်လက် တရားရင်ဆိုင်ရမည်ဟု ထိုနေ့တွင် အသိပေးခြင်းခံခဲ့ရသော်လည်း ၎င်းတို့နှင့် ၎င်းတို့၏ရှေ့နေများသည် လေကြောင်းပျံသန်းမှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ သိရှိနားလည်ခြင်းမရှိခဲ့ဘဲ အပြစ်ရှိသည်ဟု လျှောက်လဲချက်ပေးခဲ့လျှင် ငွေဒဏ်သာပေးဆောင်ရမည်ဟု မျှော်လင့်ခဲ့ကြသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့နှင့် နိုဝင်ဘာလ ၂ရ ရက်နေ့တို့တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ ၎င်းတို့အား ပို့ကုန်၊ သွင်းကုန်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့၏ရှေ့နေများမှ လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်ထားပြီးဖြစ်သဖြင့် ၎င်းပြစ်မှုနှင့်ဆင်တူသည့် ပြစ်မှုတစ်ခုကို ထပ်မံစီရင်ခြင်းမရှိရဟု ဥပဒေ၌ ပြဌာန်းထားသောကြောင့် လက်ရှိရင်ဆိုင်နေရသောအမှုကို ရုပ်သိမ်းသင့်ပါကြောင်း ဇမ္ဗူသီရိမြို့နယ်တရားသူကြီး ဦးဇော်ဝင်းထူးထံသို့ လျှောက်လဲချက် ပေးခဲ့သည်။ ထိုအခြင်းအရာများကိုကြည့်ခြင်းဖြင့် ၎င်းတို့သည် ဒရုန်းရိုက်ကူးမှုနှင့်ဆက်နွယ်၍ မည်ကဲ့သို့ တရားစွဲဆိုခံခဲ့ရပြီး ဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ကိုအောင်နိုင်စိုး၊ ကိုလှတင်နှင့် နိုင်ငံခြားသားသတင်းထောက်နှစ်ဦးတို့သည် လွှတ်တော်အဆောက်အဦးများကို ဒရုန်းယာဉ်ဖြင့် ရိုက်ကူးခြင်းမပြုမီ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၎င်းတို့၏ SD ကဒ်များအတွင်းတွင် ဓာတ်ပုံများကိုလည်း အာဏာပိုင်များမှ တွေ့ရှိခြင်း မရှိပါဟုု သိရှိရသည်။ အောက်တိုဘာလ ၂ရ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထိန်းသိမ်းခြင်းခံထားရစဉ် အတောအတွင်း ၎င်းတို့သည် ၎င်းတို့၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် ၁၅ ရက်ကြာ တွေ့ဆုံခွင့်မရရှိခဲ့ပါ။ လူတိုင်း မျှတသော တရားစီရင်မှုခံယူပိုင်ခွင့်ရှိသဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုရယူရာတွင် ကမာ္ဘ့ကုလသမဂ္ဂ၏ စည်းမျဉ်းများနှင့် လမ်းညွှန်မှု အပိုဒ် ရ တွင် “တရားပြိုင်သည် အချိန်မီ ဥပဒေဆိုင်ရာ တင်ပြမှုရရှိရမည်”ဟု ဖော်ပြထားသည်။ ယခင်လက ၎င်းတို့သည် လူတိုင်းမျှတသော တရားစီရင်မှု ခံယူပိုင်ခွင့်ရှိသည်ကို ချိုးဖောက်ခြင်း ခံခဲ့ရသည့်အပြင် နိုဝင်ဘာလ ၁ဝ ရက်နေ့ရုံးချိန်းတွင် ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် တရားရင်ဆိုင်ချိန်တွင် ခုခံပြင်ဆင်ရန်အတွက် လုံလောက်သော ပြင်ဆင်ချိန်မရပဲ စွဲချက်အသစ်ဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ တရားပြိုင်များသည် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များအတွက် လုံလောက်သော ခုခံပြင်ဆင်ချိန် ရရှိရမည်ဖြစ်ပြီး ၎င်းတို့ အပြစ်ကင်းစင်ကြောင်း သက်သေပြရန် လုံလောက်သော အခွင့်အရေးကိုလည်း ရရှိရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်လျက် တရားခွင်ကြားနာစစ်ဆေးမှု စတင်ပြီးသည့်တိုင် တရားပြိုင်များကို မည်သည့် စွဲချက်များဖြင့် တရားစွဲဆိုထားခြင်းအား ရှင်းပြခြင်းမပြုသည်မှာ အာဏာရှင်စနစ်ကျင့်သုံးခဲ့သော အစိုးရများ ပြုလုပ်လေ့ရှိသည့် အခြင်းအရာလည်းဖြစ်သည်။

တရားမဝင် ဒရုန်းယာဉ်လက် ဝယ်တွေ့ရှိခြင်းအတွက် ထောင်ဒဏ်ချမှတ်ထားပြီးဖြစ်သဖြင့် လက်ရှိအမှုကို ရုပ်သိမ်းသင့်ပါကြောင်း တရားပြိုင်ရှေ့နေများမှ နိုဝင်ဘာလ ၂ရ ရက်နေ့ရုံးချိန်းတွင် လျှောက်လဲချက်ပေးခဲ့သော်လည်း တရားသူကြီးမှ တရားမျှတမှု မရှိစွာဖြင့် ပယ်ချခဲ့သည်။ မျှတသော တရားစီရင်မှု ခံယူပိုင်ခွင့်ကို ငြင်းပယ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် ၁ဝ တွင် ဖော်ပြထားသော “စွဲချက်တင်လာသော ပြစ်မှုများနှင့်ပတ်သက်၍ အဆုံးအဖြတ်ခံယူရာတွင် လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားစီရင်မှုရုံးတော်တွင် လူအများ တက်ရောက်ကြားနာနိုင်သော စစ်ဆေးမှုမျိုးကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ကို ချိုးဖောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများသည် အခက်အခဲများ ဆက်လက် ရင်ဆိုင်နေရသည်ကို ထိုအမှုမှ ရှင်းလင်းသော ဥပမာတစ်ခုအဖြစ် ဆက်လက်ပြသနေပြီး မျှတသည့် တရားစီရင်မှုခံယူပိုင်ခွင့် ဆက်လက် တည်ရှိခြင်းမရှိသည်ကို ပြသလျက်ရှိသည်။ ထိုအခြင်းအရာများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း နှင့်ပတ်သက်၍ သံသယများကို မြင့်တက်စေသည်။

နိုင်ငံရေး လှုပ်ရှားမှုများအတွက် ဖမ်းဆီးခံရမှုနှင့် ပြစ်ဒဏ်ချမှတ်ခံရမှု အရေအတွက်သည် ယခုလတွင် လျော့နည်းလာသော်လည်း တရားရင်ဆိုင်ရမှု အရေအတွက်သည် ဆက်လက်၍တိုးလာနေဆဲဖြစ်သည်။ ဖိနှိပ်ထားသော ဥပဒေများဖြင့် တရားရင်ဆိုင်နေရစဉ် တွင် များစွာသော နိုင်ငံသားများသည် အာမခံမရရှိပဲဆက်လက် ထိန်းသိမ်းထားခြင်းခံနေရလျက်ရှိသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ) စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အာမခံလျှောက်ထားမှုကို ပယ်ချခဲ့သည်။ ကိုအောင်ကိုထွေး သည် ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခြင်းခံခဲ့ရစဉ်က အတွေ့အကြုံများနှင့် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရစဉ်က ကြုံတွေ့ခဲ့ရ သော အတွေ့အကြုံများကို ဩဂုတ်လအတွင်း လွတ်လပ်သော အာရှအသံ (RFA) နှင့် အမေး၊အဖြေ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်မှ တရားလိုပြုလုပ်၍ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ သူ့အား တရားစွဲ ဆိုခဲ့ပြီးနောက် ဩဂုတ်လ ၁၈ ရက် နေ့တွင် သူသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကိုအောင်ကိုထွေး၏ အမှုတွင် အောင်ကိုထွေးသည် အဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရခြင်း၊ တပ်သားအဖြစ် အဓမ္မစုဆောင်းခြင်းခံခဲ့ရခြင်း၊ အသက်မပြည့်ဘဲ တာဝန်ထမ်းဆောင်ခဲ့ရခြင်း၊ အလုပ်ကြမ်းသမားအဖြစ် (ကာယလုပ်သားအဖြစ်) အဓမ္မ လုပ်ဆောင်ခဲ့ရခြင်း၊ မျှတသော တရားစီရင်မှု ခံယူပိုင်ခွင့် မရှိခြင်း (သူကျူးလွန်ခဲ့သည်ဟု ငြင်းပယ်ခဲ့သော စွဲချက်များအတွက်) တို့၏ ရလဒ် အနေဖြင့် သူသည် ထောင်တွင်းတွင် ကိုးနှစ်ကျော်ကြာ အကျဉ်းကျခြင်းခံခဲ့ရပြီး သူ ခံစားခဲ့ရသော ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖွင့်ဟပြောဆိုခဲ့ခြင်းအတွက် ဖိနှိပ်မှုခံနေရခြင်းသည် လွန်စွာ တရားမျှတမှု မရှိခြင်းကို ပြသလျက်ရှိသည့်အပြင် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများကိုလည်း ချိုးဖောက်လျက်ရှိသည်။ နိုဝင်ဘာလ၁ရက်နေ့တွင်တာမွေမြို့နယ်တရားရုံး၌ ပြုလုပ်မည့်နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်းခံနေရသော ဦးမိုက်ကယ်ကျော်မြင့်၏ ပထမအကြိမ် ရုံးချိန်းကို တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းမှ ခွင့်တိုင်ကြားသောကြောင့် အမှုအား မစစ်ဖြစ်ခဲ့ဘဲ ရုံးချိန်းကို နိုဝင်ဘာလ ၁ဝ ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုခဲ့သည်။ နိုဝင်ဘာလ ၁ဝ ရက်နေ့ ရုံးချိန်းတွင်လည်း တရားလိုမှ လာရောက်ခြင်းမရှိသောကြောင့် ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းခဲ့ရသည့်အတွက် အမှုသည် ရှည်ကြာသွားခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့် ကို တာမွေမြို့နယ်တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမိုးဟိန်းအား စတင်စစ်ဆေးခဲ့သည်။ ထိုရုံးချိန်းတွင် ဦးမိုက်ကယ်ကျော်မြင့်မှ ကျန်းမာရေးမကောင်းကြောင်း၊ အခြားတရားရုံးများ၌ တရားစွဲဆို ခံထားရသော အမှုများတွင် အာမခံရရှိခဲ့ကြောင်း စသည့်အကြောင်းပြချက်များဖြင့် အာမခံလျှောက်ထားခဲ့သော်လည်း တရားသူကြီး မှအာမခံပေး၍မရသည့် ပုဒ်မဖြစ်သည့်အတွက် အာမခံမပေးခဲ့ပါ။

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ၅၀၅(ခ)သည် အာမခံပေးခွင့်မရှိသော ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံနေရသော်လည်း ဦးမိုက်ကယ်ကျော်မြင့်အား ထိုပုဒ်မဖြင့်တရားစွဲဆိုခြင်း မပြုသင့်ပါ။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့်သည် ဆန္ဒပြရန်ထွက်ခွာခြင်းမပြုမီ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ထိုဆန္ဒထုတ်ဖော်ပွဲအတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့်သည် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည်။ ဆန္ဒထုတ်ဖော်ခြင်းမစတင်မီ ဖမ်းဆီးခြင်းခံခဲ့ရသောကြောင့် သူ့အား စွဲဆို ထားသောစွဲချက်ကို ရုပ်သိမ်းသင့်ပါသည်။

ရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅(ခ)သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကို ပျက်စီးဆုတ်ယုတ်စေသည့် အဓိကကျသည့် ဥပဒေများထဲမှ တစ်ခုဖြစ်သည်။ ထိုပုဒ်မ၏ ရှင်းလင်းခြင်းမရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆိုးရွားသော ရာဇဝတ်မှုဆိုင်ရာ သဘောသဘာဝများရှိခြင်းတို့ကြောင့် ပုဒ်မ ၅၀၅(ခ)ကို စစ်အစိုးရဟောင်းများမှ နိုင်ငံရေးဆိုင်ရာ အတိုက်အခံများနှင့် တက်ကြွ လှုပ်ရှားသူများကို ဖိနှိပ်ရန်အတွက် အသုံးပြုခဲ့သည်။ အစိုးရနှင့် တပ်မတော်တို့အား ဝေဖန်သူများ ရပ်တန့်သွားစေရန် နိုင်ငံ့ ဝန်ထမ်းများနှင့် တပ်မတော်သားများမှ ထိုအမှုများကို အမှုဖွင့်ခဲ့ကြသည်ဟု AAPP မှ လေ့လာတွေ့ရှိခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ရန် ရာဇသတ်ကြီး၊ ပုဒ်မ၅၀၅(ခ)ကို ချက်ချင်း ရုပ်သိမ်း သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်ရမည်ဖြစ်သည်။

ကချင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ၊ ကချင် အမျိုးသားဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ ဒါရှီနော်လွမ်း သည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် ဇွန်လနှောင်းပိုင်းကတည်းက တရားရင်ဆိုင်နေသည်ကို နိုဝင်ဘာလအတွင်းတွင် AAPP မှတွေ့ရှိခဲ့ရသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တပ်မတော်တို့ကြား တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပျက်ပြယ်သွားခဲ့သော ဇွန်လ၉ရက်နေ့ကို အမှတ်ရသောအားဖြင့် ထိုနေ့တွင် သူသည် တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော သတင်းအချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဝေငှခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ထို့ကြောင့်အမှတ် (၁၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးကြည်မင်းထွန်းမှ သူ့အား ဖားကန့်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။   ဖားကန့်မြို့နယ်တရားသူကြီး ဦးစိုးလွင်အောင်မှ သူ့အား ဇွန်လ ၂၆ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ကတည်းက သူသည် အမှုရင်ဆိုင်နေရသည်။

နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် ခဲ့သည်ဟု စွပ်စွဲထားသော သတင်းအချက်အလက်များအား ဝေမျှခဲ့ခြင်းအတွက် ဒါရှီနော်လွမ်းကိုတရားစွဲဆိုခြင်းမှာ လက်ခံနိုင်ဖွယ် မရှိပါ။ ရာဇဝတ်မှုမြောက်သော အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခြင်းသည် သူ့အား ဖွင့်ဟပြောဆိုခြင်းမှ ရပ်တန့်သွားစေရန်ကြိုးပမ်းမှုဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ကချင် အမျိုးသမီးအစည်းအရုံး (KWAT) နှင့် Fortify Rights တို့မှ ကချင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒါရှီနော်လွမ်းကို အမြန်ဆုံး လွှတ်ပေးရန်အတွက် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ တောင်းဆိုသည့်အပေါ် AAPP မှလည်း ကြိုဆို ထောက်ခံပါသည်။

အစိုးရနှင့် တပ်မတော်တို့မှ ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်နှင့် ထင်မြင် ယူဆခွင့်တို့ကို ရပ်တန့်သွားစေရန် ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ကို နည်းလမ်းတစ်ခုသဖွယ် အသုံးပြုခြင်းအား ရပ်တန့်ရမည်ဖြစ်ပြီး ပြည်သူများ၏ လွဲမှားစွာ ဝေဖန်မှုများ သို့မဟုတ် လွဲမှားစွာ စွပ်စွဲမှုများကိုလည်း ထိန်းချုပ်ရမည်ဖြစ်သည်။ စစ်မှန်သော အသရေဖျက်မှု ဥပဒေသည် လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်ကို ထိခိုက်မှုမရှိသင့်သည်ကို ရှုမြင် သုံးသပ်ခြင်းအားဖြင့်မြန်မာနိုင်ငံ၏ ဥပဒေတွင် အသရေဖျက်မှုစင်စစ်ကို ရှင်းလင်းစွာ ပြန်လည် ပြဋ္ဌာန်းသင့်ပြီး ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းနေမည့်အစား တရားမမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် တရားမမှုဆိုင်ရာ ပြစ်မှုအဖြစ် သုံးသပ်သင့်သည်ဟု ယူဆပါသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီးကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ထမ်းမဆိုင်ရွာမှ အသက် (၁၄)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် သူ၏ရှေ့နေနှင့် တွေ့ဆုံခွင့်မရရှိခဲ့ဘဲ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပထမအကြိမ် ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ၁၇(၁)ဖြင့် မန္တလေးလူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် နှစ်နှစ်နေထိုင်ရန်နှင့် ဒဏ်ငွေတစ်ထောင်ကျပ်ပါ ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ အောက်တိုဘာလ ၅ ရက်နေ့တွင် မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် သူ၏ရွာမှ နမ့်ဆန်မြို့သို့ပြန်လာစဉ် ညနေ ၅ နာရီအချိန် ဝန်းကျင်ခန့်တွင် နမ့်ဆန်မြို့အဝင်သို့ ရောက်ရှိချိန်၌ တပ်မတော်ခြေမြန်တပ်ရင်းအမှတ် (၁၀၅) မှ ဗိုလ်ကြီးသူရထွန်းဦးဆောင်သည့်အဖွဲ့မှ သူ့အားစစ်ဆေးခဲ့ပြီး သူ၏ဖုန်းအတွင်း၌ TNLA စစ်ဝတ်စုံဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသော သူ၏ဓာတ်ပုံများကိုတွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သူ့အား ဖမ်းဆီးခဲ့ပြီးနောက် နမ့်ဆန်မြို့နယ်၊ တပ်မတော်ခြေမြန်တပ်ရင်း အမှတ် ၃၂၄ တွင် ခုနှစ်ရက်ကြာ ချုပ်နှောင်ထားခဲ့ပြီး တပ်မတော်အရာရှိများမှ သန်းခေါင်ယံအချိန်တွင် စစ်ဆေးစဉ်ရိုက်နှက်ခြင်း၊ အိပ်ခွင့်မပေးခြင်းတို့အပြင် ရေနှင့် အစားအစာများ လည်း ပေးခြင်းမရှိခဲ့ပါဟု သူ၏ရှေ့နေဖြစ်သူမှ ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် သူသည် နမ့်ဆန်မြို့မ ရဲစခန်းသို့ လွှဲပြောင်းခြင်းခံခဲ့ရပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော်ခမရ (၇၇) မှ ဗိုလ်မှူးမြင့်မောင်မောင်စိုးက တရားလိုပြုလုပ်၍ မတရားအသင်းအက်ဥပဒေ၊ ပုဒ်၁၇(၁)ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။

မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းလွတ်မြောက်ရေးအတွက် Burma Campaign UK နှင့် Fortify Rights တို့မှ နိုဝင်ဘာလအတွင်းတွင် တိုက်တွန်းတောင်းဆိုလျက်ရှိပြီး သူ၏အမှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ကို အလေးပေးထုတ်ဖော်ခဲ့သည်။ AAPP ၏ အောက်တိုဘာလ၊ တစ်လအတွင်းသုံးသပ်ချက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများအရ မိုင်းချိုမင်းထွေး (ခ) အိုက်ယန်းသည် များစွာသော ဖြစ်ရပ်များမှ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ခံခဲ့ရသည်ကို တွေ့မြင်နိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွင် ကလေးစစ်သားဖြစ်သည်ဟု သံသယရှိခြင်းအတွက် မတရားဖမ်းဆီး၊ ထိန်းသိမ်းခဲ့ခြင်း၊ လျှို့ဝှက်စွာ ထိန်းသိမ်းခံထားရစဉ်အတွင်း ရှေ့နေနှင့်တွေ့ဆုံခွင့်မရခဲ့ဘဲ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရခြင်းနှင့် တရားခွင်ကြားနာစစ်ဆေးမှုကို တစ်ကြိမ်သာကြားနာခဲ့ရခြင်း၊ ထိုတစ်ကြိမ်အတွင်း ရှေ့နေနှင့်တွေ့ဆုံခွင့်မရခဲ့ဘဲ တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းစသည့်ဖြစ်ရပ်များမှ တွေ့မြင်နိုင်သည်။

သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားများကို ထောင်သွင်းအကျဉ်းချရန် လက်နက်တစ်ခုအဖြစ် အသုံးပြုလေ့ရှိပြီး လွတ်လပ်စွာအဖွဲ့အစည်းများတွင် ပါဝင်ခွင့်ကို ရာဇဝတ်မှုမြောက်စေသော မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ကဲ့သို့သော ဖိနှိပ်ထားသည့် ဥပဒေများသည် လူတိုင်း၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ထိခိုက်လျက်ရှိခြင်း ကြောင့် ထိုဥပဒေများကို အမြန်ဆုံး ရုပ်သိမ်း သို့မဟုတ် ပြင်ဆင်ရမည်ဖြစ်သည်။ နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ပြည့်မီရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်ဆောင်ရွက်မည်ဟု ကတိပြုထားခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်ထက်ဝက်ကျော်ရှိသော NLD အစိုးရသည် လွှတ်တော်တွင်း ဥပဒေများကို ပြင်ဆင်၊ဖြည့်စွက်ရန်၊ ရုပ်သိမ်းရန်နှင့် ဖန်တီးရန် လုပ်နိုင်စွမ်းရှိပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပွားစေနိုင်သော ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းအားဖြင့် နိုင်ငံသားအားလုံး၏ လူ့အခွင့်အရေး များကို ကာကွယ်သည့်တိုင် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုသည် ရှိကောင်းရှိမည်မဟုတ်ပါ။ ၂၀၀၄ ခုနှစ်တွင် ကမာ္ဘ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနမ်မှ “ဥပဒေဖြင့် တန်းတူညီမျှမှုရှိသော အဓိကကျသည့် ဥပဒေသများ၊ ဥပဒေ မပြဋ္ဌာန်းမီ တာဝန်ခံမှုရှိခြင်းနှင့် မျှတသော သက်သေခံခွင့်နှင့် ကာကွယ်ခွင့်တို့အပါအဝင် ဥပဒေစိုးမိုးရေးတွင် ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းမှုများနှင့် ထိရောက်သော စံသတ်မှတ်ချက်များသည် လူ့အခွင့်အရေးနှင့် ကိုက်ညီမှု ရှိရန်လိုအပ်သည်”ဟု သတ်မှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းဟောင်းများနှင့် ပတ်သက်၍ နိုဝင်ဘာလအတွင်းတွင် ဧရာဝတီသတင်းဌာနမှ နိုင်ငံရေးအကျဉ်းသားဟောင်း၊ AAPP ၏ MHAP အစီအစဉ်မှ ကောင်ဆယ်လာဟောင်း ကိုစန်းဇော်ထွေး၏ အနုပညာလက်ရာများပါဝင်သည့် မကြာသေးမီက ထုတ်ဝေခဲ့သော မြန်မာနိုင်ငံ၏ ဖြစ်စဉ်များ၊ ကဗျာနှင့် ဓာတ်ပုံစာအုပ်တို့တွင် ဖော်ပြထားသည့် နှစ်ခြောက်ဆယ်နီးပါးကြာ ကြောက်ရွံ့မှုနှင့် ခံစားရမှုများမှ နိုင်ငံ၏ ခက်ခဲသော အကူးအပြောင်းများအကြောင်းကို ကောက်နှုတ်ဖော်ပြခဲ့သည်။ ထို့ပြင် ကျောင်သားတစ်ဦးအဖြစ် နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးနောက် ကိုစန်းဇော်ထွေးသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အကျဉ်းကျခံနေရစဉ်အတွင်း အနုပညာလက်ရာများ ဖန်တီးပြုလုပ်ခဲ့သည့်အကြောင်းကိုလည်း အမေး၊အဖြေပြုလုပ်ခဲ့သည်။ ထောင်တွင်းတွင် သူသည် ရောင်စုံအမှိုက်များကိုစုဆောင်းခဲ့ပြီး ထိုရောင်စုံအမှိုက်များဖြင့် နိုင်ငံရေးဆိုင်ရာ အတိုက်အခံပြုလုပ်သော အနုပညာလက်ရာများ ဖန်တီးခဲ့သည်။ သူသည် ထောင်ဒဏ် ၃၆ နှစ်ကျခံခဲ့ရသော်လည်း ၂၀၁၂ ခုနှစ်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အိုင်ဝိုင်းပါဟဲရွာမှ လယ်သမားအရေးလှုပ်ရှားသူ၊ ပြည်ထောင်စု တောင်သူလယ်သမား သမဂ္ဂ ရပ်/ကျေးတာဝန်ခံနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဦးဌေးအောင်သည် အုပ်စုဖွဲ့ ရိုက်နှက် ခြင်းခံခဲ့ရသော ဒဏ်ရာများကြောင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားခဲ့သည်။ အောက်တိုဘာ လ ၂၈ ရက်နေ့တွင် ဦးဌေးအောင်သည် အငြင်းပွားလျက်ရှိသော လယ်ယာမြေများကို ကွင်းဆင်းစစ်ဆေးရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို စောင့်ဆိုင်းနေစဉ် နောင်ချိုမြို့နယ်၊ ပလောင်ကုန်းကျေးရွာမှ လူ ၂ဝ ခန့်က သူ့အား ဆဲဆိုအော်ဟစ်ခဲ့ပြီး ဝါးနှင့်ကြံချောင်းများဖြင့် အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး ထားဝယ်အများပို်င်ကုမ္ပဏီ (DDPC) နှင့် အစိုးရဌာနနှစ်ခုက ရာဇသတ်ကြီးပုဒ်မ ၄၉၄၊ ၂၇၉(က)၊ ၄၂၇၊ ၄၄ရ များဖြင့် တရားစွဲဆိုထားသော လယ်သမား အရေးလှုပ်ရှားသူ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် တောင်သူ လယ်သမား သမဂ္ဂဥက္ကဌ ဒေါ်ရီထွေးသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သူမ၏ ပထမအကြိမ် ရုံးချိန်းကို တက်ရောက်ခဲ့ပြီး အာမခံရယူခဲ့ခြင်းမရှိသည့်အတွက် ထိုနေ့တွင်ပင် ထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။ ဒေါ်ရီထွေးသည် တနင်္သာရီတိုင်း၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွက်  စာတမ်းတင်ရမည်ဖြစ်သောကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ ရုံးချိန်းတွင် အာမခံရယူခဲ့သည်။ သို့သော်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့ ရုံးချိန်းတွင် သူမသည် လက်ထိပ်ခတ်ထားခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ရဲလက်စွဲ (ဒုတိယတွဲ)၊ အပိုဒ် ၁၃၈၂ (၁) တွင် “အာမခံပေးခွင့်ရသော ပြစ်မှုကို ကျူးလွန်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းခံရသောသူ တစ်ယောက်အား ထွက်ပြေးမည့် လက္ခဏာမရှိလျှင် သိုမဟုတ် အကြမ်းဖက်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရ၊” အပိုဒ် ၁၃၈၂ (၃) တွင် “အသက်အရွယ် ကိုသော်လည်းကောင်း၊ မိန်းမသားဖြစ်ခြင်း ကိုသော်လည်းကောင်း ထောက်ထား၍ လက်ထိပ်မခတ်ဘဲ လုံခြုံစွာ ထားနိုင်ရန် အကြောင်းရှိလျှင် ထိုသို့သော သူများကို လက်ထိပ်မခတ်ရ” ဟု ဖော်ပြထားသည်။  ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့် ဒေါ်ရီထွေး အား လက်ထိပ်ခတ်ထားခြင်းသည် ကျိုးကြောင်း သင့်တော်မှုမရှိဘဲ ဥပဒေအား လွဲမှားစွာ အသုံးပြုလျက်ရှိသည်ကို တွေ့မြင်နိုင် သည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပြည်တွင်း နည်းဥပဒေသများ၊ စည်းမျဉ်း၊စည်းကမ်းများ အတိုင်း လိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။

အမှီအခိုကင်းသော အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသောကြောင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့် ဦးဌေးအောင်သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်(MNHRC)အား AAPPမှ တိုက်တွန်းပါသည်။ လူ့အခွင့်အရေးလှုပ်ရှားမှုကို ထိခိုက်စေသော ထိုအမှုတွင် တရားမျှတမှု ရရှိရမည်ဖြစ်သည်။ အမှုကို တရားမျှတမှုရှိစေရန် မျှတသောစုံစမ်းစစ်ဆေးမှုသည် လိုအပ်ပါသည်။

သမိုင်းကြောင်းများအရ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးလှုပ်ရှားသူများသည် ခြိမ်းခြောက်မှုများနှင့် ဖိအားများကို ရင်ဆိုင်ခဲ့ရ မှုများအား ဦးဌေးအောင်သေဆုံးမှုနှင့် ဒါရှီနော်လွမ်းတို့၏ အမှုများမှ ထပ်မံပြသလျက်ရှိပြီး လွန်စွာ ခြိမ်းခြောက်မှု ရှိဆဲဖြစ်သည်ကိုလည်း ပြသလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း လူမှု အသိုင်းအဝိုင်းကျယ်ပြန့်လာခြင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပြည်သူများ ပိုမိုပါဝင်လာခြင်းနှင့် ထိုကဲ့သို့ပြုလုပ်ရန် တာဝန်ရှိ၍ ပါဝင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကာကွယ်ရန် ၎င်း၏ ကြိုးပမ်းမှုများကို မြှင့်တင်ရမည်ဖြစ်သည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့်ပတ်သက်၍ ကမာ္ဘ့ကုလသမဂ္ဂကြေညာစာတမ်းတွင် “နိုင်ငံသားအားလုံးသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အခြားအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို လက်တွေ့ကျင့်သုံးခွင့်ရှိရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသည်”ဟုဖော်ပြထားသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းထားသော လယ်ယာမြေများပေါ်တွင် ခြံစည်းရိုးကာရံခြင်းကို ဖျက်ဆီးခဲ့ခြင်းအတွက် အမှုရင်ဆိုင်နေရသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အိုက်စောက်ကျေးရွာမှ တောင်သူ ၁ဝ ဦး၏ အာမခံကို တောင်ငူခရိုင် တရားရုံးမှ နိုဝင်ဘာလ ၁ရ ရက်နေ့တွင် ရုပ်သိမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်းတို့သည် ပိုက်နက်ကျူးလွန်မှု၊ ရာဇသတ်ကြီးပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီးနောက်ပိုင်းတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အမှုရင်ဆိုင်နေစဉ်အတွင်း တရားလိုမှ ပုဒ်မ ၄၄ရ မှ အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီးပုဒ်မ ၄၂ရ သို့ ပြောင်းလဲ တရားစွဲဆိုရန် လျှောက်ထားခဲ့ရာ တရားရုံးမှ ပုဒ်မ ၄၂ရ ကို လက်မခံဘဲ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ၆/၁ဖြင့် တရားစွဲဆိုရန် လက်ခံခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် လေတပ်စခန်းဌာနချုပ်မှ တရားလို ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး၊ တရားလိုဘက်မှ အကျိုးဆောင်ရှေ့နေတို့ ရုံးချိန်းမတက်ရောက်သောကြောင့် ရုံးချိန်းကို ဒီဇင်ဘာလ ၅ ရက်နေ့သို့ ပြောင်းလဲ ချိန်းဆိုခဲ့ရသည်။ ၁၉၉၁ ခုနှစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အိုက်စောက်ကျေးရွာနေ ဒေသခံတောင်သူ ၅၉ ဦး ပိုင်ဆိုင်သော လယ်ယာမြေဧက ၃၄၅ ဒသမ ၅ဝ ကို လေတပ်စခန်းဌာနချုပ်အတွက် လေယာဉ်ကွင်းတည်ဆောက်ရန် နှုတ်မိန့်ဖြင့်သိမ်းဆည်းခဲ့သည်။ သို့သော်လည်း ပိုလျှံသောမြေများကို ပြန်မပေးခဲ့ဘဲ တောင်သူတချို့ကို သီးစားချ၍ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် လုပ်ကိုင်စားသောက်ခွင့် ရုပ်သိမ်းခဲ့ကာ ခြံစည်းရိုး ကာရံခြင်း ပြုလုပ်ခဲ့သည်။ ထိုလယ်ယာမြေများအတွက် တောင်သူများတွင် သီးနှံအခွန်ပြေစာများသာမက လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ်များပါရှိသည်။

၁၉၉၁ ခုနှစ်တွင် စစ်တပ်မှ သိမ်းယူခဲ့ပြီး လျော်ကြေးမရရှိခဲ့သော၊ ပြန်လည်ပေးအပ်ခြင်းလည်းမရှိခဲ့သော လယ်ယာမြေများကို ကျူးကျော်ခဲ့ခြင်းအတွက် လယ်သမားများ တရားစွဲဆိုခံနေရခြင်းသည် တရားမျှတခြင်းမရှိပါ။ စီမံကိန်းအတွက် အသုံးပြုပြီး ပိုလျှံသော လယ်ယာမြေများကို မူလပိုင်ရှင်လယ်သမား ၅၉ ဦးထံသို့ ပြန်လည်ပေးအပ်သင့်သည်။ ပိုလျှံသော လယ်ယာမြေများကို စိုက်ပျိုးလုပ်ကိုင်ခွင့် တားဆီးပိတ်ပင်ခဲ့ခြင်းမပြုမီ ထိုလယ်ယာမြေများအပေါ် မှီခိုနေရသော လယ်သမားများထံသို့ သီးစား အငှားချထားခဲ့သည်။ စစ်အစိုးရဟောင်းများ လက်ထက်တွင် ရေတွက်၍မရနိုင်သော လယ်ယာမြေ သိမ်းဆည်းမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံသားအများစုသည် ၎င်းတို့၏ ဆုံးရှုံးမှုများအတွက် လုံလောက်သော လျော်ကြေးရရှိခြင်းမရှိသေးပါ။ အစိုးရသည် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ခွဲဝေပေးခြင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ထိုအမှုသည် အမှုများစုအနက်မှ ချက်ချင်း ဖြေရှင်းရမည့်အမှုတစ်မှုဖြစ်သည်ကို ဂရုပြုသင့်ပါသည်။ လယ်ယာမြေသိမ်းဆည်းခြင်းကို ဆန့်ကျင်ခြင်းအတွက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် တရားရင်ဆိုင်နေရသော ထိုလယ်သမားများ၊ အခြားလယ်သမားများအားလုံးနှင့် လယ်ယာမြေအရေးလှုပ်ရှားသူများ အား စွဲဆိုထားသော စွဲချက်များကို ချွင်းချက်မရှိ အမြန်ဆုံးရုပ်သိမ်းသင့်ပြီး မူလပိုင်ဆိုင်သောလယ်သမားများထံသို့ လယ်ယာမြေ များကိုအမြန်ဆုံးပြန်လည်ပေးအပ်သင့်သည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဆားလင်းကြီးမြို့နယ်မှ ဒေသခံတောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြသည်။ ဒေသခံတောင်သူများမှ ဆားလင်းကြီးမြို့နယ်အတွင်း စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားသော လယ်ယာမြေဧက နှစ်ထောင်ကျော်အတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်။ ဒေသခံလယ်သမားများမှ ပြည်ထောင်စုအစိုးရထံသို့ အချက်သုံးချက် တင်ပြပေးရန် တောင်းဆိုခဲ့သည်။ ထိုအချက်သုံးချက်မှာ မြေယာပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန်၊ တိုင်းအစိုးရအနေဖြင့် လက်ရှိ တောင်သူများ လယ်ယာမြေများကို လုပ်ကိုင်စားသောက်နေသည်မှာ မှန်ကန်သောကြောင့် ကုမ္ပဏီမှ ထိုလယ်ယာမြေများကို စွန့်လွှတ်သင့်သည်ဆိုသော သဘောထားမှတ်ချက်အားထည့်ပေးရန်နှင့် စီမံကိန်းကိုရပ်ထားပြီး ဒေသခံတောင်သူများကို အရင်ဆုံး ဖြေရှင်းပြီးမှ ဆက်လက်လုပ်ကိုင်ရန် စသည်တို့ဖြစ်သည်။ ၁၉၈ရ ခုနှစ်အချိန်ခန့်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း အတွက် ရွာ ၁၁ ရွာမှ လယ်ယာမြေဧက ၆၀ဝဝ ကျော်ကို သိမ်းဆည်းခဲ့ပြီး ကုမ္ပဏီမှ ဧက ၂၃၀ဝ ကျော်ကို လယ်ယာမြေ လျော်ကြေးပေးရန် ကျန်ရှိနေသေးသည်ဟု သိရှိရပါသည်။

အစိုးရမှ ထိုကိစ္စကို အမြန်ဆုံး လေ့လာသုံးသပ်ရမည်ဖြစ်ပြီး အဓမ္မနှင်ထုတ်ခြင်းများအတွက် ကုစားခြင်းအဖြစ် နစ်နာကြေးပေး ခြင်း၊ မူလပိုင်ဆိုင်မှုကို ပြန်လည်ပေးအပ်ခြင်း၊ ပြန်လည်အခြေချနေထိုင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများကို ဆောင်ရွက်ရန် နိုင်ငံများမှ လိုက်နာရမည့် စံချိန်၊စံညွှန်းများကို ဖော်ပြထားသော အိမ်ရာမဲ့ခြင်း၊ နှင်ထုတ်ခြင်းတို့အပေါ် အခြေခံထားသည့် ကမာ္ဘ့ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်းများနှင့် လမ်းညွှန်းချက်များနှင့်အညီ လယ်သမားများအတွက် စိတ်ချလုံခြုံမှုရရှိမည့် လယ်ယာမြေများကို ပြန်လည် ပေးအပ်ရမည်ဖြစ်ပြီး လုံလောက်သော လျော်ကြေးလည်း ပေးအပ်ရမည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုများကိုအခြေခံသည့် ကောင်းမွန်သော အခွင့်အရေးများရရှိစေရန်အတွက် အပြုသဘောဆောင်သော ခြေလှမ်း တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ သဘောတူစာချုပ်ကို ၂၀၁ရ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အတွင်းတွင် နိုင်ငံသားများ၏ မရှိမဖြစ်အရေးပါသော စားဝတ်နေရေုးဖြစ်သည့် အရင်းအမြစ်များကို ဖြတ်တောက်ကာ လယ်ယာမြေများကို ရောင်းချခြင်း၊ အငှားချထားခြင်းများပြုလုပ်ခဲ့လျှင် နိုင်ငံတော်အစိုးရသည် ၎င်း၏တာဝန်ဖြစ်သော လုံလောက်သော အစားအစာရရှိခွင့်ကို ဖြည့်ဆည်းပေးရန်၊ လေးစားလိုက်နာရန်နှင့် ကာကွယ်ရန်တို့ကို ချိုးဖောက်ခြင်းဖြစ်သည်။ အစိုးရဟောင်းများလက်ထက်တွင် ထိုအခွင့်အရေးများကို ရှင်းလင်းစွာချိုးဖောက်ခဲ့ပြီး ယခုအစိုးရသည် ထိုပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများရှာဖွေသင့်သည်။ ထိုမျှသာမက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများတွင် လယ်ယာမြေသိမ်းဆည်းမှုများရှိခဲ့ခြင်းကြောင့် နိုင်ငံသားများ၏ စားဝတ်နေရေးကို ထိခိုက်မှုမရှိစေရန်အတွက် အစိုးရမှ ကမာ္ဘ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးများ ဆိုင်ရာ လမ်းညွှန်မှုနည်းလမ်းများဖြင့် ဆောင်ရွက်ရန်တာဝန်ရှိပါသည်။

ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိသည့် ၁၈၉၄ မြေသိမ်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမည်ဟု နိုဝင်ဘာလ ရ ရက်နေ့တွင် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက ပြောကြားခဲ့သည်။ အဆိုပါတည်ဆဲဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းရခြင်းသည် ဥပဒေနှင့်အညီ မြေသိမ်းဥပဒေပေါ်ပေါက်ရန်နှင့် မြေသိမ်းခံရသည့် ပြည်သူများအတွက် သင့်တင့်မျှတသော နစ်နာကြေးပေးနိုင်စေရန် ရည်ရွယ်ပြီး ပြင်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ မြေသိမ်းခံရသော ရွာများ၊ အိမ်များအသိမ်းခံရလျှင် ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးတို့ကို စဉ်းစားဆောင်ရွက်ထားပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းရန်အတွက်လည်း ထည့်သွင်းစဉ်းစားထားသည်ဟု ပြောကြား ခဲ့သည်။ မြေသိမ်းဥပဒေကို ပြင်ဆင်ရန်အတွက် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တောင်သူလယ်သမားရေးရာ ကော်မတီမှ အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို အမျိုးသားလွှတ်တော်က ဆွေးနွေးရန်အတည်ပြုခဲ့သည်။

ကိုလိုနီခေတ်ကာလတွင် ပြဋ္ဌာန်းခဲ့သော ၁၈၉၄ မြေသိမ်းဥပဒေ၏ ရှင်းလင်းမှုမရှိသော အဓိပ္ပာယ်ဖွယ့်ဆိုချက်သည် အစိုးရဟောင်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ မြေသိမ်းရာတွင် လုပ်ပိုင်ခွင့်အာဏာပေးထားသကဲ့သို့ ဖြစ်နေသည်။ စားဝတ်နေရေးအတွက် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေများကို မှီခိုနေရသော သာမန်နိုင်ငံသားများ၏ ဆုံးရှုံးမှုကို အနည်းငယ် မျှသော တာဝန်ခံမှုနှင့် လုံလောက်မှုမရှိသော ဆောင်ရွက်ချက်မှုများဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ခေတ်မမှီတော့ သော ထိုဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လျက်ရှိသည်။

မြေသိမ်းဥပဒေ၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကို ၂၀၁ရ ခုနှစ်တွင် ပြန်လည် သုံးသပ်လျက်ရှိပြီး ပြည်သူများ၏ အကျိုးအမြတ်အတွက် အနာဂတ်တွင် ပို၍တင်းကြပ်သော မြေယာသိမ်းဆည်းမှုထားရှိရန်နှင့် သိမ်းဆည်း လယ်ယာမြေလျော်ကြေး သို့မဟုတ် လယ်ယာမြေပြန်လည်ပေးအပ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များ ပေါင်းစပ်ပါဝင်ခြင်းအားဖြင့် ထိုဥပဒေများကို အစိုးရမှ ယခုနှစ်မကုန်ဆုံးမီ ပြင်ဆင်ဖြည့်စွက်မှုကိုဆောင်ရွက်မည်ဟု AAPP မှ မျှော်လင့်ပါသည်။

နိုဝင်ဘာလအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်းနှင့် နိုင်သားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင် သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၆၆() ၈၁၂၈၇၈၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉၆၂၈၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် November MiR (Burmese)

တလအတွင်းသတင်း ဒေါင်းလော့ရယူရန် November Chronology (Burmese)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 46 remainging PP list (bur) Updated on Nov 30, 17

၆၆(ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated