လစဉ်သတင်းလွှာ ဖေဖော်ဝါရီလ၂၀၁၇

               လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

Mon HR awarness for feb

                        မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူထုတွင်း၌ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော၊ပို့ချ

လူထုတွင်းတွင်လူ့အခွင့်အရေးဆိုင်ရာဟောပြော၊ ဆွေးနွေးပွဲများ ပို့ချ ပေးခြင်း

ဖေဖော်ဝါရီလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေး ပွဲပေါင်း ပွဲကိုလူထုတွင်းတွင် ဟောပြော၊ဆွေးနွေး၊ပို့ချပေးနိုင်ခဲ့သည်။ ဟောပြော၊ ဆွေးနွေးပွဲပေါင်းသုံးပွဲကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်းရှိ ကျေးရွာသုံးရွာတွင် လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲပေါင်း ကိုးပွဲကို မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်းရှိ ကျေးရွာငါးရွာတွင်လည်းကောင်း ပို့ချပေးခဲ့သည်။ ထိုသို့ ဟောပြော နိုင်ရန်အတွက်လည်း သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော  ဒေါ်ခိုင်လဲ့လဲ့၊ ဦးအောင်ကျော်သူ၊ သထုံမြို့နယ် NLD ဥက္ကဌ၊ မွန်ပြည်နယ် အရပ်ဖက် လူမှု့အဖွဲ့အစည်းများကွန်ရက်မှ တွဲဖက်ညှိနှိုင်းရေးမှူး မဇွန်ပန်း၊သထုံမြို့နယ် ​စာကြည်​့တိုက်​များကွန်​ရက်​ တွဲဘက်​အတွင်​း​ရေးမှူး ဦးပန်၊ သထုံမြို့နယ်​ ကရင်​စာ​ပေနှင်​့ယဉ်​​ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစောစံတင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ကူညီပေးခဲ့ပါသည်။ ထိုဟောပြောပွဲများပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကလေးများ နှင့် နိုင်ငံသားများကိုဆန့်ကျင် သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်ရန်၊ နိုးကြားတက်ကြွပြီး စည်းကမ်းပြည့်ဝသော နိုင်ငံသားများဖြစ်စေရန် တို့ ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတွင် အဓိကအားဖြင့် သက်ငယ် မုဒိမ်းမှုများ မဖြစ်ပွားအောင် ကာကွယ်ရေး၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေးများနှင့် တာဝန်များကို နားလည်စေရေးတို့ကို ဟောပြောကြပါသည်။ ထိုဟောပြော ပွဲများကို ဦးဆောင်ဟောပြောသူများမှာ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP လူ့အခွင့်အရေးသင်တန်းဆရာများဖြစ်ကြ သော ဦးဝဏ္ဏနွယ်၊ ဦးကျော်ဦး၊ ဦးမျိုးထွန်း၊ AAPP မှ ကောင်ဆယ်လာ ဖြစ်သူ မသီတာအေးတို့မှ ဦးဆောင်ဟောပြောခဲ့ကြသည်။ ထိုဟော ပြောဆွေးနွေးပွဲများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသူ၊ ရွာသားများတက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတ များ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက်၃ဝပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းလက်ကမ်းစာစောင်များဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့်တိုက်တွန်းခြင်း

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် MNHRC သို့ AAPP မှ သွားရောက်လေ့လာ၊ လည်ပတ်

at youth school

ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းတွင် AAPP မှ ဟောပြော ဆွေးနွေး

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သောအဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် အဖွဲ့သည် ကော့မှူးမြို့နယ် အတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ကြသည်။ လူမှုဝန်ထမ်း ပြန် လည်နေရာချထားရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် AAPP တို့ ဒီဇင်ဘာလ အစော ပိုင်းတွင် လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးခဲ့ပြီးနောက် ထိုခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသင်တန်းကျောင်းကို လူမှုဝန်ထမ်း ပြန်လည် နေရာချထားရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနတဆင့် လူမှုဖူလုံရေး ဌာနမှ ကြီးကြပ်လျက်ရှိပြီး ပြစ်မှုကျူးလွန်သော လူငယ်များအတွက် ရည်ရွယ်သည်။ ထိုလူငယ်များ၏ ပြစ်ဒဏ်ကျခံရမည့်ကာလကို သင်တန်းကျောင်းသို့ ပို့ဆောင်ကာ ပြုပြင်၊ ထိန်းသိမ်းပေးလျက်ရှိ သည်။ ထိုခရီးစဉ်၌ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ AAPP လုပ်ဆောင်နေသော လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်း တင်ပြပြီး ယခုလိုလေ့လာရေးခရီးစဉ် လာရောက်ရခြင်းအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် AAPP ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့် တင်ရေး (နှစ်သိမ့်ဆွေးနွေးရေး) အစီအစဉ်မှ တာဝန်ခံဖြစ်သူ ဦးကျော်စိုးဝင်းမှ AAPP မှ အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိသောနှစ်သိမ့် ဆွေးနွေးရေးလုပ်ငန်း အကြောင်းကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့ပြင် ကလေးများအား စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် အကြောင်းအရာများကို ဦးဘိုကြည်၊ ဆရာမနှင်းပန်းအိမ်နှင့် ဦးကျော်စိုးဝင်းတို့မှဆွေးနွေးဟောပြောပို့ချခဲ့ သည်။

အေအေပီပီနှင့်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ

AAPP visit to MNHRC

ဖေဖော်ဝါရီလ ၁ရ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့် ရှောက်ရေးအသင်း (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး(နှစ်သိမ့်ဆွေးနွေးရေး) အစီအစဉ်မှ တာဝန်ခံဖြစ်သူ ဦးကျော်စိုးဝင်း၊ AAPP နိုင်ငံခြားဆက်ဆံ ရေး ဒုတိယတာဝန်ခံ ဦးကျော်ဇင်မင်းတို့သည် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ရုံးသို့ သွား ရောက် လည်ပတ်ခဲ့ပြီး အနာဂတ်တွင် လက်တွဲဆောင်ရွက်မည့်ကိစ္စ များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ မြှင့်တင်ရေးတို့ ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် AAPP မှ မြန်မာနိုင်ငံတွင် အကျဉ်သား ဦးရေ ပြည့်ကျပ်နေခြင်းကို အထူးအလေးပေး၍ ပြောဆိုခဲ့ပြီး အကြံပြု ဆွေးနွေးခဲ့ကြသည်။

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်းပို့ချခြင်း

TJ Training at kachin

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ကျင်းပသော အသွင် ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်း တက်ရောက်သူများ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းများပို့ချ

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းကို နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လစဉ် ပို့ချပေးလျက်ရှိ ရာ ဖေဖော်ဝါရီလတွင်းတွင် AAPP မှ ၁ဝ ရက်ကြာသင်တန်းတစ်ခုနှင့် ၁၂ ရက်ကြာသင်တန်းတစ်ခုတို့ကို ပို့ချပေးခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့ထိ ပို့ချခဲ့သော ၁ဝ ရက်ကြာ သင်တန်းကို ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂ရ ရက်နေ့အထိ ပို့ချခဲ့သော ၁၂ ရက်ကြာသင်တန်းကို စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ကျင်းပခဲ့ သည်။ ကချင်ပြည်နယ် ကျင်းပခဲ့သော သင်တန်း၌ သင်တန်းနည်းပြ များအဖြစ် ကိုစောသန်းလှိုင်နှင့် ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ ကျောင်းသား နှစ်ဦး၊ ကြက်ခြေနီအဖွဲ့ဝင်၊  တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဝင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ အပါအဝင် သင်တန်းသား ၃ဝ ဦး တက်ရောက်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းတွင် ကျင်းပခဲ့သော သင်တန်း၌ သင်တန်းနည်းပြများအဖြစ် ကိုစိုင်းမြင့်သူနှင့် ကိုနေဝန်းတို့မှ သင်တန်း ပို့ချပေးခဲ့ပြီး NLD အဖွဲ့ဝင်လေးဦးအပါအဝင် စုစုပေါင်း သင်တန်းသား ၁ရ ဦးတက်ရောက်ခဲ့ကြသည်။ မတူညီသော ဒေသဆိုင်ရာ အခြေ အနေများအပေါ် မှုတည်၍ သင်တန်းအား ပို့ချပေးခဲ့ပါသည်။ ကချင် ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လယ်ယာမြေ သိမ်းဆည်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ခြိမ်းခြောက်၍ ငွေတောင်းယူခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ကန့်သတ်ထားခြင်းကဲ့သို့သော များစွာသော လူ့အခွင့်အရေးချိုး ဖောက်မှုများကို ရင်ဆိုင်နေရသည်။ စစ်ကိုင်းတိုင်းတွင် အကျင့်ပျက်ခြ စားခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် လယ်ယာမြေသိမ်းဆည်းတို့ ဖြစ်ပွား လျက်ရှိသည်။ သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့် တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

AAPP counsler

           AAPP မှ ကောင်ဆယ်လာများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက် လည်ပတ်

ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းတို့တွင် နှစ်သိမ့်ဆွေးနွေးပေးခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ် ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ အမျိုးသမီးများအတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်းအစီအစဉ် စတင်နိုင်ရန်နှင့် လူမှုဖူလုံရေးဌာနမှ တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လူမှုဖူလုံရေးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက် လည် ပတ်ခဲ့ပါသည်။ AAPP အဖွဲ့ဝင်များနှင့် ကောင်ဆယ်လာများသည် ဇန်နဝါရီလတွင်းတွင် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း သို့ သွားရောက်လည်ပတ်ခဲ့ပြီး သင်တန်းတာဝန်ခံ ဒေါ်အေးနော်ဝင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုအတတ်ပညာသင်ကျောင်းတွင် နေထိုင်ကြသော အမျိုးသမီး ၅၆ ဦးအနက် နှစ်သိမ့် ဆွေးနွေးပေးရန် လိုအပ်သော အမျိုးသမီးများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ပထမ အပတ်တွင် AAPP မှ ဗဟန်းမြို့နယ်ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းတွင် နှစ်သိမ့်ဆွေးနွေးပေးခြင်း အစီအစဉ်ကို စတင်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း AAPP မှ ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွား ရောက် လည်ပတ်ခဲ့ပြီး သင်တန်းတာဝန်ခံဒေါ်မိုးမိုးမင်းနှင့် ထိုကျောင်း တွင် နေထိုင်ကြသောအမျိုးသမီးများနှင့် တွေ့ဆုံခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်ရန် ထိုကျောင်းတွင် အမြဲတမ်းနေထိုင်သူ ၆ဝ ဦးအနက် အမျိုးသမီး ၁၃ ဦးနှင့် AAPP မှ တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်ရှိသော သင်တန်းသူများ အနက် နှစ်သိမ့်ဆွေးနွေးရန် လိုအပ်နေသူများအား နှစ်သိမ့်ဆွေးနွေး ပေးခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

CSO forum

AAPP မှ ဦးသန်းထိုက်ဝင်း ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်း များ အကြိုဖိုရမ် တက်ရောက်၊ ဆွေးနွေး

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ အကြိုဖိုရမ်

၂၀၁ရ ခုုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၃ ရက်နေ့အထိ တောင်ကြီးမြို့ ၊ ကိုုးကန့်လူမှုရေးခန်းမတွင် ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်းများ အကြိုဖိုုရမ် ကိုကျင်းပခဲ့ပါသည်။ ထိုအကြိုဖိုုရမ်သို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးသန်းထိုက်ဝင်းမှ ဖိုရမ်ဖြစ်‌‌မြောက်‌‌ရေး‌ ကော်‌မတီဝင်အဖြစ် တက်‌‌ ရောက်‌ခဲ့ပါသည်‌။ အကြိုဖိုရမ်ပထမနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အရပ်ဖက် အဖွဲ့အစည်းများမှ စုစု‌ပေါင်‌း ၇၁၃ ဦး တက်ရောက် ဆွေးနွေး ခဲ့သည်။ အကြိုဖိုရမ် ဒုတိယနေ့တွင် ၆၉၅ ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး တတိယနေ့တွင် ၆၅၁ ဦးတက်ရောက် ဆွေးနွေးခဲ့ကြသည်။ အကြိုဖိုရမ် ပြီးဆုံးပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး ပြည်နယ်တိုင်း အလိုက် အရပ်ဖက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များ ထုတ်ပြန် ကြေညာခဲ့ကြပါသည်။

AAPP မှ Peace Boat အဖွဲ့နှင့် တွေ့ဆုံ၊ ဆွေးနွေး

with Peace boat

AAPP မှ ဦးတိတ်နိုင်၊ ဦးအောင်မျိုးကျော်၊ ဦးဇော်မိုးတို့ Peace Boat အဖွဲ့မှ Meri Joyce တို့တွေ့ဆုံ

ဖေဖော်ဝါရီလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ရန်ကုန်ရုံးသို့ Peace Boat အဖွဲ့မှ လာရောက် လည်ပတ်ခဲ့ပြီး AAPP အဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ ဆွေးနွေးခဲ့ကာ AAPP ပြတိုက်ကို လေ့လာခဲ့ပါသည်။ Peace Boat အဖွဲ့၏ နိုင်ငံတကာ ညှိနှိုင်းရေးမှူး Meri Joyce မှ AAPP ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပညာရေး အစီအစဉ်များ၊ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး၊ လူ့ အခွင့်အရေးအခြေအနေများစသည့် ယခုလက်ရှိအခြေအနေများကို ပို၍ လေ့လာခဲ့ရခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလသတင်းလွှာအားဒေါင်းလော့ရယူရန် .. February Newsletter