ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်တို့၏ တရားစီရင်မှုကြန့်ကြာနေခြင်းနှင့် ပတ်သက် ၍ သဘောထား ထုတ်ပြန်ချက်

aapp-new-letterhead_2016

ရက်စွဲ။           ။ မေလ (၁၈) ရက်၊ ၂၀၁ရ ခုနှစ်

 

ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်တို့၏ တရားစီရင်မှုကြန့်ကြာနေခြင်းနှင့် ပတ်သက် ၍ သဘောထား ထုတ်ပြန်ချက်

 

၂၀၁၅ ခုနှစ်၊ မတ်လတွင် အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြနေစဉ်အတွင်း လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံသူများ၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများ ကွန်ယက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်နှင့် ဆန္ဒပြ ကျောင်းသားများအား ဝန်ရံပေးသည့်အတွက် သာယာဝတီထောင်တွင် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရပြီး ရာဇသတ်ကြီး ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကိုသန်းထိုက်တို့သည် သာယာဝတီမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေစဉ် အတွင်း တရားရုံးအား မထီမဲ့မြင်ပြုသည်ဟု စွပ်စွဲခံရကာ တရားစွဲဆိုခြင်းခံခဲ့ရသည်။ သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်မှ ဝတ္တရားနှောင့်ယှက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ၂၀၁၅ ခုနှစ်၊စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါ်ခင်ခင်ကျော်အား လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကိုသန်းထိုက်အားလည်းကောင်း တရားစွဲဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒေါ်ခင်ခင်ကျော်သည် သာယာဝတီခရိုင် တရားရုံး၌ အမှုရင်ဆိုင်ခဲ့ပြီး အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ပြည်သူများ ရွေးကောက်တင်မြှောက်သော အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်အစိုးရမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ ဖြင့် သာယာဝတီထောင်တွင် ထိန်းသိမ်းခံထားရသော ဆန္ဒပြ ကျောင်းသားများ၊ ဝန်းရံသူများကို စွဲဆိုထားသည့် အမှုများအားလုံးကို ရုပ်သိမ်းပေးခဲ့သောကြောင့် ကိုသန်းထိုက်သည် သာယာဝတီထောင်မှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ပုဒ်မ ၂၂၈ ဖြင့် ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့ကို စွဲဆိုထားသော အမှုကိုမှု ရုပ်သိမ်းပေးခြင်းမရှိခဲ့ပါ။ လက်ရှိအချိန်တွင် ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁ရ ခုနှစ်ထိ ရုံးချိန်းပေါင်း ၃ဝ ကျော် ၄ဝ နီးပါး တက်ရောက်ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် ကိုသန်းထိုက်သည်  တရားရင်ဆိုင်ခြင်း မပြုသောကြောင့် တရားရုံးအာမခံဖောက်ဖျက်မှုဖြင့် ၂၀၁ရ ခုနှစ်၊ မေလတွင်း ဖမ်းဆီးခံခဲ့ရပြီး ၂၀၁ရ ခုနှစ် မေလ ၁ရရက် နေ့တွင် အာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းတို့၏ အမှုသည် မလိုလားအပ်ပဲ ကြန့်ကြာလျက်ရှိသည်။ ထိုအမှုမှ တရားစီရင်ရေးစနစ်၏ အားနည်းမှုများကို ထင်ရှားစွာတွေ့မြင်နိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို  ကန့်သတ်ထားလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။  ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိသော အစိုးရလက်ထက်တွင် ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့အား စွဲဆိုထားသော စွဲချက်ကို ခြွင်းချက်မရှိ အမြန်ဆုံး ရုပ်သိမ်းပေးပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အစိုးရအား တောင်းဆို တိုက်တွန်းအပ်ပါ သည်။

ထို့အပြင် မြန်မာနို်င်ငံအနှံ့အပြားရှိ တရားရုံးများတွင်လည်း ယခုဖေါ်ပြပါ နှစ်ယောက်ကဲ့သို့ ပြစ်မှုရင်ဆိုင်နေရသူများသည် ရုံးချိန်းပေါင်း များစွာကို နှစ်နှင့်ချီပြီး အမှုရင်ဆိုင်နေရသည်များလည်း ရှိနေပါသည်။ ထိုသို့အမှုများကို ရေရှည် ရင်ဆိုင်နေရသည့် အတွက် ထိုသူများသာမက သူတို့၏ မိဘဆွေမျိုးများ အနေဖြင့်လည်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြသနာများအပြင် ငွေကြေးအရပါ ဝန်ထုပ်ဝန်ပိုးဖြစ်နေရပါသည်။ သို့ပါသောကြောင့် အစိုးရ အနေဖြင့် အမှုရင်ဆိုင်နေရသူများ အား မျှတသော၊ တိကျသော၊ မြန်ဆန်သော တရားစီရင်မှု ရရှိစေရန် စိစစ်ဆောင်ရွက်ပေးပါရန် တိုက်တွန်းပါသည်။

 

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ကိုတိတ်နိုင်   အတွင်းရေးမှူး        +၆၆(၀) ၈၁၂၈ ၇၈ ၇၅၁
ဘိုကြည်   တွဲဘက်အတွင်းရေးမှူး   +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃

အောင်မျိုးကျော် တာဝန်ခံ (အေအေပီပီ ရန်ကုန်) + ၉၅ (၀)၉၄၂၈၁၁၇၃၄၈

အပြည့်အစုံကိုဒေါင်းလော့ရယူရန် AAPP’s Statement for dropping charge against Daw Khin Khin Kyaw and Ko Than Htike