အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ သဘောထား ထုတ်ပြန်ချက်

U Ko Ni

ရက်စွဲ။  ။ ဇန်နဝါရီလ ၃ဝ ရက်နေ့၊ ၂၀၁ရ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြုလုပ်သော Senior Leadership Program ဖြစ်သည့် ဘာသာအယူ မတူကွဲပြားသူများအကြား ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်မှု လေ့လာရေးခရီးစဉ်မှ ရန်ကုန်သို့ပြန်လည်ရောက်ရှိစဉ် မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁ရ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်သမားတဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

ဦးကိုနီသေဆုံးခြင်းအတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မိသားစုနှင့်ထပ်တူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ထပ်တူ ကြေကွဲ ဝမ်းနည်းစွာ ခံစားရပါသည်။

ဦးကိုနီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားနည်းချက်များ၊ ပြည်သူတို့အား အကျိုးမပြုမှုများအား အသေးစိတ်ထောက်ပြ ဝေဖန်ခဲ့ခြင်းအပြင် ဥပဒေပြင်ဆင်ရေးအတွက် စဉ်ဆက်မပြတ် စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်နေသူတဦးဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့တို့၏ တခဲနက် ထောက်ခံမှုဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ အစိုးရဖွဲ့နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိက အားကိုးအားထား ပြုရသည့် ဥပဒေပညာရှင်တဦးလည်း ဖြစ်ပါသည်။

မိမိတို့အသင်းမှ တစိုက်မတ်မတ်ဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသားအဓိပ္ဗါယ်သတ်မှတ်နိုင်ရေး ဆွေးနွေးပွဲများ နှင့် အကျဉ်းထောင်ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ သတင်းစာရှင်းလင်းပွဲများတွင် ပါဝင်ရှင်းလင်းပေးခြင်းများလည်း ပြုလုပ်ပေးခဲ့သူတဦးဖြစ်ပါသည်။

ယခုကဲ့သို့ ဦးကိုနီအား သူရဲဘောကြောင်စွာဖြင့် နောက်ကြောဘက်မှသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ခြင်းသည် အလွန်စက်ဆုတ်ဖွယ်ရာ လုပ်ရပ်ဖြစ်သည့်အပြင် လူမဆန်သည့် အကြမ်းဖက်တိုက်ခိုက်မှုတခုလည်း ဖြစ်ကြောင်း မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ယုံကြည်လျှက် ထိုလုပ်ရပ်အား ပြင်းထန်စွာ ရှုံ့ချဆန့်ကျင်လိုက်ပါသည်။

ဦးကိုနီသေဆုံးရခြင်းသည် ၎င်း၏မိသားစုသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်၊ တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးအတွက် ကြီးစွာသော စွန့်လွှတ်ဆုံးရှုံးမှုကြီး တခုဖြစ်ပါသည်။ ဦးကိုနီ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းပြည်အကျိုးဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် လေးစားဂုဏ်ယူစွာ ဦးညွှတ်လျှက် မှတ်တမ်းတင်အပ်ပါသည်။

ထို့အတူ မိမိအသက်ကို စွန့်လွှတ်၍ လူသတ်သမားအား ဖမ်းဆီးရန် ကြိုးစားပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်း အတွက် မိမိတို့အနေဖြင့် အထူးဝမ်းနည်းကြောင်းနှင့် လေးစားဂုဏ်ယူစွာ ဦးညွှတ်မှတ်တမ်းတင် ပါကြောင်း ဖေါ်ပြအပ်ပါသည်။

ထို့ကြောင့်ဦးကိုနီလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့်တာဝန်ရှိသူများမှ လူသတ်တရားခံနှင့်နောက်ကွယ်မှ အားပေးအားမြှောက်ပြုသူများအား တစ်ယောက်မကျန် အမြန်ဆုံး ရှာဖွေ ဖေါ်ထုတ်ပေးရန်နှင့် ထိရောက်စွာ အရေးယူပေးပါရန် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။

 

အကြမ်းဖက်မှုမှန်သမျှ ကျဆုံးပါစေ…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ထုတ်ပြန်ချက်အပြည့်အစုံဒေါင်းလော့ရယူရန် Statement on Statement on U Ko Ni assassinated