အကျဉ်းထောင်များဥပဒေ(မူကြမ်း)

ဖော်ပြပါ အကျဉ်းထောင်များဥပဒေ (မူကြမ်း)သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော အကျဉ်းထောင်များဥပဒေ (မူကြမ်း)ကို AAPP နှင့် FPPS တို့က ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်အကြံပြုထားသည့် အကျဉ်းထောင်များ ဥပဒေ (မူကြမ်း) ဖြစ်ပါသည်။
အကျဉ်းထောင်များဥပဒေ(မူကြမ်း)
တရားဥပဒေစိုးမိုးရေး၊ မှုခင်းထပ်မံမကျူးလွန်စေရန်ရည်ရွယ်လျက်အကျဉ်းသားများအား စာရိတ္တမြင့်မားလာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲပေးရန်၊ လူကောင်းသူကောင်းများဖြစ်လာစေရေးနှင့် ပြစ်ဒဏ်မှလွတ်မြောက်ပြီးသောအခါ လူ့အသိုင်း အဝန်းအတွင်းအဆင်ပြေချောမွေ့စွာပြန်လည်ဝင်ဆန့်နိုင်စေရန်အလို့ငှါ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဌာန်းလိုက် သည်။ အကျဉ်းဦးစီးဌာနကိုတရားရေးနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့မှပူးတွဲစီမံအုပ်ချုပ်ရမည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်
၁။ ဤဥပဒေကိုအကျဉ်းထောင်များဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသောစကားရပ်များသည်အောက်ဖေါ်ပြပါအတိုင်းအဓိပ္ပါယ်သက်ရောက်စေရမည်။
(က)အကျဉ်းထောင်ဆိုသည်မှာအကျဉ်းသားများအားထိန်းသိမ်းထားရန်ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ဝန်ကြီးဌာန ကအမိန့်ကြော်ငြာစာထုတ်ပြန်၍အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေသတ်မှတ်ထားသောမြေနေရာများ၊ အချုပ်ထောင် အဖြစ် သတ်မှတ်ထားသော မြေနေရာများ၊ အဆောက်အဦးများနှင့်အဆောက်အဦးအစိတ်အပိုင်းများ၊ အလုပ်စခန်းများနှင့် ရဲအချုပ်ခန်းများ ကိုဆိုသည်။
(ခ)သီးသန့်အခန်းဆိုသည်မှာ အခြားအကျဉ်းသားများနှင့် ဆက်သွယ်မှုမပြုလုပ်နိုင်ရန် သီးခြားထားရှိသည့်အဆောင်သို့မဟုတ် အခန်းကိုဆိုသည်။
(ဂ)အလုပ်စခန်းဆိုသည်မှာပြစ်ဒဏ်ကျအကျဉ်းသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာအတတ်ပညာများ သင်ကြားနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်သောစိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် အမြဲတမ်း ဖြစ်စေ၊ ယာယီဖြစ်စေ သတ်မှတ်ထားသောအကျဉ်းဦးစီးဌာန၏ နေရာတခုခုကိုဆိုလိုသည်။ (အလုပ်/အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ် ခြင်းကိုတရားရေးစနစ်ပြုပြင်ရေးတွင်ပြင်ဆင်ရန်)
(ဃ)အကျဉ်းသားဆိုသည်မှာအကျဉ်းထောင်၌ရှိနေသော ပြစ်ဒဏ်ကျအကျဉ်းသား၊နိုင်ငံရေးအကျဉ်းသား၊ အချုပ်အကျဉ်းသား၊ လူငယ်အကျဉ်းသား၊ သေဒဏ်ကျခံရသောအကျဉ်းသား၊ နှစ်ကြီးအကျဉ်းသားနှင့် တရားမအကျဉ်းသားတို့ကိုဆိုလိုသည်။
(င)ပြစ်ဒဏ်ကျအကျဉ်းသားဆိုသည်မှာ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုထင်ရှားသဖြင့်တရားရုံးတခုခု သို့မဟုတ် ဥပဒေအရ အပြစ်ဒဏ်ချပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ်စာချွန်တော်အမိန့်ဖြင့် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရန် ပို့အပ်ခြင်း ခံရသူကိုဆိုသည်။
(စ)နိုင်ငံရေးအကျဉ်းသားဆိုသည်မှာနိုင်ငံရေးနှင့်ဆက်စပ်ပတ်သက်ပြီးဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများကိုဆိုသည်။
(ဆ)အချုပ်အကျဉ်းသားဆိုသည်မှာတည်ဆဲဥပဒေတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းစွပ်စွဲချက်/ သံသယဖြင့်စစ်ဆေးနေစဉ် ကာလ အတွင်း တရားရုံးမှချုပ်မိန့်ဖြင့်အကျဉ်းထောင်တွင်ချုပ်နှောင်ခြင်းခံရသူကိုဆိုသည်။
(ဇ)နှစ်ကြီးအကျဉ်းသားဆိုသည်မှာ စုစုပေါင်းထောင်ဒဏ်နှစ်(၂၀) နှင့်အထက်ချမှတ်ခြင်းခံထားရ သည့်နှစ်ကြီးအကျဉ်းသား ကိုဆိုသည်။
(ဈ)လူငယ်အကျဉ်းသားဆိုသည်မှာအသက်(၁၆)နှစ်ပြည့်ပြီးအသက် (၁၈)နှစ်မပြည့်သေးသောပြစ်ဒဏ်ကျအကျဉ်းသား ကိုဆိုသည်။
(ည)တရားမအကျဉ်းသားဆိုသည်မှာတရားမမှုဖြင့်တရားစွဲဆိုသည့်အမှုတွင်တရားရှုံးပြီးတရားရုံးမှတရားမဝရမ်းဖြင့်အကျဉ်းထောင် သို့ပို့အပ်ခြင်းခံရသောအကျဉ်းသားကိုဆိုသည်။
(ဋ)ကိုယ်ရေးမှတ်တမ်းဆိုသည်မှာဤဥပဒေအရအကျဉ်းသားတဦးချင်းနှင့်ပတ်သက်၍လိုအပ်သည့်ကိုယ်ရေးမှတ်တမ်းနှင့်အချက်အ လက်များအားစာတမ်းအမှတ်အသားဖြင့်ဖြစ်စေ၊အဆင့်မြင့်အီလက်ထရောနစ်နည်းပညာဖြင့်ဖြစ်စေ၊ အကျဉ်းသားဆိုင်ရာ သတင်း အချက် အလက်များစီမံခန့်ခွဲမှုစနစ် (Prisoners Management Information System- PMIS) ဖြင့်ဖြစ်စေဖော်ပြထား သည့်မှတ်တမ်းကိုဆိုသည်။
(ဌ)မူခင်းမှတ်တမ်းဆိုသည်မှာ ပြစ်ဒဏ်ကျအကျဉ်းသားနှင့် စပ်လျဉ်း၍ဓါတ်ပုံ၊ လက်ပုံစံ၊ ခြေပုံစံပါနှင့်အခြားမှုခင်းမှတ်တမ်းများ ကိုဆိုသည်။
(ဍ)ထောင်ဝင်စာဆိုသည်မှာ အကျဉ်းသားအား ၄င်း၏မိသားစုဝင်များသို့မဟုတ်ဆွေမျိုးမိတ်ဆွေများ သို့မဟုတ် သက်ဆိုင်ရာ သံရုံးများမှ သံရုံးအဖွဲ့ဝင်များ သို့မဟုတ်ခွင့်ပြုချက်ရရှိထားသူများမှ လာရောက်တွေ့ဆုံရန်နှင့် ခွင့်ပြုထား သောပစ္စည်းများ ပေးသွင်းရန်ခွင့်ပြုချက် ကိုဆိုသည်။
(ဎ)ထောင်ဝင်စာဧည့်သည်ဆိုသည်မှာ အကျဉ်းသားတဦးအားတွေ့ဆုံရန် သို့မဟုတ် အကူအညီပေးရန်ရည်ရွယ်ချက်ဖြင့် အကျဉ်းထောင်သို့ ခွင့်ပြုချက်ဖြင့်လာရောက်ခွင့်ရသူကိုဆိုသည်။
(ဏ)တရားဝင်ဧည့်သည်ဆိုသည်မှာအကျဉ်းထောင်နှင့်အကျဉ်းသားများအားအကူအညီပေးရန်၊ လေ့လာရန်၊ စစ်ဆေးရန်၊ အကျဉ်းထောင်သို့ လာရောက်ခွင့်ရသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အကျိုးဆောင်ပုဂ္ဂိုလ်များကိုဆိုသည်။
(တ)တားမြစ်ပိတ်ပင်ထားသောပစ္စည်းဆိုသည်မှာ ဤဥပဒေအရပြဌာန်းထားသည့် နည်းဥပဒေတွင်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်တွင်ဖြစ်စေ၊ အကျဉ်းထောင်အတွင်းသို့ သို့မဟုတ် အပြင်သို့သွင်းခြင်း သို့မဟုတ် ထုတ်ယူခြင်းမပြုရန် သတ်မှတ်ထား သည့် အရာဝတ္ထုပစ္စည်းတစုံတရာကိုဆိုသည်။
(ထ)ပြစ်ဒဏ်ဆိုသည်မှာသက်ဆိုင်ရာတရားရုံးများက ပြစ်မှုနှင့်စပ်လျဉ်း၍ မူလအမှု၊ အယူခံမှု၊ ပြင်ဆင်မှု၊ အထူးအယူခံမှုနှင့် စာချွန်တော်အမိန့်လျောက်ထားမှုများအရ ချမှတ်အတည်ပြုထားသောပြစ်ဒဏ်တရပ်ရပ်ကိုသော်လည်းကောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ ဆက်လက်ကျခံရန် ကျန်ရှိသောပြစ်ဒဏ် ကိုသော်လည်းကောင်း၊ လုံလောက်သောအာမခံဖြင့် ခံဝန်ချုပ် ချုပ်ဆိုရမည့်ကိစ္စ၌ ခံဝန်ချုပ် ချုပ်ဆိုမည့်သူ သို့မဟုတ် အာမခံမည့်သူ မရှိသည့်အတွက် အကျဉ်းထောင်သို့ ပို့အပ်သည့် ပြစ်ဒဏ်ကိုသော်လည်းကောင်း ဆိုသည်။
(ဒ) ထောင်ချမိန့်ဆိုသည်မှာ တရားရုံးတခုခုမှထောင်သို့ပို့အပ်သည့်အမိန့်(ဝရမ်း) ကိုဆိုသည်။
(ဓ)ချုပ်မိန့်ဆိုသည်မှာ တည်ဆဲဥပဒေတရပ်ရပ်ကို ကျူးလွန်ကြောင်းစွပ်စွဲချက်/သံသယဖြင့်စစ်ဆေးနေစဉ်ကာလအတွင်း ချုပ်နှောင် ထားရန် တရားရုံးတခုခုမှ ထောင်သို့ပို့အပ်သည့်အမိန့်ကိုဆိုသည်။
(န)လျှော့ရက်ဆိုသည်မှာအကျဉ်းထောင်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သောအကျဉ်းသားများအား ၄င်းတို့ကျခံရမည့် ပြစ်ဒဏ် ကာလကိုတိုတောင်းစေရန် နည်းဥပဒေနှင့်အညီလျှော့ရက်ခံစားခွင့်ပြုခြင်းကိုဆိုသည်။
(ပ)ခွင့်ပြုမိန့်ဆိုသည်မှာ အကျဉ်းထောင်စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာနေထိုင်သည့် အကျဉ်းသား၏ပြစ်ဒဏ်ကာလ အစိတ်အပိုင်းတစ်ခုခုကို မြန်မာနိုင်ငံအတွင်းရှိသတ်မှတ်သည့် ဒေသတစ်ခုခုတွင်စည်းကမ်းချက်ဖြင့် နေထိုင်ရန်အစိုးရက ခွင့်ပြုသည့် အမိန့် (သို့မဟုတ်) အကျဉ်းထောင်စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာနေထိုင်သော အကျဉ်းသား၏လျှောက်ထားချက် အပေါ်မူတည်၍ ခွင့်ပြုမိန့်ဘုတ်အဖွဲ့၏ စစ်ဆေးတင်ပြချက်အပေါ်အစိုးရကခွင့်ပြုသည့်အမိန့်ကိုဆိုသည်။
(ဖ)အကျဉ်းထောင်လုပ်ငန်းများဆိုသည်မှာ အကျဉ်းထောင်တွင်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ် လုပ်ရေးနှင့် အကျဉ်းထောင်အတွင်း အထွေထွေလုပ်ငန်းများကိုဆိုသည်။ (သို့ရာတွင်အကျဉ်းထောင်ပြင်ပပုဂ္ဂလိက လုပ်ငန်းများ၊ ၀န်ထမ်းတို့၏အကျိုးစီးပွား၊၀န်ထမ်းတို့အတွက်ပုဂ္ဂလိကလုပ်ငန်းများမပါ)
(ဗ)ဝန်ကြီးဌာနဆိုသည်မှာပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနကိုဆိုသည်။
(ဘ)ညွှန်ကြားရေးမှူးချုပ်ဆိုသည်မှာအကျဉ်းဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ်ကိုဆိုသည်။
(မ)တာဝန်ခံအရာရှိဆိုသည်မှာ အကျဉ်းထောင်တခုကိုတာဝန်ခံ၍ စီမံကြပ်မတ်အုပ်ချုပ်ကွပ်ကဲရန် တာဝန်ပေးအပ်ခြင်းခံရသည့် အကျဉ်းထောင်အရာရှိကိုဆိုသည်။
(ယ)အကျဉ်းထောင်အရာရှိဆိုသည်မှာ အကျဉ်းဦးစီးဌာန၏ ဒုတိယကြီးကြပ်ရေးမှူးအဆင့်မှ ညွှန်ကြားရေးမှူးချုပ်အဆင့်ထိ အဆင့်ဆင့်သော စီမံခန့်ခွဲရေးဆိုင်ရာ အရာရှိအသီးသီးကိုဆိုသည်။
(ရ)ဝန်ထမ်းဆိုသည်မှာအကျဉ်းဦးစီးဌာနရှိအရာထမ်းနှင့်အမှုထမ်းများကိုဆိုသည်။
(လ)ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ အကျဉ်းဦးစီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍အကျဉ်းထောင်အတွက်အချိန်ပြည့် သို့မဟုတ်အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန်ခန့်အပ်ထားသော ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံကျန်းမာရေးဝန်ထမ်းကို ဆိုသည်။
(ဝ)အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းဆိုသည်မှာ အကျဉ်းသားများအားထောင်မှပြန်လည်လွတ်မြောက်ပြီး ပြင်ပလောကတွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နိုင်သော အသက်မွေးပညာသင်ကြားပေးရန်အတွက် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ သတ်မှတ်ထားသော အကျဉ်းဦးစီးဌာန၏နေရာတခုခု သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းတခုခု၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကိုဆိုသည်။ အလုပ်စခန်းများသည် ပြစ်ဒဏ်ကျအကျဉ်းသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများ သင်ကြားနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းသာဖြစ်ရမည်။
(သ)ခွင့်ပြုမိန့်ဘုတ်အဖွဲ့ဆိုသည်မှာ အကျဉ်းသားများ၏ခွင့်ပြုမိန့်တောင်းခံသည့်အပေါ်တွင်လည်းကောင်း၊ ခွင့်ပြုမိန့်ပေးရန်သင့်တော်သည့် အကျဉ်းသားများအား စိစစ်ရသည့်အဖွဲ့ကိုဆိုသည်။
အခန်း(၂)
အကျဉ်းထောင်များကိုစီမံအုပ်ချုပ်ခြင်း
တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ၀န်ကြီးဌာနသည် အကျဉ်းသားများအားထိန်းသိမ်းထားရှိနိုင်ရန် အကျဉ်းထောင်များကို ကုလသမဂ္ဂစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ခြင်း၊ဖျက်သိမ်းခြင်းနှင့်ရွှေ့ပြောင်းခြင်းပြုနိုင်သည်။
အကျဉ်းဦးစီးဌာန၏နှစ်စဉ်အသုံးစရိတ် အကျဉ်းဦးစီးဌာန၏လုံလောက်သောနှစ်စဉ်အသုံးစရိတ် (Budget) ရရှိရန်သက်ဆိုင်ရာဝန်ကြီးဌာနမှ သတ်မှတ်စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။
ခွင့်ပြုမိန့်ဘုတ်အဖွဲ့အားဖွဲ့စည်းရမည်။ အကျဉ်းသားများအားပြုပြင်ပြောင်းလဲလိုစိတ်၊ အလုပ်ကြိုးစားလိုစိတ်၊ အမူအကျင့်ကောင်းများ လေ့ကျင့်မွေးမြူလိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် လွတ်ငြိမ်းချမ်းသာခွင့်များပြုမည်ဆိုလျှင် အဆင်ပြေချောမွေ့စေရန် သင့်တော်သောပုဂ္ဂိုလ်များ ဖြင့်ဖွဲ့စည်းရမည်။
အကျဉ်းထောင်စစ်ဆေးရေးကော်မရှင် တရားလွှတ်တော်ချုပ်၏ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာတရားသူကြီးများဦးဆောင်သော အကျဉ်းထောင် စစ်ဆေးရေးကော်မရှင်တခုဖွဲ့စည်းပြီးထိုကော်မရှင်သည် အကျဉ်းထောင်တိုင်းသို့လွတ်လပ်စွာဝင်ရောက်စစ်ဆေးပိုင်ခွင့်ရှိသည်။
အကျဉ်းထောင်များအားဝင်ရောက်စစ်ဆေးခြင်း အကျဉ်းထောင်များတည်ရှိရာဒေသရှိ တရားသူကြီးများသည် သက်ဆိုင်ရာအကျဉ်းထောင်များအား လွတ်လပ်စွာဝင်ရောက်စစ်ဆေးပိုင်ခွင့်ရှိသည်။ ထိုတရားသူကြီးများသည်မည်သည့်အကျဉ်းထောင်အရာရှိ၊ မည်သည့်အကျဉ်းသားကိုမဆို မေးမြန်းပိုင်ခွင့်ရှိပြီး၊ ၄င်း၏တွေ့ရှိချက်များအား အကျဉ်းထောင်ဧည့်မှတ်တမ်းစာအုပ်တွင် ရေးသွင်းမှတ်တမ်းတင်ရမည်။ ထိုဧည့်မှတ်တမ်းစာအုပ်အား သက်ဆိုင်ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှထိန်းသိမ်းထားပြီး၊ အကျဉ်းထောင်စစ်ဆေးရေးကော်မရှင်မှလာရောက်သည့်အခါတွင် မှီငြမ်းနိုင်ရန်ပေးအပ်ရမည်။
အကျဉ်းထောင်တွင်းတရားရေးဌာနဖွင့်လှစ်နိုင်ရန်စီစဉ်ပေးရမည်။
ပြစ်ဒဏ်ကျအကျဉ်းသားများအားအတန်းအစားခွဲခြားခြင်း
ပြစ်ဒဏ်ကျ အကျဉ်းသားများအား အေ၊ ဘီ၊ စီ ဟူ၍ အတန်းအစားများ ခွဲခြားထားရှိသည်။
၎။ ညွှန်ကြားရေးမှူးချုပ်သည် အကျဉ်းထောင်များတွင် လုံခြုံမှုနှင့်အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့မှုရှိစေရန် နည်းဥပဒေတွင် ပြဌာန်းထားသော စံချိန်စံနှုန်းများနှင့်အညီ အကျဉ်းသားအရေအတွက်အား သတ်မှတ်ထားရှိရမည်။
၅။ ညွှန်ကြားရေးမှူးချုပ်သည် သတ်မှတ်အကျဉ်းသားအရေအတွက် ထက်ပိုမိုများပြားလာပါက နည်းဥပဒေနှင့်အညီအခြား အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရမည်။ အခြားအကျဉ်းထောင်သို့ပြောင်းရွှေ့ရန် အဆင်မပြေသည့်အချိန်တွင်လည်းကောင်း၊ ကူးစက် ရောဂါဖြစ်ပွား ပေါ်ပေါက်နေချိန်တွင်လည်းကောင်း၊ အကျဉ်းသားများအားလုံခြုံစွာထားရှိနိုင်မည့် ယာယီအဆောက်အဦများ ဆောက်လုပ်ပြီး အကျဉ်းသားများအား အဆင်ပြေစွာနှင့်လုံခြုံစွာထားရှိရန်စီမံဆောင်ရွက်ရမည်။
၆။ ညွှန်ကြားရေးမှူးချုပ်သည်-
(က) အကျဉ်းဦးစီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရမည်။
(ခ)ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသောဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။
(ဂ)လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အကျဉ်းဦးစီးဌာန၏ မည်သည့်အကျဉ်းထောင် အရာရှိကိုမဆို နည်းလမ်းတကျတာဝန်ပေးအပ်နိုင်သည်။
(ဃ)အကျဉ်းထောင်များတွင်ကူးစက်ရောဂါများ ကျယ်ပြန့်စွာဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ခြင်း၊ အကျဉ်းသားများ၏ လုံခြုံရေးကို ထိခိုက်စေသည့် အန္တရာယ်များဖြစ်ခြင်းတို့ပေါ်ပေါက်လာပါက အထူးကိစ္စရပ်အဖြစ်သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ နှင့်ညှိနှိုင်းတိုင်ပင်ပြီးစီမံခန့်ခွဲဆောင်ရွက်ရမည်။
(င)အကျဉ်းထောင်တွင်းတွင် ထပ်မံပြစ်မှုကျူးလွန်၍ အပြစ်ပေးခံရသောအကျဉ်းသားများအား သီးသန့်အခန်းတွင် သီးခြားခွဲထား နိုင်သည်။ လိုအပ်ပါကရာဇဝတ်ကြောင်းအရထပ်မံတရားစွဲဆိုနိုင်သည်။
(စ)အကျဉ်းသားတစ်ဦးဦးက အကျဉ်းထောင်ဥပဒေပါအခွင့်အရေးတစ်ရပ်ရပ်နစ်နာကြောင်း တာဝန်ခံအရာရှိမှတဆင့် တင်ပြလာမှု အပေါ် အချိန်နှင့်တပြေးညီသင့်လျော်သည့်အမိန့်ချမှတ်ပေးရမည်။
(ဆ)ညွှန်ကြားရေးမှူးချုပ်သည် အကျဉ်းထောင်တိုင်းတွင် တာဝန်ခံအရာရှိ၊ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ တာဝန်ခံများကိုလိုအပ်သလိုခန့်အပ်တာဝန်ပေးရမည်။
အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သည် အကျဉ်းဦးစီးဌာန၀န်ထမ်းများအား ဤပြဌာန်းဥပဒေကိုကောင်းစွာသိရှိ၊ နားလည်သဘောပေါက် လိုက်နာစေရန်၊ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများကိုနားလည်၊ သဘောပေါက်စေရန်နှင့် စွမ်းရည်ပြည့်ဝသူများဖြစ်လာစေရန် စွမ်းရည်မြှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများပြုလုပ်ပေးရမည်။ ထို့အပြင်နိုင်ငံတကာအကျဉ်းထောင်များသို့ လေ့လာရေးခရီးစဉ်များ၊ စီစဉ်ဆောင်ရွက်ပေးရမည်။ ၀န်ထမ်းများအတွက် ဘ၀အာမခံချက်ရှိစေရန် စီစဉ်ဆောင်ရွက်ပေးရမည်။
၇။ တာဝန်ခံအရာရှိသည်-
(က)တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ညွှန်ကြားချက်များနှင့်အညီ အကျဉ်းထောင်နှင့်ပတ်သက်သောလုံခြုံရေး၊ စည်းကမ်းထိန်း သိမ်းရေး၊ ကြီးကြပ်ကွပ်ကဲရေး၊ ဘဏ္ဍာငွေသုံးစွဲရေး၊ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေး၊ အကျဉ်းသားများ၏ ဘဝပြန်လည်ထူထောင်ရေး၊ အစရှိသည်တို့ကိုစီမံခန့်ခွဲရမည်။
(ခ)အကျဉ်းသားအမျိုးအစား ကျား၊ မ၊ အသက်အပိုင်းအခြား၊ အရေအတွက်၊ ပြစ်မှုအမျိုးအစား၊ ရောဂါခံစားနေရသူအမျိုးမျိုး စသည်ဖြင့် အုပ်စုခွဲ၍ဤဥပဒေနှင့်အညီထားရှိရမည်။
(ဂ) အကျဉ်းသားများကိုအလုပ်ခွဲဝေချမှတ်ရေးအား အကျဉ်းသားများ၏အခြေအနေ၊ အမျိုးအစားအလိုက်စီမံခန့်ခွဲရမည်။
(ဃ)အကျဉ်းထောင်ပြစ်မှုကျူးလွန်သူများအတွက် အရေးယူအပြစ်ပေးခြင်းကိစ္စများကို ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေများနှင့်အညီစီမံခန့်ခွဲရမည်။
(င)လက်အောက်ဝန်ထမ်းများအားဥပဒေ၊ နည်းဥပဒေနှင့်အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေရေးအတွက် အနီးကပ် ကြီးကြပ် အုပ်ချုပ်ရမည်။
(စ)အကျဉ်းထောင်မှတ်တမ်းများ၊ အကျဉ်းသားများ၏ကိုယ်ရေးမှတ်တမ်းများ၊ အကျဉ်းသားများ၏မှုခင်းမှတ်တမ်းများအား စနစ် တကျပြုစု ထိန်းသိမ်းထားရှိရမည်။
(ဆ)အကျဉ်းထောင်အခြေအနေအရ လုံခြုံစွာထိန်းသိမ်းထားရှိရန်လိုအပ်သည်ဟု အထောက်အထားခိုင်လုံပါက မည်သည့်အကျဉ်း သားကိုမဆိုသီးသန့်အခန်းတွင်သီးခြားခွဲထားနိုင်သည်။
(ဇ)ပြစ်ဒဏ်အရသော်လည်းကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း၊ သီးသန့်အခန်းအတွင်း ၂၄နာရီထက်ပို၍ သီးခြားချုပ်နှောင်ထားရှိသော အကျဉ်းသားကိုတနေ့တကြိမ်ကျန်းမာရေးဝန်ထမ်းနှင့်စစ်ဆေးကြည့်ရှုရမည်။
(ဈ)အလုပ်မဲ့ထောင်ဒဏ်ကျအကျဉ်းသားများကို ၄င်းတို့၏သဘောဆန္ဒအရသာလျှင် သင့်လျော်သည့်အလုပ် လုပ်ကိုင်နိုင် ရေးအတွက်ဆောင်ရွက်ပေးရမည်။
(ည)ပုဒ်မ၄၉ပါပြစ်မှုများကိုကျူးလွန်သော အကျဉ်းသားအားဟန့်တားခြင်း၊ ရပ်တန့်ရန်အမိန့်ပေးခြင်း၊ လက်နက် သို့မဟုတ် သေနတ် ဖြင့် မပစ်ခတ်မီသတိပေးခြင်းများပြုလုပ်သော်လည်း လိုက်နာမှုမရှိပါ ကတာဝန်ခံအရာရှိသည်၎င်းအကျဉ်းသားအား လက်နက် သို့မဟုတ် သေနတ်ကိုအသုံးပြုဖမ်းဆီးနိုင်သည်။ သို့ရာတွင်လိုအပ်သည့်အင်အားထက် ပိုမိုသုံးစွဲခြင်းမပြုရ။ ထိုသို့ လက်နက် သို့မဟုတ် သေနတ်အား အသုံးပြုရာတွင်အသက်အန္တရာယ်မထိခိုက်စေရ။
(ဋ)အကျဉ်းထောင်ဝန်ထမ်းများအား နိုင်ငံတကာစံချိန်စံညွှန်းများကိုသိရှိနားလည်ကျင့်သုံးနိုင်ရန် လိုအပ်သလို လေ့ကျင့်သင်ကြား ပေးရမည်။
၈။ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ခံအရာရှိတို့သည် သတ်မှတ်ထားသောလျှော့ရက်ကို နည်းဥပဒေပါသတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးနိုင်သည်။
၉။ ဝန်ထမ်းများသည် အကျဉ်းသားအချင်းချင်းတဦးနှင့်တဦးညှင်းပမ်းနှိပ်စက်ခြင်း၊ အကြင်နာမဲ့စွာရက်စက်ခြင်းနှင့် လူမဆန်စွာ သို့မဟုတ် ယုတ်ညံ့စွာပြုမူဆက်ဆံခြင်းမပြုလုပ်စေရန်ကြီးကြပ်ကွပ်ကဲရမည်။
၁၀။ ကျန်းမာရေးဝန်ထမ်းသည် အကျဉ်းထောင်ရှိဝန်ထမ်းများနှင့်အကျဉ်းသားများ၏ ကျန်းမာရေးကိစ္စများကိုဆောင်ရွက်ပေးရမည်။ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော ကျန်းမာရေးဝန်ထမ်း၏ဆုံးဖြတ်မှုကို အကျဉ်းထောင်တာဝန်ရှိသူကလိုအပ်သလို အထောက် အကူ ပေးရမည်။
အကျင့်စာရိတ္တပြုပြင်ပြောင်းလဲခြင်းနှင့်အသက်မွေးပညာလေ့ကျင့်သင်ကြားပေးခြင်း
၁၁။ အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများအားနောင်ထပ်မံ၍ပြစ်မှုကျူးလွန်လိုစိတ်ပပျောက်ပြီး လူကောင်းသူကောင်းအဖြစ် လူမှု ပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ရည်မှန်းချက်ထားပြီးစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးအတွက် စီစဉ်ဆောင်ရွက် ရမည်။
၁၂။ အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများ၏စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာ၌ဘာသာရေးဆိုင်ရာတရားပွဲများ၊ တရားစခန်းများ၊ နှစ်သိမ့်ဆွေးနွေးမှုများ (ပုံမှန်ကောင်ဆယ်လာများထားရှိရန်) နှင့်ပညာပေးဟောပြောပွဲများကို စနစ်တကျပုံမှန် ပြုလုပ်ပေးရမည်။ အကျဉ်းထောင်များတွင် သက်ဆိုင်ရာကိုးကွယ်သည့် ဘာသာအလိုက်ဝတ်ပြုနိုင်ရန် စီစဉ်ပေးရမည်။ မည်သည့် အကျဉ်းသားကိုမျှ အတင်းအကြပ်ဝတ်ပြုရန်စေခိုင်းခြင်းမရှိစေရ။
၁၃။ အကျဉ်းဦးစီးဌာနသည် ပြည်တွင်း၊ပြည်ပဗဟုသုတများရရှိစေရေးအတွက် အကျဉ်းထောင်တိုင်းတွင် စာကြည့်တိုက်ဖွင့်လှစ်၍ သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်၊ ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာစာအုပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားများကိုစီမံထားရှိပေးရမည်။
၁၄။ အကျဉ်းဦးစီးဌာနသည် ပညာဆက်လက်သင်ကြားလိုသော အကျဉ်းသားများနှင့် စာမတတ်မြောက်သူအကျဉ်းသားများအား ပညာ သင်ကြား နိုင်ရန်နှင့်ဆက်လက်လေ့လာနိုင်ရန် စီမံပေးရမည်။ စာမေးပွဲဖြေဆိုခွင့်ရရှိနိုင်ရန်စီမံဆောင်ရွက်ပေးရမည်။
၁၅။ အကျဉ်းဦးစီးဌာနသည် အကျဉ်းထောင်များတွင် အကျဉ်းသားများစိတ်အပန်းပြေစေရေးအတွက် ဖျော်ဖြေခြင်း၊ ပြန်ကြားခြင်းနှင့် ပညာပေးခြင်း စသည်များကိုစီမံဆောင်ရွက်ပေးရမည်။
၁၆။ အကျဉ်းဦးစီးဌာနသည် အကျဉ်းထောင်များတွင်အကျဉ်းသားများ ကျန်းမာပျော်ရွှင်စေရေးအတွက် သင့်လျော်သည့် အားကစားကွင်းနှင့် အားကစားပစ္စည်းများထားရှိပေးရမည့်အပြင်နေ့စဉ်အားကစားပြုလုပ်နိုင်ရန်အတွက်အချိန်သတ်မှတ်ပေးရမည်။
၁၇။ အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများကိုအလုပ်တာဝန်ချထားရာတွင် အကျဉ်းသားများနှင့်သင့်လျော်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကိုစီစဉ်ပေးရမည်။
၁၈။ အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ပြုလုပ်ရာတွင်အကျဉ်းသားများ၏ လုပ်အားခ ကို ထိုက်သင့်သောလစာ သို့မဟုတ် နေ့စားခသတ်မှတ်ပေးရမည်။
၁၉။ အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများပြင်ပလောကသို့ပြန်လည်ဝင်ရောက်သည့်အခါ အလုပ်အကိုင်အဆင်ပြေစေရန် အသက်မွေး ပညာလေ့ကျင့်သင်ကြားနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်စီစဉ်ဆောင်ရွက်ပေးရမည်။ လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ညှိနှိုင်းစီစဉ်ပေးရမည်။
ကျန်းမာရေးစောင့်ရှောက်ခြင်း
၂၀။ အကျဉ်းထောင်များတွင်အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်ရန် ဆေးရုံသို့မဟုတ်ဆေးပေးဌာနများထားရှိပြီး ဆေးဝါး အလုံအလောက် ထားရှိပေးရမည့်အပြင် လိုအပ်ပါကအထူးကုဆရာဝန်ကြီးများဖြင့် ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရမည်။ အရေးပေါ် အခြေအနေအရ ပြင်ပဆေးရုံသို့ပို့ဆောင်ကုသရန်လိုအပ်ပါက အကျဉ်းထောင်တာဝန်ခံဆရာဝန်၏ ထောက်ခံအတည်ပြုချက်ဖြင့် တာဝန်ခံ အရာရှိသည်အလျင်အမြန်ပြင်ပဆေးရုံသို့ပို့ဆောင်ကုသနိုင်ရန်စီစဉ်ပေးရမည်။
၂၁။ အကျဉ်းထောင်များတွင် ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ကောင်ဆယ်လာများအပါအ၀င် လိုအပ်သော ဆရာဝန်များ၊ သွားဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများကိုကျန်းမာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ခန့်ထားရမည်။
၂၂။ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ရှိသောအကျဉ်းထောင်များမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကူအညီ တောင်းခံလာမှုအပေါ်သက်ဆိုင်ရာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန၏ဝန်ထမ်းများကဆောင်ရွက်ပေးရမည်။
၂၃။ ကျန်းမာရေးစောင့်ရှောက်ခြင်းတွင် ကြိုတင်ကာကွယ်ခြင်းအစီအစဉ်များ၊ စောင့်ရှောက်မှုများ၊ လိုအပ်သောအထောက်အကူပစ္စည်းများအတွက် သတ်မှတ်ပြဌာန်းရမည်။
၂၄။ အစားအစာနှင့်ပတ်သက်သည့်အာဟာရပြည့်မီသည့်စံနှုန်းသတ်မှတ်ပေးရမည်။
အခန်း(၃)
အကျဉ်းသားများကိုစီမံခန့်ခွဲခြင်း
အကျဉ်းသားများကိုလက်ခံခြင်း
၂၅။ (က)မည်သည့်အချိန်ကာလတွင်မဆို အကျဉ်းသားတဦးကို အကျဉ်းထောင်အတွင်းသို့ရောက်ရှိလျှင် ရောက်ရှိခြင်း တာဝန်ကျ ဝန်ထမ်းက ရှာဖွေစစ်ဆေးရာတွင် လူ့ဂုဏ်သိက္ခာထိခိုက်စေမည့် အရှက်ရသိမ်ငယ်စေသော ပြုမူဆက်ဆံမှုမျိုးမဖြစ်စေရ။ တားမြစ်ပိတ်ပင် ထားသောပစ္စည်းတစုံတရာနှင့်လက်နက်များတွေ့ရှိကသိမ်းဆည်းရမည်။
(ခ)အကျဉ်းသားတစ်ဦးတစ်ယောက်ပိုင်ဆိုင်သည့်ငွေကြေးအားလုံး သို့မဟုတ် အခြားဝတ္ထုပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားရုံးက အမိန့်တစ်စုံတစ်ရာချမှတ်ထားခြင်းမရှိလျှင်၊ ထို့အပြင်အကျဉ်းသားကအကျဉ်းထောင်သို့ယူဆောင်လာခြင်းသည် အခွင့်အာဏာ နှင့် အညီဖြစ်လျှင် သို့မဟုတ် အကျဉ်းသားများအသုံးပြုရန်အတွက် အကျဉ်းထောင်သို့ပေးပို့ခြင်းဖြစ်လျှင် သက်ဆိုင်ရာအကျဉ်းထောင် အရာရှိကစာရင်းများပြုစု၍ သက်ဆိုင်ရာအကျဉ်းသား၏ မှန်/မမှန်အတည်ပြုချက်ယူပြီးလိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးရမည်။
(ဂ)အကျဉ်းသားတိုင်းကိုလက်ခံမှတ်ပုံတင်ပြီးလျှင် ကျန်းမာရေးဝန်ထမ်းကစစ်ဆေးရမည်။ အကျဉ်းသား၏ကျန်းမာရေးအခြေအနေ၊ အကျဉ်းသား၏ခန္ဓာကိုယ်တွင်ရှိသောဒဏ်ရာဒဏ်ချက်များ သို့မဟုတ် ယင်းကဲ့သို့သောလက္ခဏာများကိုမှတ်တမ်းတင်ထားရမည်။ ယင်း အကျဉ်းသား၏ကျန်းမာရေးစစ်ဆေးချက်မှတ်တမ်းစာအုပ်ကို သက်ဆိုင်ရာအကျဉ်းထောင်အရာရှိက သိမ်းဆည်းထားရမည်။ ထိုဆေးစစ်ချက် မှတ်တမ်းကိုအကျဉ်းသားကိုယ်တိုင် သို့မဟုတ် အကျဉ်းသား၏မိသားစုကတောင်းခံပါကကူးယူခွင့်ပြုရမည်။
(ဃ)အမျိုးသမီးအကျဉ်းသားများအား ရှာဖွေခြင်းနှင့်စမ်းသပ်စစ်ဆေးခြင်းကို အမျိုးသမီးဝန်ထမ်းနှင့်အမျိုးသမီးကျန်းမာရေးဝန်ထမ်း တို့က ဆောင်ရွက်ရမည်။
၂၆။ အကျဉ်းသားတဦးသေဆုံးသည့်အခါတာဝန်ခံအရာရှိသည် သေဆုံးသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းထံမှ စစ်ဆေးအတည်ပြုချက် ရယူ၍ မှတ်တမ်းရေးသွင်းပြီးလိုအပ်ပါက ရဲစခန်းတွင်သေမှုသေခင်းဖွင့်လှစ်ရမည်။ သေဆုံးသွားသောအကျဉ်းသား၏ မိသားစုအားအချိန်နှင့်တပြေးညီ အကြောင်းကြားပေးရမည်ဖြစ်ပြီး မိသားစုမှကိုယ်တိုင်သဂြိုလ်ခွင့်တောင်းခံလာပါက သဂြိုလ်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးရမည်။ အကယ်၍မိသားစုမှအချိန်မီမလာရောက်နိုင်ပါက သက်ဆိုင်ရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်မှု ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကိုစီစဉ်ဆောင်ရွက်ပေးရမည်။
အကျဉ်းသားများကိုခွဲခြားထားရှိခြင်း
၂၇။ (က)အမျိုးသားအကျဉ်းသားများသာမက အမျိုးသမီးအကျဉ်းသားများပါ လက်ခံထိန်းသိမ်းထားရှိသည့်အကျဉ်းထောင်တခုတွင် အမျိုး သမီးအကျဉ်းသားများအား အမျိုးသားအကျဉ်းသားများနှင့်မြင်တွေ့ခြင်း၊ စကားပြောဆိုခြင်းနှင့် အဆက်သွယ်ပြုလုပ်ခြင်းများလုံးဝမပြု လုပ်နိုင်စေရန် အလို့ငှာ သီးခြားအဆောက်အဦတွင်သော်လည်းကောင်း၊ အဆောက်အဦတခုတည်းဖြစ်ပါက ယင်းအဆောက်အဦ၏ သီးခြားအစိတ်အပိုင်းတွင်သော်လည်းကောင်းခွဲခြားထားရှိရမည်။
(ခ) လူငယ်အကျဉ်းသားများအားအခြားအကျဉ်းသားများနှင့်ခွဲခြားထားရှိရမည်။
(ဂ) အသက်၁၆နှစ်မပြည့်သေးသောကလေးသူငယ်များကိုအကျဉ်းသားအဖြစ်လက်ခံခြင်းမပြုရ။
(ဃ) အချုပ်အကျဉ်းသားများနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများကိုခွဲခြားထားရှိရမည်။
(င) ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် တရားမအကျဉ်းသားများကိုခွဲခြားထားရှိရမည်။
(စ) သေဒဏ်ကျခံရသော အကျဉ်းသားအားအခြားအကျဉ်းသားများနှင့်ခွဲခြားပြီးသီးသန့်အခန်းတွင်ထားရှိရမည်။
(ဆ)နိုင်ငံရေးအကျဉ်းသားများအားခွဲခြားထားရှိရမည်။
(ဇ)စာရိတ္တပျက်ယွင်းမှုကြောင့် မကြာခဏထောင်ကျခံရသူများနှင့် စာရိတ္တပျက်ယွင်းမှုကြောင့်မဟုတ်ဘဲ ထောင်ကျခံရသူများအား ခွဲခြားထားရှိရမည်။
(ဈ) လိင်စိတ်ကွဲပြားမှုခံယူထားသူများအားခွဲခြားထားရှိရမည်။
(ည) နှစ်ကြီးအကျဉ်းသားများ၊ရာဇဝင်လူဆိုးများနှင့်အခြားအကျဉ်းသားများအားခွဲခြားထားရှိရမည်။
(ဋ)စိတ်ပေါ့သွပ်သူ၊ ရူးသွပ်သူများ၊ ကူးစက်ရောဂါခံစားနေရသူများအား အထူးသတ်မှတ်ထားသောနေရာများတွင် သာချုပ်နှောင်ထားရန်စီမံရ မည်ဖြစ်သည်။
၂၈။ ပုဒ်မ၂၄ပါပြဌာန်းချက်ကိုမကျော်လွန်စေဘဲ ပြစ်ဒဏ်ကျအကျဉ်းသားများကိုစုပေါင်း၍ဖြစ်စေ သို့မဟုတ်သီးသန့်အခန်းများ၌ တဦးချင်း ဖြစ်စေ သို့မဟုတ် နည်းလမ်းနှစ်ရပ်အနက်တခုဖြင့်ဖြစ်စေထားရှိနိုင်သည်။
၂၉။ မည်သည့်အကျဉ်းသားကိုမျှ သက်ဆိုင်ရာဝန်ထမ်းနှင့် ဆက်သွယ်နိုင်ရန်စီစဉ်ထားခြင်းမရှိသော သီးသန့်အခန်းတွင် သီးခြားချုပ် နှောင် မထားရ။ သီးသန့်အခန်းတွင်ထားရှိမည့် အကျဉ်းသားသည်ဝန်ထမ်း၏ အနီးကပ်စောင့်ကြည့်ကြပ်မတ်မှုကိုရရှိရမည်။ သီးသန့်အခန်း အတွင်း၂၄နာရီထက်ပို၍ပြစ်ဒဏ်အရသော်လည်းကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း သီးခြားချုပ်နှောင်ထားရှိသော အကျဉ်းသားကို တနေ့တကြိမ်ကျကျန်းမာရေးဝန်ထမ်းနှင့်စစ်ဆေးကြည့်ရှုရမည်။
အကျဉ်းသားများပြောင်းရွှေ့ခြင်း
၃၀။ (က) အခြားအကျဉ်းထောင်သို့ပြောင်းရွှေ့မည့်အကျဉ်းသားများကိုမပြောင်းရွှေ့မီကျန်းမာရေးဝန်ထမ်းကစစ်ဆေးကြည့်ရှုရမည်။
(ခ)ကျန်းမာရေးဝန်ထမ်း၏ကျန်းမာရေးစစ်ဆေးချက်နှင့် ပြောင်းရွှေ့ရန်အခြေအနေသင့်ကြောင်းထောက်ခံချက်မပါရှိဘဲ မည်သည့် အကျဉ်းသားကိုမျှ အကျဉ်းထောင်တခုမှအခြားအကျဉ်းထောင်သို့ပြောင်းရွှေ့ခြင်းမပြုရ။
(ဂ)အကျဉ်းသားတဦးဦးသည်မိသားစုနှင့်ဝေးရာထောင်သို့ ရောက်ရှိနေပါက ၄င်းအကျဉ်းသား၏ဆန္ဒနှင့်အညီ မိသားစုနှင့်နီးရာ ထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးရမည်။
(ဃ)အလုပ်စခန်းများသို့ပြောင်းရွှေ့သင့်သော အကျဉ်းသားများတွင်ရှိရမည့် စံနှုန်းသတ်မှတ်ချက်များကို နည်းဥပဒေတွင် တိတိ ကျကျ ပြဌာန်းပေးရမည်။
(င) မည်သည့်အကျဉ်းသားကိုမျှရှေ့တန်းလုပ်အားပေး(ပေါ်တာ) ခေါ်ယူခြင်းမပြုရ။
(စ)အကျဉ်းထောင်အခြေအနေအရ အကျဉ်းထောင်ပြောင်းရွှေ့ရန်ကြုံလာသည့်အခါ အကျဉ်းသားမိသားစုနှင့်အနီးဆုံးနေရာသို့ ပြောင်းရွှေ့ရမည်။ ထိုသို့ပြောင်းရွှေ့ချိန်တွင်၎င်းမိသားစုအားအချိန်နှင့်တပြေးညီအကြောင်းကြားပေးရမည်။
(ဆ)အကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည့်အခါ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ပြောင်းရွှေ့နိုင်ရန်အတွက်စီစဉ် ပေးရမည်။
အကျဉ်းသားများကိုလွှတ်ခြင်း
၃၁။ (က)ညွှန်ကြားရေးမှူးချုပ်သည် အကျဉ်းသားတဦးကိုဖြစ်စေ၊ တဦးထက်ပို၍ဖြစ်စေချမှတ်ထားသော ပြစ်ဒဏ်မှဆိုင်းငံ့ခွင့် သို့မဟုတ် လျှော့ပေါ့ ပြောင်းလဲခွင့် သို့မဟုတ် လွတ်ငြိမ်းခွင့်ပေးသင့်ကြောင်း တာဝန်ခံအရာရှိ၏ ထောက်ခံတင်ပြချက် အပေါ်ဝန်ကြီးဌာနနှင့် တရားသူ ကြီးချုပ်ထံသို့တင်ပြနိုင်သည်။
(ခ)ဝန်ကြီးဌာနသည်အကျဉ်းသားတဦးဦးကိုဖြစ်စေ၊ တဦးထက်ပို၍ဖြစ်စေချမှတ်ထားသောပြစ်ဒဏ်မှ ဆိုင်းငံ့ခွင့် သို့မဟုတ် လျှော့ပေါ့ပြောင်းလဲခွင့် သို့မဟုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရေး အတွက်ပြည်ထောင်စုအစိုးရအဖွဲ့မှ တဆင့်နိုင်ငံတော် သမ္မတ ထံ တင်ပြနိုင်သည်။
(ဂ)တာဝန်ခံအရာရှိသည် နိုင်ငံတော်သမ္မတ၏အမိန့်အရ အကျဉ်းသားအားချမှတ်ထားသောပြစ်ဒဏ်မှ ဆိုင်းငံ့ခွင့် သို့မဟုတ် ပြစ်ဒဏ်လျှော့ပေါ့ပြောင်းလဲခွင့် သို့မဟုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်အခါဖြစ်စေ၊ ပြစ်ဒဏ်ကျခံသည့် ကာလကုန်ဆုံးသည့်အခါတွင်ဖြစ်စေ အကျဉ်းသားကိုလွှတ်ရမည်။
(ဃ)လွတ်ရက်စေ့ရောက်ပြီးနာမကျန်းဖြစ်နေသော မည်သည့်အကျဉ်းသားကိုမဆို ဆိုးဝါးသည့်ကျန်းမာရေးအခြေအနေ သို့မဟုတ် အန္တရာယ်ရှိသည့်ကူးစက်ရောဂါဖြစ်ပွါးမှုကြောင့် ကောင်းမွန်သည်အထိဆေးဝါးကုသမှုခံယူရန် လိုအပ်သည်ဟု ကျန်းမာရေးဝန်းထမ်းမှ ထင်မြင်ယူဆလျှင် အကျဉ်းသားအားနီးစပ်ရာဆေးရုံသို့ပို့ဆောင်လွှဲပြောင်းပေးရမည်။
(င)အကျဉ်းသားအားလွှတ်သည့်အခါ မိမိနေရပ်သို့ပြန်နိုင်ရန်အတွက် လုံလောက်သည့်ငွေကြေး သို့မဟုတ် အခမဲ့ခရီးသွားလာခွင့် ကဒ်ပြားများ ထုတ်ပေးရန်စီစဉ်ပေးရမည်။
(စ)နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး မိသားစုနှင့်အဆက်သွယ်မရှိသော အကျဉ်းသားများပြန်လွှတ်သည့်အခါ ၄င်း၏မိသားစုထံသို့ ပြန်လည်ရောက်ရှိရန်အတွက် အကျဉ်းထောင်တာဝန်ခံအရာရှိမှ စီစဉ်ဆောင်ရွက်ပေးရမည်။ (ယင်းသို့သောအကျဉ်းသားများအား အကျဉ်းထောင်မှလွှတ်ရန်အချိန်မကျရောက်မီအတွင်း အကျဉ်းထောင်တာဝန်ခံအရာရှိသည် သက်ဆိုင်ရာဒေသအာဏာပိုင် များ ထံသို့ အကျဉ်းသား အမြဲအတည်တကျနေထိုင်မည့် အိမ်ထိုနေရာတွင်ရှိ၊မရှိသေချာစေရန်မေးမြန်းသိရှိထားရမည်။
တရားရုံးသို့ရုံးထုတ်ခြင်း
၃၂။ (က)အကျဉ်းသားတဦးဦးအား တရားရုံး သို့မဟုတ် အခွင့်အာဏာရသူတဦးဦးထံသို့ တင်ပို့စေရန်အမိန့်အားပေးပို့ပါက တည်ဆဲဥပဒေ များနှင့်အညီတာဝန်ခံအရာရှိကစိစစ်၍ထုတ်ပေးရမည်။
(ခ)အကြောင်းတခုခုကြောင့် တရားရုံးသို့ရုံးထုတ်ပေးနိုင်ခြင်းမရှိပါက သက်ဆိုင်ရာတရားရုံးသို့ မည်သည့်အကြောင်းကြောင့် ရုံးထုတ်ပေးနိုင်ခြင်းမရှိကြောင်းတာဝန်ခံအရာရှိကပြန်လည်အကြောင်းကြားရမည်။ (လိုအပ်ပါကတာဝန်ခံအရာရှိကိုယ်တိုင် တရားရုံးသို့ လာရောက်ထွက်ဆို ပေးရမည်)
(ဂ)တရားရုံးသို့ရုံးထုတ်ရေးအတွက် လုံခြုံရေးအထူးလိုအပ်ချက်ရှိသော အကျဉ်းသားဖြစ်ပါက တာဝန်ခံအရာရှိသည် ညွှန်ကြား ရေးမှူးချုပ် ထံသို့တင်ပြဆောင်ရွက်ရမည်။
(ဃ) အကျဉ်းသား၊ အချုပ်သားများအား တရားရုံးထုတ်သည့်အခါ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော အပြုအမူများမပြုလုပ်ရ။
အကျဉ်းသားများနှင့်တွေ့ဆုံခြင်း
၃၃။ အကျဉ်းထောင်တာဝန်ခံအရာရှိ သို့မဟုတ် ဝန်ကြီးဌာကအကျဉ်းသားများကို ထောင်ဝင်စာဧည့်သည်များ၊ တရားဝင်ဧည့်သည်များနှင့် တွေ့ဆုံနိုင်ရန်အချိန်နှင့်စည်းကမ်းချက်များသတ်မှတ်စီစဉ်ပေးရမည်။
၃၄။ သက်ဆိုင်ရာအကျဉ်းထောင်အရာရှိသည်-
(က)အကျဉ်းသားတဦးနှင့်တွေ့ဆုံရန်လာရောက်သည့် မည်သူ့ကိုမဆို အမည်၊ နေရပ်လိပ်စာနှင့်သတ်မှတ်ထားသော စာရွက်စာတမ်း များကို တောင်းခံနိုင်သည်။ အကယ်၍သံသယတစုံတရာရှိပါက မိမိကိုယ်တိုင်ဖြစ်စေ၊ လက်အောက်ဝန်ထမ်းတဦးဦးကိုတာဝန်ပေး၍ဖြစ်စေ ထိုလာရောက်တွေ့ဆုံသူအားရှာဖွေစစ်ဆေးရမည်။ ယင်းသို့ရှာဖွေစစ်ဆေးရာတွင် အကျဉ်းသားတဦးတယောက် သို့မဟုတ် အခြားလာရောက် တွေ့ဆုံသူတဦးတယောက်၏ရှေ့မှောက်တွင်မပြုလုပ်ရ။ (လာရောက်တွေ့ဆုံသူဧည့်သည်သည် အမျိုးသမီးဖြစ်ပါက အမျိုးသမီးဝန်ထမ်းဖြင့် ရှာဖွေစစ်ဆေးရမည်။)
(ခ)အကယ်၍ယင်းသို့ရှာဖွေစစ်ဆေးခြင်းကို လက်မခံနိုင်ကြောင်းငြင်းဆိုသော လာရောက်တွေ့ဆုံသည့်မည်သူကိုမဆို ထိုသို့ တွေ့ဆုံခြင်း ကိုငြင်းဆိုနိုင်သည်။ ထိုသို့ငြင်းဆိုခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသောမှတ်တမ်းစာအုပ်တွင် အကျိုးအကြောင်းပြည့်စုံစွာ ရေးသွင်းရမည်။
(ဂ)အကျဉ်းသားများထောင်ဝင်စာတွေ့နေစဉ် သို့မဟုတ် အကျဉ်းသားများနှင့်သီးခြားတွေ့ဆုံခွင့်ရသည့် တရားဝင်ဧည့်သည်များ တွေ့ဆုံနေချိန်တွင် မည်သည့်ဝန်ထမ်းမှမှတ်သားခြင်း၊ နားထောင်ခြင်းမပြုလုပ်ရ။
(ဃ) ထောင်ဝင်စာတွေ့ဆုံရာတွင်တိုင်းရင်းသားဘာသာစကားပြောဆိုမှုကိုခွင့်ပြုရမည်။
၃၅။ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သောမည်သည့်ထောင်ဝင်စာဧည့်သည်များကိုမဆို တွေ့ဆုံခွင့်မပြုရ။
၃၆။ အကျဉ်းသားတစ်ဦးအား တရားရုံးသို့ထုတ်ယူစစ်ဆေးရန်မသင့်လျော်သည့်အခြေအနေတွင် သက်ဆိုင်ရာတရားရုံးသည် အကျဉ်းထောင် သို့တရားသူကြီးတစ်ဦးဖြင့်ဖြစ်စေ၊ တရားစီရင်ရေးအဖွဲ့ဖြင့်ဖြစ်စေ၊ စေလွှတ်စစ်ဆေးမည်ဆိုပါက တာဝန်ခံအရာရှိသည် စိစစ်၍ခွင့်ပြုရမည်။ ထိုသို့ စစ်ဆေးမည်ကိုမိသားစုနှင့် ၄င်း၏ရှေ့နေထံအချိန်မီအကြောင်းကြားရမည့်အပြင် တရားခွင်သို့တက်ရောက် နားထောင်ခွင့်နှင့် ချေပခွင့်ပြုရမည်။
၃၇။ ဤဥပဒေနှင့်ဤဥပဒေအရပြုသောနည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပါ ပြဌာန်းသတ်မှတ်ချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိလျှင် အကျဉ်းသားများနှင့်ယင်းတို့၏ရှေ့နေများအမှုကိစ္စဆွေးနွေးရာ၌သတ်မှတ်နေရာတွင်လွတ်လပ်စွာတွေ့ဆုံခွင့်ပြုနိုင်သည်။
၃၈။ အဖွဲ့အစည်းတရပ်ရပ်မှဖြစ်စေ၊ အလှူရှင်တဦးဦးမှဖြစ်စေ အကျဉ်းသားများအတွက်အစားအသောက်များလှူဒါန်းခြင်း သို့မဟုတ် အသုံးအဆောင်များလှူဒါန်းခြင်းတို့ကို ဆောင်ရွက်လိုကြောင်းတင်ပြလာပါကစိစစ်ခွင့်ပြုနိုင်သည်။
ပြစ်ဒဏ်ကျအကျဉ်းသားများအားအလုပ်တာဝန်ချထားခြင်း
၃၉။ (က)ပြစ်ဒဏ်ကျအကျဉ်းသားများအား တရက်လျှင်အလုပ်ချိန်ရှစ်နာရီထက်ကျော်လွန်၍ခိုင်းစေခြင်းမပြုရ။
(ခ)ကျန်းမာရေးဝန်ထမ်းသည်အကျဉ်းသားများ၏လုပ်ငန်းခွင်သို့မကြာခဏသွားရောက်စစ်ဆေးကြည့်ရှုရမည်။ (လိုအပ်သလိုတင်ပြခွင့်၊ဆက်လက်ဆောင်ရွက်ခွင့်ရှိရမည်။)
(ဂ)လက်ရှိလုပ်ကိုင်နေသောအလုပ်ကြောင့် မကျန်းမမာဖြစ်ရသည့် အကျဉ်းသားဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းက မှတ်ချက်ပြု ပါကအခြားသင့်လျော်သောအလုပ်အကိုင်အမျိုးအစားသို့ပြောင်းရွှေ့ချထားနိုင်သည်။
(ဃ)အစိုးရရုံးပိတ်ရက်နှင့်ပြန်တမ်းဝင်ရုံးပိတ်ရက်များတွင် အကျဉ်းသားများအားအလုပ်တာဝန်ချထားခြင်းမပြုရ။
(င)အကျဉ်းထောင်တွင်း သို့မဟုတ် အလုပ်စခန်းများ၌အကျဉ်းသားများအား အလုပ်ခိုင်းစေရာတွင် အကျဉ်းထောင်၏ ငွေကြေး အကျိုးအမြတ်အတွက်ရည်ရွယ်ခိုင်းစေခြင်းမပြုဘဲ ၄င်းတို့ဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် ရည်ရွယ်၍၄င်းတို့၏ အသက်မွေး ဝမ်းကျောင်း အရည်အသွေးများထိန်းသိမ်းမြင့်တက်လာစေရန်ရည်ရွယ်ရမည်။
(စ) ကိုယ်လက်အဂါင်္မသန်စွမ်းဖြစ်နေသောအကျဉ်းသားများအားအလုပ်ခိုင်းစေခြင်းမပြုရ။
(ဆ)ကျန်းမာရေးမကောင်းသော အကျဉ်းသားများကို ကျန်းမာရေးဝန်ထမ်းနှင့် တာဝန်ခံအရာရှိတို့၏မှတ်ချက်ဖြင့် အလုပ်တာဝန်မှာ ဆေးခွင့်ပေးရမည်။
၄၀။ တာဝန်ခံအရာရှိသည်-
(က)အကျဉ်းထောင်များတွင် ဝင်ငွေရသည့်လုပ်ငန်းများ၌ လုပ်ကိုင်နေသောအကျဉ်းသားများကို သတ်မှတ်ထားသည့် လုပ်အားခ ပေးရမည်။ (လုပ်အားခအားနည်းဥပဒေတွင်အတိအကျပြဌာန်းပေးရမည်။)
(ခ)အလုပ်လုပ်ကိုင်နေစဉ်အတွင်း အကျဉ်းသားများထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းတို့နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော ကရုဏာကြေးများခံစားခွင့်ရရှိရေးကိုဆောင်ရွက်ပေးရမည်။ (ခံစားခွင့်အားနည်းဥပဒေတွင်အတိအကျပြဌာန်းပေးရမည်။)
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ရုပ်သိမ်းခြင်း
၄၁။ (က)ပြစ်ဒဏ်ကျအကျဉ်းသားမည်သူကိုမဆို ယင်းကျခံရသည့်ပြစ်ဒဏ်၏ အစိတ်အပိုင်းတခုကိုနိုင်ငံတော်အတွင်း သတ်မှတ်နေရာ တခုခု၌ နေထိုင်ရန်စည်းကမ်းများသတ်မှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနကမှခွင့်ပြုမိန့် ထုတ်ပေး နိုင်သည်။
(ခ)ခွင့်ပြုမိန့်ရရှိသော ပြစ်ဒဏ်ကျအကျဉ်းသားအား ခွင့်ပြုမိန့်ကိုရုပ်သိမ်း၍ ပြစ်ဒဏ်ပြန်လည်ကျခံစေသော အမိန့်မရမချင်း မူလ ပြစ်မှုနှင့်စပ်လျဉ်း၍ မည်သူမျှဖမ်းဆီးထိန်းသိမ်းခြင်းမပြုရ။
(ဂ)ခွင့်ပြုမိန့်ကိုရုပ်သိမ်းရန်အကြောင်းတရပ်ရပ်ပေါ်ပေါက်လာပါကပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ဝန်ကြီးဌာနက အကျဉ်းဦးစီးဌာနသို့ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်းအကြောင်းကြားရမည်။
(ဃ)ပြစ်ဒဏ်ကျအကျဉ်းသားမည်သူ့ကိုမဆို ပြစ်ဒဏ်၏အစိတ်အပိုင်းတခုကို ခွင့်ပြုမိန့်ဘုတ်အဖွဲ့၏တင်ပြလာမှု အပေါ်ပြည်ထောင်စု အစိုးရမှ အတည်ပြုပြီးခွင့်ပြုမိန့်ဖြင့်လွှတ်ပေးနိုင်သည်။
တရားမအကျဉ်းသားနှင့်အချုပ်အကျဉ်းသား
၄၂။ တရားမအကျဉ်းသားနှင့် အချုပ်သားများသည်ညွှန်ကြားချက်နှင့် အညီတာဝန်ခံအရာရှိက စိစစ်ခွင့်ပြုထားသောအစားအစာနှင့် အဝတ် အထည်များကိုခွင့်ပြုထားသောအချိန်များတွင် ပြင်ပမှသွင်းယူခြင်းသို့မဟုတ်ဝယ်ယူခြင်းစသည်တို့ကိုပြုလုပ်နိုင်သည်။
၄၃။ တရားမအကျဉ်းသားနှင့်အချုပ်အကျဉ်းသားများသည် အထက်ပါအစားအစာနှင့် နေထိုင်ရန်အထောက်အကူပစ္စည်းများ၏ မည်သည့် အစိတ်အပိုင်းကိုမျှ မည်သည့်အကျဉ်းသားတဦးဦးထံသို့ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ငှားရမ်းခြင်းမပြုလုပ်ရ။ ဤပုဒ်မပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ၃၉ပါခံစားခွင့်များကို တာဝန်ခံအရာရှိသည် သင့်လျော်သည့်ကာလသတ်မှတ်ချက်တခုအထိ ပြန်လည်ရုပ်သိမ်း နိုင်သည်။
၄၄။ အဝတ်အထည်၊အိပ်ရာပစ္စည်းနှင့်အစားအစာများထောက်ပံ့ခြင်းနှင့်ပတ်သက်၍တာဝန်ခံအရာရှိသည်-
(က) တရားမအကျဉ်းသားများနှင့်အချုပ်အကျဉ်းသားများအားလုံးဆောင်ရွက်ပေးရမည်။
(ခ)တရားရုံး၏ဒီဂရီအမိန့်ကိုအတည်ပြုရန် ပုဂ္ဂလိကဆိုင်ရာတရားမအကျဉ်းသားအား အကျဉ်းထောင်သို့ပို့အပ်လက်ခံရရှိပြီးနောက် အကျဉ်းသားအားထုတ်ပေးရသည့် အဝတ်အထည်၊ အိပ်ရာပစ္စည်းများနှင့်အစားအစာများ၏တန်ဖိုးကိုပေးချေရန် တောင်းဆိုသည်ကို တရားနိုင်(အနိုင်ဒီဂရီရသူ) သို့မဟုတ်ယင်း၏ကိုယ်စားလှယ်သည် ငွေတောင်းခံလွှာရသည့်အချိန်မှစ၍ ၄၈နာရီအတွင်း တာဝန်ခံအရာရှိထံ ပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းရန်ပျက်ကွက်ပါက ယင်းအကျဉ်းသားကိုလွှတ်ပေးနိုင်သည်။
အကျဉ်းသားများ၏ခံစားခွင့်များ
၄၅။ အကျဉ်းသားများသည်-
(က)ကျန်းမာရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားထူးခြားသည့်အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဥပဒေနှင့် နည်းဥပဒေများအရ အကျဉ်းသား၏အခွင့်အရေးတရပ်ရပ် နစ်နာမှုနှင့်စပ်လျဉ်း၍လည်းကောင်း တာဝန်ခံအရာရှိထံကိုယ်တိုင်တင်ပြနိုင်သည်။ ထိုသို့တင်ပြမှုအပေါ် မည်သည့်အကျဉ်းထောင်ဝန်ထမ်းကမျှ တားဆီးပိတ်ပင်ခြင်း၊ အချိန်ဆွဲခြင်းမပြုရ။ တင်ပြချိန်လုံလောက်စွာရရှိရမည်။
(ခ) ယုံကြည်သောဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိရမည်။
(ဂ)လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှု၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းဖြစ်မှု နိုင်ငံရေးယုံကြည်ချက်၊ နှစ်သက်ရာအယူဝါဒစသည်တို့ကိုအကြောင်းပြု၍ ခွဲခြားဆက်ဆံခံရခြင်းမရှိစေရ။
(ဃ) နည်းဥပဒေနှင့်အညီလျှော့ရက်ခံစားခွင့်ရှိရမည်။
(င)အကျဉ်းထောင်အတွင်း စည်းကမ်းများနှင့်အညီနေထိုင်သောအကျဉ်းသားများသည် ခွင့်ပြုမိန့်ဘုတ်အဖွဲ့မှ သတ်မှတ်ပြဌာန်းထား သော စည်းမျဉ်းစည်းကမ်းနှင့်ညီညွှတ်ပါက ခွင့်ပြုမိန့်ဘုတ်အဖွဲ့ထံသို့တင်ပြ၍ခွင့်ပြုမိန့်ကိုတောင်းခံနိုင်သည်။
(စ)မည်သည့်အကျဉ်းသားမဆို အကျဉ်းထောင်အရာရှိများ၊ ဝန်ထမ်းများမှဖြစ်စေ အကျဉ်းသားအချင်းချင်းမှဖြစ်စေ အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကျူးလွန်လာပါက သက်ဆိုင်ရာထောင်တာဝန်ခံအရာရှိ သို့မဟုတ် အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် တရားရုံးတခုခု သို့မဟုတ် သက်ဆိုင်ရာလွှတ်တော်ရေးရာကော်မတီများ သို့မဟုတ် ပါရီစည်းမျဉ်းစည်းကမ်း များ နှင့် အညီဖွဲ့စည်းထားသော မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သို့မဟုတ် နိုင်ငံတော်သမ္မတထံသို့တိုင်ကြားနိုင်ခွင့်ရှိသည်။ လိုအပ်ပါက ရာဇဝတ်ဥပဒေကြောင်းအရတရားစွဲဆိုနိုင်ခွင့်ရှိစေရမည်။ ထိုသို့တိုင်ကြားရာတွင် အကျဉ်းသားကိုယ်တိုင်ဖြစ်စေ၊ မိသားစုမှတဆင့်ဖြစ်စေ၊ ရှေ့နေမှတဆင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေတိုင်ကြားခွင့်ရှိသည်။ ထိုသို့တိုင်ကြားနိုင်ရန် ထောင်တာဝန်ခံအရာရှိမှ စီစဉ်ဆောင်ရွက်ပေးရမည်။
(ဆ) တိုင်ကြားစာ အားမည်သည့်အကျဉ်းထောင်ဝန်ထမ်းကမျှ ဖတ်ကြားကြည့်ရှု့ခွင့်မရှိစေရ။ ထိုသို့တိုင်ကြားမှုနှင့်ပတ်သက်ပြီး ၄င်းအကျဉ်း သားအား မည်သည့်အရေးယူမှုမျှမရှိစေရ။
(ဇ)အကယ်၍မမှန်မကန်တိုင်ကြားပါက ၄င်းအကျဉ်းသားသည် တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည်။
(ဈ)တိုင်ကြားမှုကိုလက်ခံရရှိသည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ တိုင်ကြားမှုအပေါ်အချိန်နှင့် တပြေးညီစုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်ပေးရမည်။
(ည)မည်သည့်အကျဉ်းသားမဆိုစာအုပ်စာတမ်းများ၊ ဂျာနယ်များ၊ သတင်းစာများအား အကျဉ်းထောင်သို့တရားဝင်သွင်းခွင့်၊ ဖတ်ရှုလေ့လာခွင့်ရှိသည်။
(ဋ)ကိုယ်ဝန်ဆောင်အမျိုးသမီးအကျဉ်းသူများ ကျန်းမာရေး၊ လူမှုရေးအထူးစောင့်ရှောက်ခွင့်ရရှိစေရန် ထောင်တာဝန်ခံအရာရှိမှ စီစဉ် ဆောင်ရွက်ပေးရမည်။ ကိုယ်ဝန်ဆောင်နှင် မီးနေသည်များအတွက် အထူးကြပ်မတ်စောင့်ရှောက်ပေးနိုင်ရန် သီးခြားအဆောက်အဦးများ ဆောက်လုပ်ထားရှိရမည်၊ မည်သည့်ကိုယ်ဝန်ဆောင်မဆို အကျဉ်းထောင်ပြင်ပ ဆေးရုံများတွင် ကလေးမီးဖွားခွင့် ရရှိနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်၊ မဖြစ်မနေ အကျဉ်းထောင်အတွင်း မွေးဖွားသည်ဟု ထည့်သွင်းဖော်ပြခြင်းမပြုရ။ မိခင်၏ စောင့်ရှောက်မှု မပေးနိုင်သော ကလေးငယ်များအား ခလေးထိန်းဌာနသို့ ပို့ဆောင်ထားရှိရမည်။
(ဌ)အမျိုးသမီးအကျဉ်းသူတိုင်း၏ ကလေးငယ်အား အသက်၎နှစ်ပြည့်သည်အထိ ၄င်းနှင့်အတူထားခွင့်ပြုရမည်။ သို့မဟုတ် အကျဉ်းထောင်တာဝန်ခံ၏ အတည်ပြုချက်ဖြင့် အသက်၆နှစ်ပြည့်သည်အထိ ထားလိုပါကထားနိုင်သည်။ ကလေးအား ဆရာဝန်မှ သတ်မှတ်အမိန့်ပေးသည့် အတိုင်းကျွေးမွေးရမည်ဖြစ်ပြီး သင့်တော်သောအဝတ်အစားများပေးရမည်။
(ဍ)မသန်စွမ်းအကျဉ်းသားများအားအထူးစောင့်ရှောက်မှုပေးရမည်။
(ဎ)မည်သည့်အကျဉ်းသားမဆို ပညာဆက်လက်သင်ယူခွင့်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ တက်ရောက်သင်ယူခွင့်ရှိ ရမည်။
(ဏ)ဝင်ငွေရရှိသောလုပ်ငန်းများတွင် လုပ်ကိုင်နေသောအကျဉ်းသားများအား သင့်လျော်သောလုပ်ခလစာခံစားခွင့်ရှိစေရမည်။
အခန်း(၄)
အကျဉ်းထောင်ပြစ်မှုများ
၄၆။ မည်သည့်အကျဉ်းသားမျှအောက်ဖေါ်ပြပါအကျဉ်းထောင်ပြစ်မှုများအားကျူးလွန်ခြင်းမပြုရ-
(က)ဤဥပဒေနှင့်ဤဥပဒေအရပြဌာန်းထားသောနည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများကိုလိုက်နာမှုမရှိခြင်း၊ဖောက်ဖျက်ကျူးလွန်ခြင်း။
(ခ)ထောင်ဝင်စာ၊ ထောင်ဝင်စာဧည့်သည်၊ တရားဝင်ဧည့်သည်များနှင့်တွေ့ဆုံနိုင်ရန် သတ်မှတ်ထားသောစည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း (ယင်းစည်းကမ်းချက်များအားနည်းဥပဒေတွင် အတိအကျပြဌာန်းပေးရမည်ဖြစ်ပြီး အကျဉ်းသားတိုင်းကို သိရှိနိုင် ရန်အတွက် အကျဉ်းသားများမြင်တွေ့နိုင်ရန်အတွက်စီစဉ်ပေးရမည်။)
(ဂ) ရိုက်နှက်ထိုးပုတ်ခြင်း သို့မဟုတ် ရာဇဝတ်မကင်းသောအင်အားအသုံးပြုခြင်း။
(ဃ) သူတပါးစိတ်ကိုနာကျင်ထိခိုက်စေသောသို့မဟုတ်ခြိမ်းခြောက်သောစကားကိုပြောဆိုခြင်း။
(င) ကိုယ်ကျင့်တရားကင်းမဲ့သော၊ယုတ်မာသော၊မဖွယ်မရာစည်းကမ်းမဲ့သောအပြုအမူများကိုပြုမူခြင်း။
(စ)အလုပ်မဲ့ပြစ်ဒဏ်နှင့် တရားမအကျဉ်းသားများမှအပ အလုပ်တစုံတရာမလုပ်ကိုင်နိုင်ရန် မိမိကိုယ်မိမိထိခိုက်နာကျင်စေရန်ပြုမူ ဆောင်ရွက်ခြင်း
(ဆ) အလုပ်မဲ့ပြစ်ဒဏ်နှင့်တရားမအကျဉ်းသားများမှအပခိုင်လုံသောအကြောင်းပြချက်မရှိဘဲအလုပ်လုပ်ရန်အမြဲတစေငြင်းဆန်ခြင်း။
(ဇ) တာဝန်ခံအရာရှိ၏အမိန့်မရရှိဘဲ လက်ထိပ်များကိုတိုက်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်းနှင့် ချွတ်ထုတ်ခြင်း။
(ဈ)အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခံရသောအကျဉ်းသားသည်အလုပ်၌တရားမဲ့ပျင်းရိခြင်း၊ပေါ့လျော့ခြင်း၊လွဲမှားစွာစီမံဆောင်ရွက် ခြင်း။
(ည) အကျဉ်းထောင်ပစ္စည်းများကိုဖျက်ဆီးခြင်း
(ဋ)အကျဉ်းသားကိုယ်ရေးမှတ်တမ်းများ၊ မှတ်ပုံတင်စာအုပ်များ သို့မဟုတ် အထောက်အထားစာရွက်စာတမ်းများကို ခွင့်ပြုချက်မရဘဲ ပြုပြင်ပြောင်းလဲခြင်းနှင့်ဖျက်ဆီးခြင်း။
(ဌ) ကျန်းမာရေးမကောင်းကြောင်းဟန်ဆောင်ခြင်း။
(ဍ) ဝန်ထမ်းကိုဖြစ်စေ၊ အကျဉ်းသားကိုဖြစ်စေ မမှန်မကန်စွပ်စွဲပြောဆိုခြင်း
(ဎ) မည်သူ့ကိုမဆိုထိခိုက်နာကျင်အောင်ပြုလုပ်ခြင်း၊ ပြုလုပ်ရန်ကြံစည်ခြင်း၊ အားပေးကူညီခြင်း။
(ဏ)ဖော်ပြပါပြစ်မှုများကိုကျူးလွန်ခြင်း၊ ကျူးလွန်ရန်ကြံစည်ကြိုးစားခြင်းတို့ကို သိလျှင်သိချင်းသတင်းပို့ရန် ပျက်ကွက်ခြင်း သို့မဟုတ် သိရှိရန်လုံလောက်သောအကြောင်းရှိလျက် တမင်ငြင်းကွယ်ခြင်း။
၄၇။ (က)ပုဒ်မ၄၃ပါ အကျဉ်းထောင်ပြစ်မှုတရပ်ရပ်ကို ကျူးလွန်သည့်မည်သည့်အကျဉ်းသားကိုမဆို တာဝန်ခံအရာရှိသည် စစ်ဆေး၍ အောက်ဖော်ပြပါ ပြစ်ဒဏ်တရပ်ရပ်ကိုချမှတ်နိုင်သည်။
(၁)တရားဝင်အသိပေးခြင်း
(၂)လျော့ရက်အခွင့်အရေးများကိုကာလအတိုင်းအတာတခုအထိဆုံးရှုံးစေခြင်း။ (ပြစ်ဒဏ်ချခံရသော အကျဉ်းသားအား မည်သည့် ကာလ အထိခံစားခွင့်မရှိဆိုသည်ကိုအသိပေးရမည်။)
(၃)တဆယ့်လေးရက်ထက်မပိုသော သီးသန့်အခန်းပိတ်ပြစ်ဒဏ်ချမှတ်ခြင်း။ (အမှောင်တိုက်ပြစ်ဒဏ်အား မည်သည့် အကျဉ်းသား ကိုမျှ မချမှတ်ရပါ)
(၄) သုံးလထက်မပိုသောကာလအထိ သီးခြားခွဲ၍ထားရှိခြင်း။
(ခ)ပုဒ်မခွဲ(က)ပါ တာဝန်ခံအရာရှိချမှတ်သောပြစ်ဒဏ်တရပ်ရပ်နှင့်စပ်လျဉ်း၍ နစ်နာသည်ဟုယူဆသော အကျဉ်းသားတဦးဦးသည် ညွှန်ကြားရေးမှူးချုပ်ထံအယူခံတင်ပြခွင့်ရှိစေရမည်။ ညွှန်ကြားရေးမှူးချုပ်၏အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။
အခန်း(၅)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
ပြစ်မှုများ
၄၈။ မည်သူမဆိုဥပဒေအရ တားမြစ်ပိတ်ပင်ထားသော မည်သည့်အရာဝတ္ထုပစ္စည်းကိုမဆို အကျဉ်းထောင်အတွင်းသို့သွင်းယူခြင်း သို့မဟုတ် အကျဉ်းထောင်ပြင်ပသို့ထုတ်ယူခြင်း သို့မဟုတ် ဤကဲ့သို့ပြုလုပ်ရန်ကြံစည်ကြိုးစားခြင်း သို့မဟုတ် အားပေးကူညီခြင်းမပြုလုပ်ရ။
၄၉။ မည်သူမဆိုဥပဒေအရ တားမြစ်ပိတ်ပင်ထားသောမည်သည့်အရာဝတ္ထုပစ္စည်းကိုမဆို အကျဉ်းထောင်နယ်နမိတ်ပြင်ပ၌ အကျဉ်းသားကို ပေးခြင်း၊ ပေးရန်ကြံစည်ကြိုးပမ်းခြင်း၊ အားပေးကူညီခြင်းမပြုလုပ်ရ။
၅၀။ မည်သူမဆိုဥပဒေနှင့်ဆန့်ကျင်လျက် အကျဉ်းသားတဦးတယောက်နှင့် ဆက်သွယ်ခြင်းသို့မဟုတ်ဆက်သွယ်ရန် ကြံစည်ကြိုးပမ်းခြင်း မပြုလုပ်ရ။
၅၁။ မည်သည့်အကျဉ်းထောင်ဝန်ထမ်းမဆို ပုဒ်မ၄၅၊ ၄၆နှင့် ၄၇ပါပြဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက သတင်းပို့ အရေးယူ ဆောင်ရွက်ရန်ပျက်ကွက်ခြင်းမရှိစေရ။
၅၂။ အကျဉ်းသားများသည် မည်သည့်အခြေအနေနှင့်မည်သည့်အချိန်အခါတွင်မဆို ဆူပူအုံကြွခြင်း၊ ထကြွသောင်းကျန်းခြင်း၊ ထွက်ပြေးခြင်း၊ အကျဉ်းထောင်အဆောက်အဦးနှင့် ပစ္စည်းများအားလူစုလူဝေးဖြင့်ဖျက်ဆီးခြင်း၊ ယင်းပြစ်မှုအားကျူးလွန်ရန် ကြံစည်ခြင်း၊ ကြိုးပမ်းအား ထုတ်ခြင်း၊ အားပေးကူညီခြင်းမပြုလုပ်ရ။
၅၃။ မည်သည့်အကျဉ်းထောင်ဝန်ထမ်းမဆိုအောက်ဖော်ပြပါပြစ်မှုများအားကျူးလွန်ခြင်းမပြုလုပ်ရ-
(က) ပေးအပ်သောတာဝန်ကိုထမ်းဆောင်ရန်ပျက်ကွက်ခြင်း။
(ခ) ပြဌာန်းထားသောဥပဒေ၊စည်းကမ်းကိုချိုးဖောက်ခြင်း။
(ဂ) ခွင့်ပြုချက်မရဘဲလုပ်ငန်းတာဝန်မှစွန့်ခွါခြင်း။
(ဃ) မိမိလိုလားချက်ကိုနှစ်လကြိုတင်၍စာဖြင့်ရေးသားတင်ပြခြင်းမရှိဘဲတာဝန်ကျနေရာမှထွက်ခွာသွားခြင်း။
(င) ခွင့်ပြုထားသောခွင့်ရက်ထက်ကျော်လွန်၍ခိုင်လုံသောအကြောင်းပြချက်မရှိဘဲပျက်ကွက်ခြင်း။
(စ) အကျဉ်းထောင်တာဝန်မှအပအခြားလုပ်ငန်းတခုခုတွင်ခွင့်ပြုချက်မရဘဲဝင်ရောက်လုပ်ကိုင်ခြင်း။
(ဆ) တာဝန်ထမ်းဆောင်ရာတွင်သူရဲဘောနည်းခြင်း။
(ဇ) အကျဉ်းသားအားရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်း၊အကြင်နာမဲ့စွာရက်စက်ခြင်း၊လူမဆန်စွာသို့မဟုတ်ယုတ်ညံ့စွာပြုမူဆက်ဆံခြင်း။
(ဈ) အကျဉ်းသားတဦးဦး၏ဥပဒေနှင့်အညီရပိုင်ခွင့်ကိုတမင်ပိတ်ပင်ခြင်း၊ဟန့်တားခြင်း၊နှောင့်နှေးကြန့်ကြာအောင်ပြုလုပ်ခြင်း။
၅၄။ မည်သည့်အကျဉ်းထောင်ဝန်ထမ်းမဆို သို့မဟုတ် ၄င်းနှင့်ဆက်စပ်သည့်မည်သည့်ပုဂ္ဂိုလ်မဆို ခွင့်ပြုမိန့်မရှိဘဲ အကျဉ်းထောင် အတွင်းတွင် မိမိတို့၏အကျိုးစီးပွားအတွက် အကျဉ်းသားများနှင့်ဆက်သွယ်၍ ပစ္စည်းတစုံတရာကိုရောင်းချခြင်း၊ ရောင်းချခွင့်ပြုခြင်း၊ ငှားရမ်းခြင်း၊ ငွေကြေး ရယူခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများနှင့်ဆက်သွယ်ခြင်းတို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဆောင်ရွက်ခြင်းမပြုလုပ်ရ။
၅၅။ မည်သည့်အကျဉ်းထောင်ဝန်းထမ်းမဆို သို့မဟုတ် ၄င်းနှင့်ဆက်စပ်သည့် မည်သည့်ပုဂ္ဂိုလ်မဆို အကျဉ်းထောင်အတွင်းသို့ ပစ္စည်းများ ပေးသွင်းသော ကိုယ်စားလှယ်များနှင့် မိမိအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ငွေကြေးအကျိုး စီးပွားအတွက် အကျိုးအမြတ်တစုံတရာရရှိစေရန် ဆောင်ရွက်ခြင်းမပြုလုပ်ရ။
ပြစ်ဒဏ်များ
၅၆။ မည်သည့်အကျဉ်းသားမဆို ပုဒ်မ၄၃ပါပြစ်မှုများကို နည်းမျိုးစုံဖြင့်မကြာခဏကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တရားရုံးသို့တင်ပို့လျက် တရားစွဲဆိုကာတရားရုံးမှ တနှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ခံရမည်။
၅၇။ မည်သူမဆို ပုဒ်မ၄၅၊၄၆၊၄၇နှင့်၄၈ပါ ပြစ်မှုများအားကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ သို့ရာတွင် လူအများ အတွက် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ (ဥပမာ။ မူးယစ်ဆေးဝါး) ကိုတင်သွင်းလျှင် တည်ဆဲဥပဒေများအရ ထိရောက်ပြင်း ထန်စွာ အရေး ယူခြင်းခံရမည်။
၅၈။ မည်သည့်အကျဉ်းသားမဆို ပုဒ်မ၄၉ပါပြုလုပ်မှုတရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တရားရုံးသို့ တင်ပို့လျက် တရားစွဲဆိုကာ တရားရုံးမှထိုသူအားသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
၅၉။ မည်သည့်အကျဉ်းထောင်ဝန်ထမ်းမဆို ပုဒ်မ(၅၀)ပါပြစ်မှုများအားကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူအား (၃)လထက် မပို သောထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ သို့သော်ပုဒ်မ(၅၀၊ (ဇ))ပါပြစ်မှု အားကျူးလွန်ဖေါက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအားညှဉ်းပန်းနှိပ်စက်ခြင်း ဆိုင်ရာတည်ဆဲဥပဒေအရ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ရမည်။
၆၀။ မည်သည့်အကျဉ်းထောင်ဝန်ထမ်းမဆို ပုဒ်မ၅၁နှင့်၅၂ပါပြစ်မှုများအား ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ သို့ရာတွင် လူအများအတွက်အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ (ဥပမာ။ မူးယစ်ဆေးဝါး) ကိုတင်သွင်းလျှင် တည်ဆဲဥပဒေများအရ ထိရောက် ပြင်းထန်စွာအရေးယူခြင်းခံရမည်။
အခန်း(၆)
အထွေထွေ
၆၁။ အကျဉ်းထောင်အရာရှိ တစ်ဦးဦး၏ မျက်မှောက်တွင် ပုဒ်မ ၄၅၊ ၄၆ နှင့် ၄၇ ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူ မည်သူကိုမဆို၊ ထို့အပြင် ကျူးလွန်သူနှင့် ပတ်သက်နေသော မည်သူကိုမဆို ယင်း၏ အမည်၊ နေရပ်လိပ်စာအား အကျဉ်းထောင်အရာရှိ တစ်ဦးဦးမှ မေးမြန်းသည်ကို ဖြေကြားရန် ငြင်းဆိုလျှင် သို့မဟုတ် ယင်း၏ အမည်နှင့် နေရပ်လိပ်စာအား လိမ်လည်ပြောဆိုသည်ဟု သိရှိလျှင် သို့မဟုတ် မမှန်မကန်ပြောဆိုသည်ဟု ယုံကြည်လောက် သောအကြောင်းရှိလျှင် ယင်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခေတ္တထိန်းသိမ်းခြင်း ပြုနိုင် သည်။ ယင်းသို့ ထိန်းသိမ်းပြီးးလျှင် ရဲအရာရှိ တစ်ဦးဦးထံ ဆောလျင်စွာ လွှဲအပ်ရမည်။ ထိုရဲအရာရှိသည် ယင်းကိစ္စကို မိမိမျက်မှောက်တွင် ဖြစ်ပွားသကဲ့သို့ မှတ်ယူ၍ ဆက်လက်အရေးယူ ဆောင်ရွက်ရမည်။
၆၂။ တာဝန်ခံအရာရှိသည် ဤဥပဒေပုဒ်မ၄၃ပါပြစ်မှုများကိုနည်းမျိုးစုံဖြင့် မကြာခဏကျူးလွန်သောအကျဉ်းသားအား မိမိချမှတ်သည့် ပြစ်ဒဏ်ဖြင့် လုံလောက်ခြင်းမရှိပါကတရားစွဲဆိုရမည်။
၆၃။ အကျဉ်းသားတဦးတယောက်အား တရားဥပဒေနှင့်အညီ ထိန်းသိမ်းထားရန်သတ်မှတ်ထားသည့် အကျဉ်းထောင်တခုမှထုတ်ယူခြင်း သို့မဟုတ် အကျဉ်းထောင်တခုသို့ပို့ဆောင်ခြင်းပြုလုပ်စဉ်တွင်သော်လည်းကောင်း၊ အကျဉ်းထောင်ပြင်ပ၌ သို့မဟုတ် အကျဉ်းထောင် နယ်န မိတ်ပြင်ပ၌ အလုပ်လုပ်နေစဉ်တွင်သော်လည်းကောင်း၊ အကျဉ်းထောင်ဝန်းထမ်းတဦး၏ကြီးကြပ်ကွပ်ကဲမှုအောက် သို့မဟုတ် ဥပဒေနှင့်အညီ ထိန်းသိမ်းမှုအောက်၌စေခိုင်းသောအခါတွင်သော်လည်းကောင်း၊ ဖြစ်ပွားသည့်ကိစ္စအဝဝတို့သည် ယင်းအကျဉ်းသားအကျဉ်းထောင်အတွင်း ရှိနေစဉ်ဖြစ်ပျက်သကဲ့သို့မှတ်ယူဆောင်ရွက်ရမည်။
၆၄။ နိုင်ငံတော်အစိုးရမှခွင့်ပြုပေးထားသော အကျဉ်းထောင်မှအသုံးပြုသည့်မြေနှင့် အခြားသောသဘာဝအရင်းအမြစ် ထွက်ရှိရာနေရာ များသည် တားမြစ်ကန့်သတ်နယ်မြေဖြစ်စေရမည်။
၆၅။ အကျဉ်းထောင်နှင့်အကျဉ်းထောင်လုပ်ငန်းများအတွက် ဝင်ငွေခွန်နှင့်အခြားအခွန်အခများပေးဆောင်ခြင်းအား ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
၆၆။ အကျဉ်းထောင်သို့ပြစ်ဒဏ်ကျအကျဉ်းသားပေးပို့ရာတွင် ယင်းအကျဉ်းသားအားချမှတ်သည့် ပြစ်မှု၏ဖြစ်စဉ်အကျဉ်းကို ထောင်ချ မိန့်နှင့် အတူ ပြစ်ဒဏ်ချမှတ်သောတရားရုံးနှင့်အပြစ်ဒဏ်ချမှတ်ရန် အခွင့်အာဏာရှိသူတို့ကရေးသားပေးပို့ရမည်။
၆၇။ ဤဥပဒေအရအရေးယူသောအမှုများကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်သတ်မှတ်သည်။
၆၈။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် The Prisons Act, 1894၊ The Prisoners Act, 1900 နှင့် The Identification of Prisoners Act တို့အရ ထုပ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၆၉။ ဤဥပဒေပါပြဌာန်းချက်များကိုအကောင်ထည်ဖော်ဆောင်ရွက်ရာတွင်-
(က)ဝန်ကြီးဌာနသည်နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့်အကျဉ်းဦးစီးဌာနတို့သည်အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။
၇၀။ အောက်ဖော်ပြပါဥပဒေများကိုဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်-
(က) The Prison Act 1984
(ခ) The Prison Act 1900
(ဂ) The Identification of Prisoners Act 1920
(င)က၊ ခ၊ ဂ၊ ဥပဒေများအရ ထုတ်ပြန်ခဲ့သည့်နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ။
ဤဥပဒေကိုမည်သည့်အကျဉ်းသားမဆိုဖတ်ရှုလေ့လာနိုင်ရန်အကျဉ်းဦးစီဌာနမှစီစဉ်ပေးရမည်။ (အကျဉ်းထောင်များဥပဒေ၊နည်းဥပဒေစာအုပ်အားစာကြည့်တိုက်တွင်ထားရှိခြင်း၊ ထောင်မှုးများမှအကျဉ်းသားသစ်များကိုရှင်းပြခြင်း၊ အကျဉ်းသား များ သိလိုကြောင်း တောင်းဆိုသည့်အခါ ဖတ်ရှုနိုင်ရန်စီစဉ်ပေးရမည်။)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။
အကျဉ်းထောင်များဥပဒေမူကြမ်း ဒေါင်းလော့ရယူရန် Prison Law (draft)