ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ဟု အေအေပီပီ အကြံပြု

U-Bo-Kyi

၆ ဇွန် ၂၀၁၆

အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ထောင်စနစ်တခုတည်းသာ မကဘဲ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့ပါ လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အကြံပြုထားပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ တကယ့်ပြဿနာတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အကျဉ်းထောင်စနစ်အပြင် ထောင်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ တရားရေး စတာတွေကိုပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရလိမ့်မယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“ရဲဆိုတဲ့ Institution ကို ကျနော်တို့ ပြုပြင် ပြောင်းလဲဖို့လိုတယ်။ နောက် တရားရေးဌာနကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ တရားရေးဌာနက အစိုးရရဲ့ လက်အောက်ကနေ၊ အုပ်ချုပ်ရေးရဲ့ လက်အောက်ကနေ ကင်းလွတ်ရမယ်။ သီးခြားလွတ်လပ်တဲ့ဟာတွေ ဖြစ်ရမယ်။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း တကယ့်ကို အမြော်အမြင်ရှိတဲ့၊ ဉာဏ်ပညာကြွယ်ဝတဲ့ တရားသူကြီးတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒါကို ခြုံပြီး ပြောမယ်ဆိုရင်တော့ ကျနော်တို့က ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံးကို ပြုပြင် ပြောင်းလဲရပါမယ်။

“အဲဒီထဲမှာ ပညာရေးဆိုင်ရာကိစ္စတွေ ပြုပြင်ပြောင်းလဲရမှာ ဖြစ်သလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေမှာလည်း သွားပြီးတော့ ပြုပြင်ပြောင်းလဲရမှာတွေ ရှိပါတယ်။ ဆိုတော့ အကျဉ်းထောင်တခုတည်းကို ကွက်ပြီးတော့ စဉ်းစားပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လို့မရဘူး။ ဒီအတွက် ကျနော်တို့က ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲသင့်တယ်။”

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က အေအေပီပီက ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၃၀၀ဝ ကျော်ကို သုတေသန ပြုလုပ်ထားတဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်မှာ အစီရင်ခံစာနဲ့ ဆက်နွယ်ပြီး ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတိုင်း ညှဉ်းပန်းခံရမှုတွေ ကာကွယ်ဖို့ ထောင်စနစ်ကို ပြုပြင်ပြောင်းလဲရမှာတွေကိုလည်း ထည့်သွင်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။

“အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေတင် မကဘဲ အကျဉ်းသားတွေ အကုန်လုံး ချိုးဖောက်ခံနေရတဲ့ အကြောင်းတွေပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဆိုတော့ အကျဉ်းထောင်ဆိုတာက ဖိနှိပ်ရေးစခန်းနဲ့စာရင် ပြုပြင်ရေးစခန်း ဖြစ်သင့်တယ်။ ဒီ အတွေးအခေါ်ကိုက စပြီးတော့ ချိန်းရပါမယ်” လို့လည်း ဦးဘိုကြည်က ဆက်ပြောပါတယ်။

လက်ရှိ အကျဉ်းသား ၅၀၀ဝ ဆန့်တဲ့ အင်းစိန်ထောင်မှာ အကျဉ်းသား ၇၀၀ဝ ကနေ ၁၀၀၀ဝ ကြား ရှိနေတာကြောင့် လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ မအိပ်စက်ရတာ၊ ရဲဘက်စခန်းပို့ခံရတာ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်မရတာ၊ ကျန်းမာရေး၊ နေထိုင်ရေး စတဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရကြောင်း ထောက်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ၂၀၁၆ မှာ ဥပဒေ ၃ ခုကို မူကြမ်းရေးဆွဲတာ၊ ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းတာတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိပါတယ်။

အဲဒါတွေကတော့ ငြိမ်းစုစီဥပဒေကို မူကြမ်းရေးဆွဲပြီး လွှတ်တော်ဥက္ကဋ္ဌကို လက်ရှိပေးပို့ထားတာ ရှိသလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေနဲ့ အကျဉ်းထောင်ဥပဒေတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းတာတွေ ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

source DVB