နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မေတ္တာရပ်ခံချက်

cover statement

နေ့စွဲ။   ။ ၃ရက်၊ ဇွန်လ၊ ၂၀၁၆

ပြီးခဲ့သည့် ဇွန်လ ၂ ရက်၊ ၂၀၁၆ တွင် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း မှ ဤအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုသော ဝေါဟာရများနှင့် ပတ်သတ်၍ အဓိပ္ပါယ်ဖွင့်ဆိုရန် ရှိမရှိ ဆိုုသည့် မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ မှတဆင့် မေးမြန်းခဲ့ပါသည်။

ထိုမေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးမှ ပြန်လည် ရှင်းလင်းဖြေကြားရာတွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုုသော ဝေါဟာရများနှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက် ပြုရန် မရှိဟု ပြန်လည်ဖြေကြားခဲ့သည်။

အလားတူမေးခွန်အား ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့် မှ မေးမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှ ဖြေကြားရာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်၍ အခွင့်အရေးပေးပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသားများပေါ်ပေါက်လာမည် ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ် ဖွင့်ဆိုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို စကိုင်းနက် လွှတ်တော်ချန်နယ် ရုပ်သံလိုင်းမှ မြင်တွေ့ကြားသိခဲ့ရပါသည်။

ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် မေးခွန်းကို ဖြေဆိုပုံ နှင့် ယခု ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် မေးခွန်းကို ဖြေဆိုပုံ မှာ အတော်လေးတူညီနေသည်ကို တွေ့ရှိရပေသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် မူဝါဒပြောင်းလဲခြင်း မရှိသေးသည်ကို တွေ့ရှိရသည့်အတွက်၊ ပြောင်းလဲချိန်တန်ပြီ ဆိုသည့်စကား နှင့် အညီ ခေတ်နှင့်လိုက်လျောညီထွေသော မူဝါဒ ဖြစ်စေရန် ပြောင်းလဲသင့်ပါသည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ဧပြီလ ရ ရက်၊ ၂၀၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေငြာချက် အပိုဒ် (၁) တွင် အတိအလင်း ပြောဆိုထားသည်မှာ “ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်ပါသည်” ဟု ဆိုထားပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အထက်ပါကဲ့သို့ ဆိုထားသော်လည်း ယနေ့အချိန်ထိ နိုင်ငံတော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် ဆိုသည်မှာ မရှိသေးပါ။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ် ဖွင့်ဆ်ိုချက် ပေါ်ပေါက်လာရေး နှင့် နိုင်ငံရေးအကျဉ်းသားများ ရှိခဲ့သည်၊ ရှိနေသည် ကို အသိအမှတ်ပြု၍ အမြန်ဆုံး လွှတ်ပေးရေးသည် ပြည်သူ့အစိုးရ အနေဖြင့် မလွဲမသွေ အမြန်ဆုံးလုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည်ဟု မိမိတို့အနေဖြင့် တိုက်တွန်းလိုပါသည်။ မိမိတို့အနေဖြင့်လည်း တတ်အားသရွေ့ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါသည်။

ဆက်သွယ်ရန်။    ။ ကိုုတိတ်နိုုင်၊  အတွင်းရေးမှူး  (AAPP)         +95 (0) 9 428023828, +66 (0) 81 287 8751
ကိုုအောင်မျိုးကျော်၊ ပြည်တွင်းတာဝန်ခံ (AAPP)    +95 (0) 9 42811 7348
ကိုုတင်မောင်ဦး၊ ဦးဆောင်ကော်မတီဝင် (FPPS)    +95 (0) 9 550 1429

ဒေါင်းလော့ရယူရန်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မေတ္တာရပ်ခံချက်