သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

 

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

 

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (အသက် ၈၅ နှစ်) သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မနက်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ၊ ပြည်သူများနှင့် ထပ်တူ အထူးပင်ဝမ်းနည်း ကြေကွဲမိပါသည်။

ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းသည် တိုင်းပြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုတခုပင်ဖြစ်သည်။

ဆရာကြီးဦးဝင်းတင်သည် ဆောင်းပါးများ၊ ဝတ္ထုများ၊ စာပေ၊ သဘင်၊ ဂီတ ဝေဖန်ရေး စာအုပ်စာတမ်းများ၊ ဘာသာပြန် စာအုပ်စာတမ်းများ၊ ခရီးသွားဆောင်းပါးများ စသဖြင့် များစွာ ရေးသားခဲ့သူဖြစ်သည်။ တဖက်တွင်လည်း သတင်းထောက်၊ အယ်ဒီတာ လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေး စာပေများလည်း အစဉ်တစိုက်ရေးသားခဲ့သူဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှုး(၁)အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း စစ်အစိုးရ မှဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။

‘အများ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ’ ဟူသော ဆောင်ပုဒ်ကို ရေးသား ခဲ့သူဖြစ်သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီး ခံရပြီး ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်း နေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ် လူငယ် ကိုစိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ် စကားပြောဆို၍ ဟူသော စွတ်စွဲချက်ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရသည်။

၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန် ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ် ခံရသည်။

၁၉၉၅ တွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှု မရှိ၍ ကမာ္ဘကြီးမှ စစ်အာဏာရှင် တို့အား ပိတ်ဆို့ အရေးယူ ပေးပါရန် အကျဉ်းထောင်ထဲမှ ရေးသားတောင်းဆိုခဲ့သည်။

Appeal to the Public ကမာ္ဘ့ ပြည်သူများသို့ ပန်ကြားချက် တစောင်ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ထို ပန်ကြားချက်တွင် စစ်အာဏာရှင် တို့သည် ကမာ္ဘ့ ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြား နေသည့် အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ် ကြပါရန် တိုက်တွန်း ထားသည်။ ထိုကြောင့် ထောင်ဒဏ် ၅ နှစ် တိုးခဲ့သည်။

၁၉၉၆ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုမဂ္ဂဇင်း၊ သွေးသစ်မှိုင်းမဂ္ဂဇင်း၊ သတင်းမှတ်တမ်းလွှာ၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံသို့ လိပ်မူပြီး နိုင်ငံရေးအခွင့်အရေးဆိုင်ရာတောင်းဆိုမှုဟု စွတ်စွဲက အင်းစိန်ထောင်တွင်းတွင် ထောင်ဒဏ် ရ နှစ် ထပ်မံ ချမှတ်ခြင်းခံခဲ့ရသည်။

ထိုအမှုတွင် ဆရာဦးဝင်တင်၏ လျှောက်လဲချက်တွင် မိမိယုံကြည်သည်ကို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး မမှန်သည့်အချက်များ မပါပါကြောင်း၊ လူ့အခွင့်အရေးဆုံးရှုံးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း စသည့်အချက်များသည် အမှန်များသာဖြစ်ပါကြောင်း မမှန်ဆိုသည့်အချက်ကို တရားလိုဘက်မှ မတင်ပြနိုင်ပါကြောင်း၊ တင်ပြခဲ့သည့် အချက်အလက်များသည် အမှန်များသာဖြစ်ပါ၍ စွဲဆိုသော ပုဒ်မဖြင့် အပြစ်မရှိပါကြောင်း လျှောက်လဲခဲ့သည်။

ဆရာကြီးဦးဝင်းတင်သည် အကျဉ်းထောင်တွင်းတွင် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဆရာကြီးသည် အကျဉ်းထောင်မှပြန်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယက အဖြစ်တာဝန်ယူခဲ့ပြီး ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် တိုင်းပြည်အကျိုးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများ ၎င်းတို့၏မိသားစုဝင်များအတွက် ထောက်ပံ့ကူညီမှု၊ စာရေးဆရာများ အတွက် ထောက်ပံ့ကူညီမှုများကိုလည်း စဉ်ဆက်မပြတ်ကူညီခဲ့သူဖြစ်သည်။

ထို့ကြောင့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းလုပ်ဆောင်ချက်များကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း ဆရာကြီး၏ ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဆရာကြီး ကောင်းရာသုဂတိလားပါစေ..

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

၂၀၁၄ ခု၊ ဧပြီလ ၂၁ ရက်၊

More information contact

Tate Naing         Secretary           (+66)81 2878 751

Bo Kyi             Joint Secretary    (+95) 9 42530 8840