ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲသို့ အေအေပီပီမှ ဦးတိတ်နိုင်ပြောကြားသည့်အမှာစကား

AAPP New Letterhead

ရက်စွဲ ။        ။ ၂၃ မတ် ၂၀၁၆

အားလုံးမင်္ဂလာပါ

ကျနော်က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး တိတ်နိုင် ပါ။

ကျနော်အနေနဲ့ ဒီအခမ်းအနားကျင်းပ ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြဖို့ဖြစ်ပါတယ်။

ဒီနေ့ဟာ စစ်ကြောရေးစခန်း၊ အကျဉ်းထောင်၊ ရဲဘက်စခန်း၊ ဝန်ဆောင်လို့ခေါ်တဲ့ ရှေ့တန်းစစ်ဆင်ရေးတွေ အတွက် ပေါ်တာပါရင်း ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အခမ်းအနားဖြစ်ပါတယ်။  ဒုတိယအကြိမ် ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပါ။ ၂၀၁၄ ဇန်နဝါရီလ မှာ ဒီနေရာမှာပဲ ပထမအကြိမ် ဂုဏ်ပြုပွဲ လုပ်ဖြစ်ခဲ့ပါတယ်။

ဘာကြောင့် ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပွဲ လုပ်ရပါသလဲ။

 

ကျနော်တို့ အေအေပီပီစတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၀ဝ ခုနှစ်တုန်းက နိုင်/ကျဉ်း ၃၅၀ဝ လောက်ရှိခဲ့တာပါ။ အခုချိန်မှာလည်း ထောင်ဒဏ်ကျခံနေရတဲ့ နိုင်/ကျဉ်း ၉၀၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ၄၁၈ ဦးရှိနေပါတယ်။ ၄၀ဝ ကျော်ထဲက ၁၃၂ ဦးဟာ အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။

 

နိုင်ငံရေးအကျဉ်းသား တယောက် ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ မြောက်များစွာရှိပါတယ်။ တိုင်းပြည်အတွက် စေတနာကောင်းရှိရပါမယ်။ ကိုယ်ကျိုးစွန့်နိုင်ရပါမယ်။ ယုံကြည်ချက်ခိုင်မာဖို့လိုပါတယ်။ နေထိုင်စားသောက်မှု ဆင်းရဲဒဏ်ခံနိုင်ရပါမယ်။ ညှဉ်းပန်း နှိပ်စက်တဲ့ ခံနိုင်ဖို့ အဆင်သင့်ရှိရပါမယ်။ လူ့ဂုဏ်သိက္ခာ ကုန်းကောက်စရာမရှိအောင် နင်းပြားဘဝ ကို ရင်ဆိုင်ရဲရမယ်။ မိသားစုဘဝတွေ ဖရိုဖရဲ ဖြစ်မှုဒဏ်ကို ခံနိုင်ရပါမယ်။ နောက်ဆုံး ထောင်ထွက်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ တစိမ်းဆန်မှုတွေကို ရင်ဆိုင်ရဲရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ ကျနော်တို့ ကိုယ်တိုင် ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာပါ။

သို့သော်လည်းပဲ ထောင်က မထွက်ရဘဲ လမ်းခုလတ်မှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ များစွာရှိခဲ့ပါတယ်။ ကျနော်တို့ စုဆောင်းထားတဲ့ စာရင်းအရ အနည်းဆုံး ၂၄၂ ဦးရှိပါတယ်။ သူတို့တွေဟာ ယုံကြည်ချက်အတွက်၊ ပြည်သူ့အတွက် အသက်ကိုပင် စတေးခဲ့ကြတဲ့ သူရဲကောင်းတွေပါပဲ။ ဒီသူရဲကောင်းတွေဟာ လေးစားတန်ဘိုးထားအပ်တဲ့လူတွေဖြစ်ပြီး ဦးညွှတ်ဂုဏ်ပြု ထိုက်သူတွေပါ။ ဒါကြောင့်ပဲ ကျနော်တို့ အေအေပီပီနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ဟာ ဒီဂုဏ်ပြုပွဲကို ကျင်းပရခြင်းပဲ ဖြစ်ပါတယ်။ သူတို့ချည်းပဲ မဟုတ်ပဲ သူတို့နဲ့အတူ ဆင်းရဲဒုက္ခတွေကို ခံစားပေးဆပ်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြုဖို့ လိုအပ်မှာဖြစ်သလို သူတို့ရဲ့ ဘဝ ပြန်လည်ထူထောင်ရေးအတွက်လည်း အရေးကြီး လိုအပ်နေဆဲပါ။

ကျနော်တို့ ကျဆုံးနိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုနေချိန်မှာပဲ ကျူးလွန်ခဲ့တဲ့လူတွေကတော့ တရားဥပဒေရဲ့ ကင်းလွတ်ခွင့်ရနေဆဲပါ။ ဆက်လက်ကျုးလွန်နေဆဲပါ။ ကျနော်တို့အနေနဲ့ လက်တုန့်ပြန်လိုချင်စိတ် လုံးဝမရှိရိုးအမှန်ပါ။ ဒါပေမယ့် အခုလို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာဟာ ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုရာရောက်သလို အနာဂတ်နိုင်ငံထူထောင်ရာမှာ တရားဥပဒေစိုးမိုးရေးအတွက်လည်း ကြီးစွာ အဟန့်အတားဖြစ်ပါတယ်။ လက်တုန့်ပြန်ခြင်းဟာ ကျနော်တို့လိုချင်တဲ ့အဖြေကို မရနိုင်သလို သင်ပုန်းချေရေးဆိုတာဟာလည်း တရားမျှတမှုအတွက် အဖြေမဟုတ်ပါဘူး။ တရားမျှတမှုတွေအတွက် နည်းလမ်းတွေ ရှာကြ၊ စီစဉ်ကြရမှာပါ။ ဒါကြောင့် တရားမျှတရေး အစီအစဉ်ဟာ အသွင်ကူးပြောင်းရေးကာလမှာ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုနေတာပါ။

ကျနော်တို့ ဒီကနေ့ ဂုဏ်ပြုမယ့် ၆၁ ဦးထဲမှာ ၂၈ ဦးရဲ့ ဓာတ်ပုံတွေ မရခဲ့ပါဘူး။ ဓာတ်ပုံတောင် မကျန်ရစ်ခဲ့ပါဘူး။ ဘာကြောင့် မကျန်ရစ်ရပါလဲ။…. ဦးမောင်ကို၊ ကိုအောင်လှိုင်ဝင်း စစ်ကြောရေးမှာ ဘယ်လောက်ခံစားရပြီး သေဆုံးခဲ့ရသလဲ၊ ဆရာမောင်သော်က၊ ဦးညိုဝင်း ထောင်ထဲမှာ မပြင်းထန်တဲ့ရောဂါနဲ့ ဘယ်လောက်ကြာအောင် ခံစားရပြီး သေဆုံးခဲ့ရသလဲ၊ ကိုသက်ဝင်းအောင် အကျဉ်းထောင်ထဲမှာ ဘယ်လို အခြေအနေမျိုးနဲ့ သေဆုံးရသလဲ၊ ကိုမြင့်ဆွေ အကျဉ်းထောင်ထဲမှာ ဘာကြောင့်သေဆုံးရသလဲ။ ပြန်လည်သုံးသပ်ပြီး နောင်ဒီလိုအဖြစ်အပျက်မျိုးတွေ မကြုံအောင် နည်းလမ်းပေါင်းစုံနဲ့ကာကွယ်သွားကြရမှာပါ။

 

ဒါကြောင့်

  • ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများနဲ့ မိသားစုများကို ဂုဏ်ပြုလိုခြင်း
  • ထိုသူရဲကောင်းများ ရည်မှန်းခဲ့တဲ့ ပန်းတိုင်ကို ကျနော်တို့အပါအဝင် ဒီမိုကရေစီချစ်မြတ်နိုးသူတိုင်း ခရီးဆုံးသည်အထိ ဆက်လက်လျှောက်လှမ်းရန် တိုက်တွန်းလိုခြင်း
  • နောင်အခါ ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး ထပ်မပေါ်စေရန် ကြိုတင်ကာကွယ်နိုင်စေ လိုခြင်း ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ဒီကနေ့ကာလလို နိုင်ငံရေးအခင်းအကျင်းမျိုး မြင်ရဖို့ဆိုတာ ကျနော်တို့ ပြည်သူတွေ အသက်သွေးပေါင်းများစွာ ရင်းနှီး ပေးဆပ်ခဲ့ကြရတာပါ။ လမ်းမထက်မှာ၊ ထောင်ထဲမှာ၊ တောထဲမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်တွေ ရာထောင်ချီရှိခဲ့ပါတယ်။ မှတ်တမ်းမဲ့ ပျောက်ဆုံးခဲ့သူတွေလည်း မနည်းမနောပါပဲ။ ဒါတွေကို မှတ်တမ်းပြုစုရဦးမှာပါ။ အခုလို ဒီမိုကရေစီရေးအတွက်၊ တိုင်းပြည်အကျိုးအတွက် အသက်ပေးခဲ့တဲ့ အာဇာနည်တွေကို ထပ်ခါ ထပ်ခါ ဂုဏ်ပြုဖို့ လိုအပ်နေဦးမှာပါ။ တဆက်တည်းမှာပဲ ထိုသူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် အကောင်အထည်ဖေါ် လျှောက်လှမ်းခြင်း ဟာလည်း သူတို့ကို အကောင်းဆုံး ဂုဏ်ပြုရာရောက်မှာပါ။ ကျနော်တို့ ပန်းမဝင်သေးပါဘူး။ လက်တွဲတွေ မဖြုတ်ကြပဲ ဆက်လက် ချီတက်ကြဖို့တိုက်တွန်းလိုပါတယ်။

 

များမကြာမီကာလမှာ နိုင်ငံတော်က ကြီးမှုးကျင်းပမယ့် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျဆုံးသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို မျှော်လင့် တောင့်တ ဆန္ဒပြုရင်း ကျနော့်ရဲ့ စကားကို အဆုံးသတ်ပရစေခင်ဗျား…

 

အားလုံးကို ကျေးဇူးတင်ပါတယ်။