အကျဉ်းသား ၁၀၂ ဦးလွတ်ပေးခြင်းအပေါ် သဘောထားကြေညာချက်

AAPP New Letterhead

ရက်စွဲ —– ၂၂ ဇန်နဝါရီလ ၂၀၁၆
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကျဉ်းသား ၁၀၂ ဦးအား နိုင်ငံတော် အစိုးရမှ ပုဒ်မ ၄၀၁(၁) ဖြင့် လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် ယခုအချိန်(၂း၃ဝ နာရီ) အထိ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးသာ ပါဝင်သေးကြောင်းသိရှိရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသည်ကို ကြိုဆိုရမည်ဖြစ်သော်လည်း ကျန်ရှိနေသးသည့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးအတွက် လုပ်ဆောင်ရင်း အမှုရင်ဆိုင်နေရသူ ၄၀၈ ဦးတို့မှာ လွတ်မြောက်ခြင်းမရှိသေးသည့်အတွက် မိမိတို့အနေဖြင့် များစွာ စိုးရိမ်ပူပန်မိပါသည်။ အထူးသဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အကြမ်းဖက် ရိုက်နှက်ဖြိုခွဲပြီး ပုဒ်မပေါင်းမြောက်များစွာဖြင့် တရားစွဲဆို၍ တနှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည်မှာ ဥပဒေစိုးမိုးမှုမဟုတ်ဘဲ ရန်လိုသည့် သဘောသက်ရောက်နေပေသည်။ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ထဲတွင် ထိုပုဒ်မများဖြင့် တရားစွဲဆိုထားသော သူများအား လွှတ်ပေးနိုင်သည့်အခွင့်အာဏာရှိပါသည်။ လွတ်ပေးခဲ့သည့်သာဓကလည်း ရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ သမ္မတလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာသော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ကျောင်းသားများအား တရားစွဲဆိုထားသော ပုဒ်မအများစုကို တရားရင်ဆိုင်နေရစဉ်ကာလတွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ ၁၀၂ ဦးအားလွှတ်ပေးခဲ့သော်လည်း မကြာသေးခင်ရက်ပိုင်းအတွင်းက ဦးဂမ္ဘီရ (ခ) ညီညီလွင် အား ပြန်လည်ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ယနေ့တွင်လည်း တပ်မတော်အကြီးအကဲ၏ ဂုဏ်သိက္ခာကိုကျဆင်းစေမှုဖြင့် ဦးပက်ထရစ်ခွန်ဂျာလီအား ထောင်ဒဏ် (၆) လ ချမှတ်ခဲ့ပေသည်။
ယခုတကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းအား နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးပေ။
သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်း ကုန်ဆုံးခါနီးပြီဖြစ်ပြီး အဆင်ပြေချောမွေ့စွာ အာဏာလွှဲ ပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသား အနည်းစုကိုသာ လွှတ်ပေးခြင်းမှာ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများအပေါ် အာဃာတ များ ဆက်လက်ထား ရှိဆဲဖြစ် သည်ကို ညွှန်ပြနေပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအပေါ် ပြည်သူတို့၏ သံသယ စိတ်များပိုမို များပြားလာမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးသည် မြန်မာနိုင်ငံရှိ ပြည်သူအားလုံးက လိုလားတောင်း ဆိုနေသာ အကြောင်းအရာတခုဖြစ်ပြီး နိုင်ငံတကာမှလည်း လိုလားတောင်းဆိုလျှက်ရှိပေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်းကို ထောက်ပြပြောဆိုသွားပါသည်။
ထို့ကြောင့် အမျိုးသားရင်ကြားစေ့ရေးအတွက်၊ အဆင်ပြေချောမွေ့စွာ အာဏာလွှဲပြောင်းရေးအတွက် ပြည်သူများ မျှော်လင့်တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် နိုင်ငံရေးအရ အမှုရင် ဆိုင်နေရသူ အားလုံးကို အမြန်ဆုံးလွှတ်ပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂၈ ၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂၅၃ ဝ၈၄၄၀

 

အကျဉ်းသား ၁၀၂ ဦးလွတ်ပေးခြင်းအပေါ် သဘောထားကြေညာချက်ထုတ်ပြန်ချက်အပြည်အစုံဒေါင်းလော့ရယူရန်

52-Released-list-last-Updated-on-22-Jan-2016-Engယနေ့လွတ်မြောက်သူများစာရင်း (အင်္ဂလိပ်)

Released list 52 (bur) 22 Jan 2016   ယနေ့လွတ်မြောက်လာသူများစာရင်း (မြန်မာဘာသာ)