ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေး (Penal Reform)

AAPP New Letterhead

စာတမ်း
အနှစ်ချုပ်
မြန်မာ့သမိုင်းမှတ်တမ်းများတွင် ထူးခြားမှုအဖြစ် ထင်ကျန်ရစ်ခဲ့မည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲကြီးမှတဆင့် ၂၀၁၆ ခုနှစ် မတ်လကုန်မှ စပြီး နိုင်ငံတော်အစိုးရတာဝန်ကို ထမ်းဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တာဝန်အပ်နှင်းတော့မည်ဖြစ်သည်။

ထို့အတွက်ကြောင့် အစိုးရသစ်အနေနဲ့ ဦးသိန်းစိန် အစိုးရက စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်သော ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ခုအပါအဝင် အခြားသော လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။

လက်ရှိအစိုးရနှင့် တပ်မတာ်အနေဖြင့် လက်ရှိပြုလုပ်နေသော ဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လက်နက်ဖြုတ်သိမ်းရေး၊ အင်အားလျှော့ချရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လူ့အဖွဲ့အစည်းအတွင်း အဆင်ပြေပြေ ပြန်လည်ဝင်ရောက်နိုင်ရေး ဆိုသည်များကို ဦးတည်နေသကဲ့သို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖက်မှလည်း ကျယ်ပြန့်သည့် တနိုင်ငံလုံးဆိုင်ရာ လုုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Security Sector Reform) လုပ်ဆောင်လို်ကြောင်း ပြောဆိုထားပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သော လုုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR)နှင့် တဆက်တစပ်တည်းဖြစ်သော (Penal Syetem) ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်အား သုံးသပ်ပြင်ဆင်ရန်လည်း ထည့်သွင်းဆွေးနွေးပေးပါရန် တိုက်တွန်းလိုပါသည်။

အေအေပီပီ အနေဖြင့် အကျဉ်းထောင်၊ အကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ ကိစ္စများကို တစို်က်မတ်မတ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ အကျဉ်းထောင်များအခြေအနေ၊ အကျဉ်းထောင်များ ဥပဒေ၊ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်နှင့် လုုံခြုံရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးတိုု့အား သုုတေသန ပြုလုုပ်ခဲ့ပြီး ဖြစ်ပါသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်များအပေါ် မူတည်ပြီး ပြစ်ဒဏ်စီရင်သောစနစ်ကို မည်သည့်အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းသင့်သည်ကို အကျိုးအကြောင်းနှင့် ဖေါ်ပြအပ်ပါသည်။

နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်တွင် (Penal Reform) ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကို ထည့်သွင်း ဆွေးနွေးပြုပြင်ခြင်းအားဖြင့် ရေရှည်တွင် လူထုလုံခြုံမှု အားကောင်းလာခြင်း၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာခြင်းနှင့် တရားဥပဒေ စိုးမိုးမှု အားကောင်းလာခြင်းတို့ တိုးတက်လာပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အားလည်း ပိုမိုအကျိုးဖြစ်ထွန်းလာစေမည်ဟု မိမိတို့၏ သုတေသန လေ့လာတွေ့ရှိချက်များမှ ညွှန်ပြနေပါသည်။

ထို့အပြင် မူဝါဒ ချမှတ်ခြင်းများ ဆောင်ရွက်ရာတွင် သက်ဆ်ိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိသော အရပ်ဖက် အဖွဲ့အစည်းများအားလည်း ပါဝင်ခွင့်ပေးသင့်ကြောင်းကိုလည်း တိုက်တွန်းလိုပါသည်။

နောက်ဆုံးအနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် အခြားပါဝင်ခွင့် မရသေးသော အဖွဲ့များကိုလည်း ဆက်လက်ဆွေးနွေးပြောဆိုပြီး နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပေးရန်သည် အရေးကြီးကြောင်း အေအေပီပီ အနေဖြင့် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။
မိတ်ဆက်

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များသည် လျှင်မြန်စွာ ပြောင်းလဲနေလျက်ရှိပါသည်။ မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနို်င်ခဲ့သော်လည်း အခြားသော အဓိကကျနေသေးသည့် တိုင်းရင်းသား လက်နက်ကို်င်တပ်ဖွဲ့များနှင့်မူ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရရှိခဲ့သေးပေ။ လက်မှတ်ရေးထိုးမထားသော အဖွဲ့များ အနေဖြင့် ၎င်းတို့ လက်မှတ်မရေးထိုးရခြင်း၏ အဓိက အကြောင်းမှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ကို မြန်မာအစိုးရမှ စေ့စပ်ဆွေးနွေးရေး ညှိနိူင်းမှုများတွင် ချန်လှပ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။

ယခု စာတမ်းရေးနေချိန်တွင် မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ရပ်တန့်နေပြီး မြန်မာအစိုးရသည် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများနှင့် ၂၀၁၆ ခုနှစ် ဇန္နဝါရီလ (၁၂) ရက်တွင် ကျင်းပမည့် နိုင်ငံရေးမူဘောင်များ ချမှတ်ရေး ညီလာခံအတွက်သာ ဦးတည်ဆောင်ရွက်နေပါသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်ဖြင့် အနိုင်ရရှိလိုက်သောကြောင့် နောင် (၅) နှစ်အတွက် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်သော အခြေအနေ ဖြစ်လာပါသည်။ အစိုးရသစ်အနေဖြင့် ၂၀၁၆ မတ်လ ကုန်မှ စတင်၍ အသက်ဝင်မည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးမူဘောင်ရေးဆွဲရေး ကိစ္စရပ် အပါအဝင် မြောက်မြားစွာသော စိမ်ခေါ်မှုများကို ရင်ဆိုင်ရပေမည်။

နို်င်ငံရေးမူဘောင် ဆွေးနွေးပွဲများတွင် လက်ရှိအစိုးရနှင့် တပ်မတော်ဖက်မှ တိုင်းရင်းသားလက်နက်ကို်င် တပ်ဖွဲ့များအား လက်နက်ဖြုတ်သိမ်းရေး၊ အင်အားလျှော့ချရေး၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး တို့ကို ဦးတည်နိုင်သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖက်ကမူ တနိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (SSR) များကို ထည့်သွင်းဆွေးနွေးချင်သည်ဟု ထုတ်ဖော်ပြောကြားထားပါသည်။

အကျဉ်းထောင် ဆိုုင်ရာကိစ္စများကို အထူးပြုလုပ်ကိုင်နေသော မိမိတို့ အနေဖြင့် အစိုးရအား အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စများဆွေးနွေးရာတွင် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ်ကို သုုံးသပ်ပြင်ဆင်ရန် အရေးကြီးသည်ဟု ထောက်ပြလိုပြီး ထိုသို့ဆွေးနွေးရာတွင်လည်း အရပ်ဖက်လူ့အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသင့်ကြောင်း အကြံပြုလိုပါသည်။

ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်သည် နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်း တခုဖြစ်သော်လည်းဘဲ အင်မတန်မှ ခက်ခဲသိမ်မွေ့သော အလုပ် ဖြစ်သောကြောင့် နိုင်ငံရေးသမားများနှင့် အခြားသော အဖွဲ့အစည်းများကလည်း ထိုအချက်ကို ထည့်သွင်းစဉ်းစားခြင်း ပြုလေ့မရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့ ထည့်သွင်းမစဉ်းစားရခြင်း၏ နောက်တချက်မှာ အစိုးရများအနေဖြင့် ပြစ်မှုဆိုင်ရာစနစ် ပြောင်းလဲရေး လုပ်မည်ဆိုလျှင် နို်င်ငံတော်၏ ဘတ်ဂျက်အမြောက်အမြားကို သုံးစွဲရမည်ဖြစ်သောကြောင့် ထိုဘတ်ဂျက်အား အကျဉ်းထောင်၊ အကျဉ်းသားများအတွက် အသုံးပြုမည့်အစား အခြားသော ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး စသည်တို့အတွက် သုံးစွဲသင့်သည်ဟု ထင်မြင်သောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ဤစာတမ်းပါ အချက်အလက်များကို အသေအချာ သုံးသပ်ကြည့်မည်ဆ်ိုလျှင် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် နိုင်ငံတော်ဘတ်ဂျက် အမြောက်အမြား ကုန်ကျနိုင်သော်လည်း လူ့အဖွဲ့အစည်း လုံခြုံရေးအတွက် များစွာအထောက်အကူပြုသည် ဆိုသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

မကြာသေးမီက မြန်မာအစိုးရသည် ၁၈၉၄ ခုနှစ်ကတည်းက ပြဌာန်းခဲ့သော ခေတ်မမှီတော့သည့် မြန်မာနိုင်ငံအကျဉ်းထောင် ဥပဒေအား အစားထိုးရန်အတွက် အကျဉ်းထောင်များဥပဒေကြမ်းအား ရေးဆွဲထုတ်ပြန် ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အစိုးရသည် အကျဉ်းထောင်စနစ်အား ပြန်လည်ပြုပြင်ရန် အာရုံစိုက်လာသည် ကိုတွေ့ရှိရပါသည်။

အဆိုပါ ဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ ဤစာတမ်းအနေဖြင့် အကျဉ်းထောင်စနစ်ပြုပြင်ရေးကို နိုင်ငံလုံးဆိုင်ရာ လုုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး မူဘောင်အတွင်းမှ ထည့်သွင်းစဉ်းစားပေးရန် တင်ပြခြင်းဖြစ်ပြီး၊ နိုင်ငံလုံးဆိုင်ရာ မူဘောင်ဆွေးနွေးပွဲတွင်လည်း တဦးချင်းစီ၏ အခွင့်အရေးများနှင့် အများပြည်သူ လုံခြုံရေးတို့အား အာမခံပေးနို်င်သော ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ကို ထည့်သွင်းဆွေးနွေးရန် တိုက်တွန်းပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အနေဖြင့် အကျဉ်းထောင်စနစ်နှင့် အခြေအနေ အရပ်ရပ်များကို သိရှိနိုင်ရန် အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် အကျဉ်းထောင်ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းပြီး သုတေသနပြု မှတ်တမ်းတင်ခဲ့ပါသည်။

၎င်းအပြင် အခြားသော နိုင်ငံများမှ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်အား မည်သို့မည်ပုံ ပြုလုပ်ခဲ့သည်ကို သေသေချာချာ လေ့လာမှု ပြုခဲ့သည့်အပြင် နိုင်ငံတကာမူဝါဒရေးရာ အကြံပြုချက်များ၊ ပညာရပ်ဆိုင်ရာ အရင်းအမြစ်များကို သုတေသန ပြုခဲ့၍ မြန်မာနိုင်ငံအတွက် သင့်တော်သော စနစ်ကို အဆိုပြုခြင်း ဖြစ်ပါသည်။

မိမိတို့ အနေဖြင့် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွင် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ပြောင်းလဲခြင်းကလည်း အရေးကြီး ကဏ္ဍအဖြစ် ထည့်သွင်းစေချင်သည့်အပြင် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်လာစေရေး ဖြစ်ပါသည်။ အားလုံးပါဝင်သော နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲ ဖြစ်မှသာလျှင် ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလာဒ်သည် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သော နိုင်ငံသားအားလုံးအတွက် အကျိုးသက်ရောက်မှု ရှိစေမည့် မှန်ကန်သော ရလာဒ်များ ဖြစ်လာနိုင်ပေမည်။

ဤစာတမ်း၏ ပထမ အပိုင်းအနေဖြင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ်လုပ်ဆောင်ရာတွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများနှင့် အဓိက ပါဝင်ပတ်သက်နေသည့် သက်ဆိုင်သူများကို အလေးထားဖော်ပြသွားမည်ဖြစ်သည်။

ဒုတိယပိုင်းအနေဖြင့် နိုင်ငံတော်လုံခြုံရေးစနစ် ပြောင်းလဲရာတွင် ပြစ်ဒဏ်ပေးခြင်းဆိုင်စနစ် ပြောင်းလဲခြင်း၏ အရေးပါမှုကို ဆွေးနွေးတင်ပြပါမည်။

တတိယပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အကြောင်းအရာများနှင့် ပတ်သက်ပြီး လုုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ ရူထောင့်မှနေ၍ ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။

ဖေါ်ပြပါ ဆွေးနွေးချက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများသည် ပဲရစ် ဥပဒေသများ၊ နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ကဲ့သို့သော နိုင်ငံတကာ စာချုပ်စာတမ်းပါ အချက်များနှင့် မည်မျှ ကိုက်ညီမှုရှိသည် မရှိသည်ကို တွေ့ရှိမည်ဖြစ်သည်။

ဤစာတမ်း၏ နိဂုံးပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေးအတွက် နောက်ဆုံး လေ့လာတွေ့ရှိချက်များကို ဆန်းစစ်တင်ပြမည် ဖြစ်ပြီး မိမိတို့၏ တိုက်တွန်းအကြံပြုချက်များ တင်ပြသွားမည်ဖြစ်ပါသည်။

လုုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာ ပဋိပက္ခအလွန် ပြဿနာများကို အဖြေရှာရန်နှင့် ရေရည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာမခံချက် ရှိစေရန်အတွက် အဓိကဖြစ်သည်။

နိုင်ငံတွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းစဉ်များကို များစွာထိခိုက်စေပါသည်။ ထိုကဲ့သို့ လုံခြုံမှု ကင်းဝေးသော ဒေသများတွင် နေထိုင်ရသူများအနေဖြင့် ထိုစနစ်၏ ဒုက္ခများကို ခါးစည်းခံရလေ့ရှိသည်။ အထူးသဖြင့် မိန်းကလေးများ၊ ကလေးများ၊ ဆင်းရဲသားများအနေဖြင့် ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပါသည်။

ကုလသမဂ္ဂမှ လုုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်းကို ဖွင့်ဆိုရာတွင် တရားဥပဒေစိုးမိုးမှု ရှိစေရေးနှင့် လူ့အခွင့်အရေး စံချိန်စံနူန်းများအား အပြည့်အဝ လေးစားပြီး ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် အစရှိသဖြင့် ခွဲခြားမှုမရှိဘဲ လူတိုင်းတန်းတူ ခံစားခွင့်ရနိုင်ရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်နိုင်ရေးအတွက် ပွင့်လင်းမြင်သာသော၊ ထိရောက်သော လုံခြုံရေး အစီအမံများကို ချမှတ်ထားသည့်အတိုင်း အကောင်အထည်ဖေါ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အောင်မြင်မှု ရှိ/မရှိ ဆုံးဖြတ်ခြင်း တိုု့အား (အစိုးရမှ) စောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်း ဖြစ်သည်ဟု ဆိုထားပါသည်။

SSR နှင့် ပတ်သက်ပြီး နိုင်ငံတနိုင်ငံနှင့် တနိုင်ငံ ယူဆပုံခြင်းမှာ တူညီနိုင်မည် မဟုတ်သဖြင့် ၎င်းဖြစ်စဉ်တွင် ပါဝင်နေသော ဖြစ်စဉ်များမှာလည်း ထပ်တူကျမည်မဟုတ်နိုင်ပါ။ ထို့ကြောင့် နိုင်ငံချင်းအလိုက် SSR ဖြစ်စဉ်များကို သီးခြားရေးဆွဲရပေမည်။ သို့သော်လည်း SSR ကိုပုံဖော်ရာတွင် အချို့သော စည်းမျဉ်းစည်းကမ်းများမှာ နိုင်ငံကွဲပြားသော်လည်း ဘုံတူညီချက်များ ရှိကြပါသည်။

၁။ SSR ကို အကောင်အထည်ဖေါ်ရာတွင် ပြည်သူကို ဗဟိုပြုချဉ်းကပ်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော သက်ဆိုင်သူအားလုံးက ပါဝင်၍ သဘောတူ ရေးဆွဲထားသော လုပ်ငန်းစဉ်ဖြစ်ရမည်။
၂။ SSR သည် တိုင်းပြည်၏ လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန်အတွက် ဖြစ်ပါသည်။ အရေးကြီးသည်မှာ များပြားလှသော လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေသုံးစွဲခြင်း ဖြစ်ပေသည်။
၃။ SSR ဖြစ်စဉ်ကို အကောင်အထည်ဖေါ်ရာတွင် အစိုးရဖက်မှ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တရားရေးဆိုင်ရာနှင့် စောင့်ကြည့်လေ့လာရေးဆိုင်ရာ အဖွဲ့အစည်းများ စသည်ဖြင့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သင့်ပါသည်။ ထိုသို့ ပါဝင်မှသာ ပဋိပက္ခအလွန် နိုင်ငံများတွင် ဖြစ်လေ့ရှိသော အဓိက ပြဿနာများကို တားဆီးနိုင်မည် ဖြစ်ပေသည်။
၄။ SSR ကို ပြည်သူများအားလုံးအတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသော လုံခြုံရေး အစီအစဉ် ဖြစ်လာစေရန် ဆောင်ရွက်သင့်သည်။
၅။ အောက်ဖေါ်ပြပါ အချက် ၃ ချက်သည် ကောင်းမွန်ပြီး အလုပ်ဖြစ်သော လုံခြုံရေးစနစ် တည်ဆောက်ရာတွင် အသုံးပြုရမည့် အချက်များဖြစ်ပါသည်။
(က) နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် ဆွေးနွေးသဘောတူထားသော သဘောတူညီချက်များနှင့် အလုပ်ဖြစ်နိုင်သော ပေါ်လစီ မူဘောင်များ၊

(ခ) မည်သည့်တာဝန်များ ထမ်းဆောင်ရမည်ကို တိတိကျကျ သိရှိထားသော လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ၎င်းတို့ကိုစောင့်ကြည့်နိုင်သော အဖွဲ့အစည်းများ

(ဂ) ခိုုင်မာတောင့်တင်းသော လုုံခြုံရေးဆိုုင်ရာ ယန္တယားများ ပေါ်ပေါက်လာစေရန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဖက် စောင့်ကြည့်ရေး အဖွဲ့များအတွက် ကျယ်ပြန့်သော စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ချက် (လုုပ်ငန်း) များ

SSR ကိစ္စ အောင်မြင်စေရန်အတွက် လုံခြုံရေးကဏ္ဍမှာ တာဝန်ရှိသော၊ လုံခြုံရေးဆိုင်ရာကိစ္စများ တာဝန်ထမ်းဆောင်နေသော အဖွဲ့အစည်းပေါင်းစုံမှ ပါဝင်ရပေမည်။ ထိုသို့ပါဝင်မှသာလျှင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော သူတို့အမြင်များကို ပြောင်းလဲစေနိုင်ပြီး လိုအပ်သော အရည်အသွေးမြှင့်တင်ခြင်းများကို လုပ်ဆောင်နိုင်ပေမည်။ ပါဝင်သင့်သော အဖွဲ့များမှာ-

(၁) လုံခြုံရေးပိုင်ဆိုင်ရာမှ အဓိကကျသော ဇာတ်ကောင်များ ။ ။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့၊ လုံခြုံရေးဆိုင်ရာ အေးဂျင့်များ(ပုဂ္ဂလိက)၊ နယ်ခြားစောင့်တပ်များ၊
(၂) လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်သော အဖွဲ့အစည်းများ။ ။ဥပမာအားဖြင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့များ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းများ၊ ထုံးတမ်းစဉ်လာနှင့် ရှေးရိုးအစဉ်အလာအရ တာဝန်ရှိသူအကြီးအကဲများ၊ အရပ်ဖက်အဖွဲ ့အစည်းများ၊
(၃) တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားရသော အဖွဲ့အစည်းများ။ ။ တရားရေးဌာနမှ တာဝန်ရှိသူများ၊ အကျဉ်းထောင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများ (ထောက်လှမ်ရေးဌာနများ)၊ ဓလေ့ထုံးတမ်းဆိုင်ရာ တရားစီရင်ရေး မှ တာဝန်ရှိသူများ၊
(၄) အစိုးရမှ တရားဝင် အသိအမှတ်ပြုခြင်း မခံထားရသော အဖွဲ့အစည်းများ။ ။ လွတ်မြောက်ရေးတပ်ဖွဲ့များ (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ)၊ ပြည်သူ့စစ်များ (သို့) နိုင်ငံရေးပါတိများမှ ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ဖွဲ့များ၊ ပုဂ္ဂလိ်က လုံခြုံရေးအေဂျင်စီများ၊
SSR ၏ အဓိက အနှစ်သာရ သည် လုံခြုံရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်သူ ပုဂ္ဂိုလ်များအားလုံးအကြား ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်အောင် တည်ဆောက်ပေးနိုင်သော ပေါ်လစီနှင့် အုပ်ချုပ်ရေး ယန္တယား ဖြစ်ပါသည်။ SSR သည် ပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့ထက် တဖြည်းဖြည်းနှင့် ရေရှည်တွင် အောင်မြင်မှု ရရှိစေရန် ဖြစ်ပါသည်။ SSR သည် လူ့အခွင့်အရေးစံချိန်စံနူန်းများကို ဗဟိုပြုပြီး တိုင်းပြည်တွင်း နေထိုင်သော လူတစ်ဦးချင်းစီ ၏ လုံခြုံစိတ်ချစွာ နေနိုင်ရေး နှင့် တိုင်းပြည်၏ လုံခြုံရေး (အချုပ်အခြာအာဏာ) ကို ကာကွယ်ရန် ဖြစ်ပါသည်။
ဤစာတမ်းတွင် ပါရှိသော ပြစ်ဒဏ်ပေးခြင်းစနစ် ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ SSR ရူထောင့်မှနေပြီး အကျဉ်းထောင်တွင်းရှိ အကျဉ်းသားများအား လူတစ်ဦးချင်းအနေဖြင့် စဉ်းစားပြီး ထိုသူများကိုလည်း ပြုပြင်ပြောင်းလဲရေး ၏ အရေးကြီးအစိတ်အပိုင်းအဖြစ် စဉ်းစားရန်ကို ဆိုလိုပါသည်။
ပြစ်ဒဏ်စီရင်ရေးဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲတည်ဆောက်ခြင်း

တိုင်းပြည်တပြည်တွင် ကောင်းမွန်မှန်ကန်သော ပြစ်ဒဏ်စီရင်ရေးဆိုင်ရာ စနစ်တရပ်ကို တည်ဆောက်နိုင်ပြီဆိုလျှင် ထိုနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော လူတဦးချင်းဆီကို ကောင်းကျိုးများ သက်ရောက်စေပြီး ထိုမှတဆင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးအခြေအနေ ကောင်းမွန်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအကျဉ်းသားများသည် အနှေးနှင့် အမြန် သူတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းတွင်းသို့ ပြန်လည်ဝင်ရောက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

SSR သည် ဘက်ပေါင်းစုံမှ ချဉ်းကပ်ရသည် ဖြစ်၍ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် အစိုးရကဏ္ဍ အသီးသီး ကိုသာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း ပစ်မှတ်ထား ပြုပြင်ပြောင်းရပေမည်။

ဥပမာ။ ။ ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်သည် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ်နှင့် တိုက်ရိုက်နီးပါး ပတ်သက်နေပါသည်။ ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်မှ ချမှတ်လိုက်သော ပြစ်ဒဏ်သည် အကျဉ်းသားများအား မည်သို့မည်ပုံ ဆက်ဆံရမည်ကို ပြဌာန်းလိုက်ခြင်းပင် ဖြစ်ပါသည်။

ထိုနည်းတူ လွှတ်တော်မှ ချမှတ်လိုက်သော ဘတ်ဂျက်နှင့် ရာဇဝတ်မှုဆိုင်ရာ မူဝါဒများသည်လည်း ဆက်စပ်နေပါသည်။
အထူးသဖြင့် ပဋိပက္ခအလွန် နိုင်ငံများအနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်နိုင်သည်ဖြစ်စေ၊ ရုန်းမထွက်နိုင်သည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကို ပြောင်းလဲခြင်းအားဖြင့် အကျိုးသက်ရောက်မှုများစွာ ရရှိနိုင်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများကို ခါးစည်းခံခဲ့ရပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးရန် ကြိုးစားနေသော မြန်မာနိုင်ငံလိုမျိုးတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကို ပြောင်းလဲလိုက်နိုင်လျှင် အစိုးရ၏ ဦးတည်ချက်ကို လူထုက ပိုမို ယုံကြည်လာစေပါမည်။

မြန်မာနိုင်ငံတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖိနှိပ်ရေးပုံစံအဖြစ်သာ အသုံးပြုနေ သည်ကိုတွေ့ရှိရပါသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသည် နိုင်ငံရေးသမားများအတွက်မူ အစိုးရနှင့် နိုင်ငံရေးခံယူချက် မတူသူမျုားအား နှိပ်ကွပ်ရာစခန်းများအဖြစ် တည်ရှိနေပြီး ထိုသို့နှိပ်ကွပ်မှုသည် စစ်အစိုးရ အုပ်ချုပ်ရေး၏ ပြယုဂ်လည်းဖြစ်ပါသည်။ စစ်အစိုးရ လက်အောက်တွင် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများသည် မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံရခြင်း နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းများကို ခံခဲ့ရသည်။

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကိုပြောင်းလဲသည်ဆိုသည်မှာ ထိုပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်၏ အစိတ်အပိုင်းများ ဖြစ်သော တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ တရားဥပဒေကို ကာကွယ်ပေးနေသော အဖွဲ့များကို ပြုပြင်ပြောင်းလဲခြင်းနှင့် မူဝါဒ ချမှတ်ပေးနိုင်သော အဖွဲ့များကိုပါ ပြောင်းလဲခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပါမှလည်း အစိုးရ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု ကို ပြသရာရောက်ပါမည်။

ထိုသို့ပြုပြင်ပြောင်းလဲခြင်းအားဖြင့် အစိုးရ၏ တရားဝင်မှု ကို မြင့်တက်စေပြီး လူတဦးချင်း၏ လုံခြုံရေးနှင့် လူ့အခွင့်အရေး အခြေအနေကိုလည်း အကျိုးကျေးဇူးရှိမည် ဖြစ်သည်။

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်အား ပြုပြင်ပြောင်းလဲရာတွင် ဘက်ပေါင်းစုံ ချဉ်းကပ်မှုမှာ အလွန်အရေးကြီးပြီး ထိုသို့ပြုလုပ်မှသာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးသက်ရောက်မှု ရှိပါမည်။ ဥပမာ – ဇယား (၁) တွင်ဖော်ပြထားသော အယ်ဘေးနီးယား နိုင်ငံဖြစ်စဉ်ကို ကြည့်ပါ။

တကယ်စစ်မှန်သော ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကို ပြုပြင်ပြောင်းလဲနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက် လုံခြုံရေးနှင့် အေးချမ်းရေး အတွက်သာပင်မကဘဲ အခြားသော အကျိုးကျေးဇူးများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

လူတယောက်ကို ထောင်သွင်းအကျဉ်းကျခြင်းအားဖြင့် ထိုလူနှင့် သူ၏ မိသားစု စီးပွားရေးကို ထိခိုက်စေရုံမက ထိုမိသားစု နှင့် လူ့အသိုင်းအဝန်းကြားတွင် တည်ရှိနေသည့် ညီညွတ်မှုကိုလည်း ထိခိုက်စေပါသည်။ ထို့အပြင် အကျဉ်းကျခံရသူ အနေဖြင့် သူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကိုလည်း ထိခိုက်နိုင်သည့်အတွက် ပြည်သူ့ကျန်းမာရေး ရူထောင့်မှလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသေးသည်။ တဖက်တွင်လည်း လူတယောက်ကို ထောင်သွင်းအကျဉ်းချလိုက်ခြင်း အားဖြင့် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ငွေကြေး မည်၍မည်မျှ ကုန်မည်ဆိုသည်ကို ခန့်မှန်းရန် ခက်ခဲသည့်အပြင် ရေရှည်တွင် မည်မျှ ကုန်သည်ကိုလည်း ခန့်မှန်းရ ခက်သောကြောင့် ထောင်သွင်း အကျဉ်း ကျခံစေခြင်းသည် အလွန်မှပင် ကုန်ကျစားရိတ် ကြီးမားစေပါသည်။

အထက်ဖော်ပြပါ အခက်အခဲများသည် ဖွံ့ဖြိုးတိုးတက်ဆဲ နို်င်ငံများတွင် ရင်ဆိုင်ရလေ့ရှိပြီး လူ့အဖွဲ့အစည်း၏ ကျန်းမာရေး နှင့် စီးပွားရေး ကိုထိခိုက်စေသည့်အပြင် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုလည်း ထိခိုက်စေပါသည်။

၁) အယ်ဘေးနီးယားနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ပြောင်းလဲခြင်း

အယ်ဘေးနီးယားနိုင်ငံ၏ ကွန်မြူနစ်အစိုးရ လက်အောက်တွင် အကျဉ်းထောင်များသည် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ဖိနှိပ်ရန်အတွက် အသုံးပြုခဲ့သော ဖိနှိပ်ရေးစခန်းများသာဖြစ်ခဲ့သည်။ သို့သော်လည်း ဥရောပသမဂ္ဂ၏ ဖိအားပေးမှုများကြောင့် အကျဉ်းထောင်စနစ်အား နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် Blitz (ဘလစ်ဇ) ဆိုသူ ပြုစုခဲ့သော အစီရင်ခံစာတွင် ဥရောပသမဂ္ဂ သည် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး တခုတည်းကိုသာ ဇောင်းပေးခဲ့ပြီး အခြားသော ပြုပြင်ပြောင်းလဲမှုများနှင့် မဆက်စပ်ခဲ့သည့်အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ပြီး ၁၂ ခန့်သာကြာခဲ့သော်လည်း အယ်ဘေးနီးယား အကျဉ်းထောင်များတွင် နှိပ်စက်ညှဉ်းပန်းမှုများ၊ လူသားမဆန်စွာ ဆက်ဆံခံနေရခြင်းများ ယနေ့ထက်ထိတိုင်အောင် ရှိနေသေးသည်ဟု ဖော်ပြထားပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိက အားနည်းချက်မှာ အကျဉ်းထောင်စနစ် ကို ဒီမိုကရက်တစ် အုပ်ချုပ်ရေး အစိတ်အပိုင်းအဖြစ် ထည့်သွင်းမစဉ်းစားခဲ့ခြင်းပင် ဖြစ်ပါသည်။ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရာတွင် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မလုပ်ခဲ့ခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မလုပ်ခဲ့ခြင်းတို့ ပါဝင်ပါသည်။ ထို့မှဆက်၍ တရားမျှတမှုမရှိသော စနစ်အား စောင့်ကြည့်နိုင်သော အဖွဲ့အစည်းများ မရှိခြင်း၊ မတရားသဖြင့် နှိပ်စက်ခံရခြင်း ရှိ/မရှိ စောင့်ကြည့်နိုင်သော အဖွဲ့အစည်းများ မရှိခြင်း တို့လည်း ပါဝင်နေခဲ့ပါသည်။

အထက်ပါ အယ်ဘေးနီးယား ဥပမာကို ကြည့်ခြင်းအားဖြင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် (Penal System) ပြုပြင်ပြောင်းလဲခြင်းသည် တခုတည်း ပြုလုပ်၍ မရဘဲ အခြားဆက်စပ်နေသော အရာများကိုပါ ပြုပြင်ပြောင်းလဲရသည်ကို တွေ့ရှိရပါသည်။
(Blitz, B. K. (2008). Post-socialist Transformation, Penal Reform and Justice Sector Transition in Albania. Southeast European and Black Sea Studies, 8:4, pp. 345-364, DOI: http://dx.doi.org/10.1080/14683850802556376)

ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် ပြောင်းလဲခြင်း ဆိုသည်မှာ အထက်တွင်ဖော်ပြခဲ့သလို ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းထောင်တွင်း ထည့်သွင်းထားလိုက်ခြင်းသာ မဟုတ်ပါ။ ဤစနစ်သည် ဖမ်းဆီးခြင်း၊ ရုံးတင်စစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း နှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းခြင်း စသည်ဖြင့် အဆင့်များကို ပေါင်းစည်းဖြေရှင်း ရမည်ဟု ဆိုလိုသည်။ ထို့ကြောင့် ဤစနစ်ကို အကောင်အထည်ဖော်ရာတွင် သီးခြားစီ လုပ်ဆောင်၍ မရပဲ တခုနှင့်တခု အပြန်အလှန် ဆက်စပ်ပြီး အချိတ်အဆက်မိမိ လုပ်ဆောင်ရမည် ဖြစ်သည်။

အဆင့်တိုင်း အဆင့်တိုင်းတွင်လည်း လူတစ်ဦး တယောက်အား အကျဉ်းထောင်တွင်း ထည့်ထားခြင်းမှ ရှောင်ရှားနိုင်သော အခွင့်အလမ်းများလည်း ရှိနေပါသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆကာ ဖမ်းဆီးထိမ်းသိမ်းခံရပြီး တရားစွဲဆိုခြင်းခံရသူ အားလည်း တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် အပြစ်ပေးခြင်း မခံရမီ အချိန်ထိ အပြစ်ကင်းစင်သူအဖြစ် သတ်မှတ်ပြီး အပြစ်မရှိကြောင်း လျှောက်လဲခွင့်နှင့် မလိုအပ်ဘဲ ချုပ်နှောင်ခြင်းခံရမှု ကင်းလွတ်အောင်လည်း ဆောင်ရွက်ပေးထားရမည်။

ပြစ်မှုထင်ရှားသောကြောင့် လွတ်လပ်သော တရားရုံးမှ ပြစ်ဒဏ်ချမှတ်ပြီး ထောင်သွင်းအကျဉ်းကျခြင်း ခံရသူ အတွက်လည်း အကျဉ်းထောင်တွင်း ပြန်လည်ပြုစုပျိုးထောင်ရေး အစီအစဉ်ကို အောင်မြင်စွာ လုပ်ဆောင်ပေးပြီး ပြန်လွတ်လာသောအခါ လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုနိုင်သော အဆင့်ရောက်အောင် ထောက်ပံ့ပေးထားရန် လိုအပ်ပါသည်။

အမှန်တကယ် ကောင်းမွန်သော ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် ဆိုသည်မှာ လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို ရုပ်သိမ်းလိုက်ပြီး အကျဉ်းချလိုက်ခြင်းဆိုသည်ကို လူ့အသိုင်းအဝန်း၏ လုံခြုံရေးကိုထိခိုက်မှသာ နောက်ဆုံးအဆင့် အနေဖြင့် အသုံးပြုပါသည်။

လူတစ်ဦးတယောက် အားဖမ်းဆီးချိန်မှ စတင်ပြီး အမှုစစ်ဆေးဆဲ ကာလနှင့် အမိန့်ချမှတ်ပြီး ကာလအတွင်း ထိုသူ၏ လုံခြုံရေး ကိစ္စအပါအဝင် အားလုံးကို တာဝန်ယူ အာမခံပေးရမည်ဖြစ်သည့်အတွက် ဤလုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်နေသော သူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

ပဋိပက္ခအလွန်ကို ကျော်ဖြတ်နေသော မြန်မာနိုင်ငံအနေဖြင့်လည်း ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် အထက်တွင် ဖော်ပြခဲ့သော အခက်အခဲများကို ကြုံတွေ့ရမည်ဖြစ်ပါသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် ယခင်အဟောင်းအားလုံးကို ဖယ်ရှားပစ်ရမည်ဟု မဆိုလိုပါ။ ပြုပြင်ပြောင်းလဲရေး လုပ်သည်ဆိုသည်မှာ ဥပဒေပြုသူမျုားအနေဖြင့် သူတို့လိုချင်သည်များကို ဖြည့်စွက်ရသည့် (သို့မဟုတ်) အသစ်ထည့်ချင်တိုင်း ထည့်လို့ရသည့် အရာ မဟုတ်ပါ။

တည်ဆဲဖြစ်နေသော အဖွဲ့အစည်းများနှင့် ဖွဲ့စည်းပုံများသည် တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ခိုင်ခိုင်မာမာ ရှိနေပြီးဖြစ်ရာ ထိုအရာများသည် ပြုပြင်ပြောင်းလဲရေး အောင်မြင်စေရန်အတွက် အဓိကကျသော သော့ချက်များ ဖြစ်ပါသည်။ ထိုအချက်များပေါ် မူတည်၍ မည်သို့ပြောင်းလဲရမည်ကို စဉ်းစားရမည်ဖြစ်သည်။

ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ပြောင်းလဲရာတွင် အားလုံးပါဝင်သင့်သည် ဟုဆိုရခြင်း၏ အဓိက အကြောင်းမှာ ရံဖန်ရံခါတွင် တိုင်းရင်းသား အဖွဲ့အစည်းများဆောင်ရွက်နေသော အငြင်းပွားဖွယ် (ပြဿနာများကို) ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံ နှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များသည် ဗဟိုအစိုးရ လုပ်ကိုင်နေသော လုပ်ငန်းစဉ်များထက် ပိုမိုကောင်းမွန်နေတတ်သောကြောင့် ဖြစ်ပါသည်။

ပြစ်ဒဏ်ပေးခြင်းဆ်ိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေးနှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (Penal Reform and SSR in Burma)

အကျဉ်းထောင် ဥပဒေသစ်

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်းပင် မြန်မာအစိုးရသည် ခေတ်မမှီတော့သော ၁၈၉၄ ခုနှစ်က ပြဌာန်းခဲ့သည့် အကျဉ်းထောင်များဥပဒေ ကို အစားထိုးရန် အကျဉ်းထောင်များဥပဒေကြမ်းအသစ်ကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့ပါသည်။ မြန်မာအစိုးရက အကျဉ်းထောင်များဥပဒေကြမ်းကို ထုတ်ပြန်လိုက်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်းကို ဦးတည်နေသော်လည်း အကျဉ်းထောင် ဥပဒေကြမ်းသည် ကုလသမဂ္ဂက ချမှတ်ထားသည့် အကျဉ်းသားများကို ဆက်ဆံရာတွင် လိုက်နာရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများနှင့်သော်၎င်း၊ အခြားသော နိုင်ငံတကာစံချိန်စံနူန်းများနှင့်သော်၎င်း ကိုက်ညီရန် လိုအပ်နေပါသေးသည်။

အစိုးရမှ ထုတ်ပြန်ထားသည့် အကျဉ်းထောင်ဥပဒေကြမ်းတွင် အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုအဆင့်အတန်း၊ ပညာရေးအခွင့်အလမ်းဆိုင်ရာကိစ္စရပ်များ၊ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများ၊ စောင့်ကြည့်သော လုပ်ငန်းစဉ်များ၊ နှိပ်စက်ညှဉ်းပန်းမှုကာကွယ်ရေးနှင့် တိုင်တန်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အလွန်ပင် အားနည်းနေပါသေးသည်။ အကျဉ်းထောင် ဥပဒေကြမ်းသည် အကျဉ်းသားတဦးချင်းစီ၏ အခွင့်အရေးထက် အကျဉ်းထောင် စီမံခန့်ခွဲရေးအပိုင်းနှင့် အကျဉ်းထောင်၏ အခြေခံအဆောက်အအုံအား ပြန်လည်မွမ်းမံရန် ပိုအလေးထားပုံ ပေါ်ပါသည်။ ဤသို့ချဉ်းကပ်မှုသည် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် အဟန့်အတား ဖြစ်စေပါသည်။

အကျဉ်းထောင် စီမံခန့်ခွဲမှုနှင့် အခြေခံအဆောက်အအုံအား ပြုပြင်ပြောင်းလဲလိုလျှင် နည်းပညာကိစ္စရပ်ဖြင့် ဖြေရှင်း၍ ရမည်မဟုတ်ပဲ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ် တခုလုံးကို တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရက်တစ် အုပ်ချုပ်ရေး တရပ်ပေါ်ထွန်းလာရေးအထိ စဉ်းစားရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ဤစနစ်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ ပါဝင်နိုင်စေရန် ရည်ရွယ်ရပါမည်။ ထိုသို့ပါဝင်ရမည့်သူများမှာ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ စောင့်ကြည့်ရေးအဖွဲ့များ၊ တရားရေးဆိုင်ရာအဖွဲ့များ၊ တရားဥပဒေကို လေးစားလိုက်နာစေရေးအတွက် တာဝန်ယူပေးရသောအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ယခု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရသေးသော အရပ်ဖက် အဖွဲ့အစည်းများ ဖြစ်ပါသည်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် နှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်တွင် ကျရောက်ခဲ့ရသော မြန်မာနိုင်ငံ၏ အုပ်ချုုပ်ရေး ပုံစံမှာလည်း စစ်ဖက်၊ အရပ်ဖက် ဆက်ဆံရေး နှစ်ခုအကြားရှိ ပဋိပက္ခကြောင့် ပိုမိုရူပ်ထွေးသွားစေပါသည်။ စစ်တပ်ဖက်မှလည်း တပ်မတော်သည်သာ ပထမ ဟူသော မူဝါဒကို ကိုင်စွဲထားပြီး အရပ်ဖက်မှလည်း ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ရန် တပ်မတော်၏ အခန်းကဏ္ဍကိုလျှော့ချမှ ဖြစ်မည်ဟု ယုံကြည်သည်။
အစိုးရအပေါ် စစ်တပ်၏ဩဇာလွှမ်းမိုးမှုသည် အစိုးရအတွက် စိမ်ခေါ်မှု တရပ်ဖြစ်ပေသည်။ ရေရှည်တည်ငြိမ်ရေးအတွက်မှာမူ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေး လုပ်သည်ဆိုရာတွင် လက်နက်ကိုင်တပ်ဖွဲ့များကို နိုင်ငံရေးဖြစ်စဉ်များတွင် မှန်ကန်၍ အကျိုးပြုသော နေရာများတွင် ပါဝင်နိုင်စေရန်သာ ဖြစ်ရမည်။ ဥပမာ – လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အစိုးရ၏ အရေးကြီးမူဝါဒ ချမှတ်မှုများနှင့် အကောင်အထည်ဖော်မှုများတွင် နည်းပညာ အကူအညီပေးနိုင်ခြင်း၊ တိုင်ပင်ခြင်းမျိုးများ ဖြစ်သည်။ သို့သော် အစိုးရ၏ နေ့တဓူဝ စီမံခန့်ခွဲမှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရပါ။ ထိုသို့ဆိုရာတွင် တပ်မတော် (လက်နက်ကိုင်တပ်ဖွဲ့များ)၏ အခန်းကဏ္ဍကို နိုင်ငံရေးဖြစ်စဉ်တွင် လုံးဝဖယ်ထုတ်ရမည်ဟု မဆိုလိုပါ။ မည်သည့်ပြုပြင်ပြောင်းလဲရေးတွင်မဆို တပ်မတော် (လက်နက်ကိုင်တပ်ဖွဲ့များ)၏ ပူးပေါင်းဆောင်ရွက်ကို လက်ကမ်းကြိုဆိုရမည် ဖြစ်ပြီး ဆန့်ကျင်ရန် မဟုတ်ပါ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း တပ်မတော်ကို လွှတ်တော်တွင်း ၂၅% အပ်နှင်းထားရာ မည်သည့် အရပ်သားအစိုးရပင်ဖြစ်ပါစေ တပ်မတော်နှင့် မဖြစ်မနေဆက်ဆံရမည့် အနေအထားကို အခြေခံဥပဒေက တွန်းပို့ထားပါသည်။ ထိုသို့ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် တပ်မတော်မှ အဓိကကျသော နေရာကို ချုပ်ကိုင်ထားပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် အာဏာခွဲဝေရေး ၃ ရပ် နှင့်ပတ်သက်ပြီး ဖော်ပြပါသည်။
ပုဒ်မ ၁၁(က)။ ။ နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို ့ပြုသည်။

အာဏာခွဲဝေရေးကို ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် တရားစီရင်ရေး အာဏာပိုင်များမှာ တသားတည်းနီးပါး ဖြစ်နေသောကြောင့် လွတ်လပ်သောတရားစီရင်ရေးမဏ္ဍိုင် ဖြစ်လာစေရန် မလွယ်ကူတော့ပါ။ ထို့အပြင် ဥပဒေစိုးမိုးရေး ဆောင်ရွက်ရမည့် အဖွဲ့အစည်းဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော် ၏ ထိမ်းချုပ်မှုအောက်တွင် ရောက်ရှိနေခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ တိုင်းပြည်၏ အဓိကကျသော ကဏ္ဍများဖြစ်သည့် လူတဦးချင်း၏ လုံခြုံရေးနှင့်ဆိုင်သော တရားရေးနှင့် ဥပဒေ စိုးမိုးရေးတို့ကိုပါ တပ်မတော်မှ ထိမ်းချုပ်ထားသောကြောင့် ပြည်သူများမှ ထိုကဏ္ဍများအပေါ်တွင် ယုံကြည်မှု အားနည်းသွားစေပါသည်။
ထို့အတွက်ကြောင့် တပ်မတော်အနေဖြင့် အထက်ဖော်ပြပါ ကဏ္ဍများကို (တရားစီရင်ရေး၊ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ၊ ဥပဒေစိုးမိုးရေးဆောင်ရွက်နေသော အဖွဲ့များ) အရပ်သား အစိုးရဖက်ကို လွှဲပြောင်းပေးရေးကို ညှိနိူင်းဆောင်ရွက်ရန်မှာ အရေးကြီးပါသည်။
နိုင်ငံတကာတွင်မူ အမှုရင်ဆိုင်ဆဲ အချုပ်သားများနှင့် အကျဉ်းထောင် စီမံခန့်ခွဲမှုတို့ကို တရားရေးဌာန လက်အောက်တွင် ထားရှိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ယခု စာတမ်းရေးနေချိန်အထိ တရားရေးဌာန မရှိသေးပေ။
ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနသည် စစ်ဖက်ဆိုင်ရာ အရာရှိများကို အသွင်ပြောင်းထားသူများက ဦးဆောင်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း အကျဉ်းဦးစီးဌာန၏ စီမံခန့်ခွဲမှုကို အရပ်သားဦးဆောင်သော ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ပေးရန် မဖြစ်မနေ လိုအပ်ခြင်း ဖြစ်ပါသည်။ သို့မှသာ အရပ်သားများ ဦးဆောင်သော အခြားဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများနှင့် အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်ပေမည်။
ထိုသို့ ပြောင်းလဲနိုင်မှသာ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်ကြောင့် ပြစ်ဒဏ်ကျခံနေရသူများအား ပြန်လည်ထူထောင် ရေးအတွက် ဝန်ဆောင်မှု ဖြစ်သော ကျန်းမာရေး၊ ပညာရေး ဆိုင်ရာကိစ္စများအတွက် ပိုမိုအထောက်အကူ ဖြစ်မည် ဖြစ်ပါသည်။
ပြစ်ဒဏ်စီရင်ခြင်း ဆိုင်ရာစနစ် ကိုပြုပြင်ပြောင်းလဲရာတွင် ဌာနဆိုင်ရာ တခုထဲနှင့် မလုံလောက်ဘဲ သက်ဆိုင်သော အဖွဲ့အစည်းပေါင်းပါဝင်သင့်ပါသည်။ ထိုပါဝင်သင့်သည့် အဖွဲ့ထဲတွင် ဘဏ္ဍာရေးနှင့်ဆိုင်သောအဖွဲ့ (သို့) ဝန်ကြီးဌာနလည်း ပါဝင်သင့်ပါသည်။ သို့မှသာ ဝန်ကြီးဌာန အလိုက် လိုအပ်သော ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် ဘဏ္ဍာရေး သည်လည်း အရေးကြီး ကဏ္ဍဖြစ်ပါသည်။
ကောင်းမွန်သော အစိုးရ တရပ်ဖြစ်စေမည့် စနစ်တခု တည်ဆောက်ရာတွင် ဘဏ္ဍာငွေ သုံးစွဲရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေရန် အရေးကြီးပါသည်။ ထို့အတွက်ကြောင့် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေး အတွက် ပြည်သူ့ဘဏ္ဍာငွေများကို မည်သည့်အတွက်ကြောင့် သုံးရသည်ကို ပြည်သူလူထုအား ရှင်းလင်းစွာ အသိပေးရန် လိုအပ်ပါသည်။
လွတ်လပ်သော စောင့်ကြည့် ကြီးကြပ်ရေး
စစ်မှန်သော ပြုပြင်ပြောင်းလဲရေး ကို ကြိုးစားနေသော အစိုးရများအတွက် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချ ရမှု တို့သည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။ လွတ်လပ်သော စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်းခွင့် ပေးခြင်းသည် ကောင်းမွန်သော (သို့မဟုတ်) သန့်ရှင်းသော အစိုးရတရပ် ဖြစ်လာရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။
SSR လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင် (ယန္တရား)နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်နိုင်ရန် အရပ်ဖက် အဖွဲ့အစည်းများကို လွတ်လပ်သော စောင့်ကြည့်ကြီးကြပ်ရေး အဖြစ် ပြုလုပ်စေပါသည်။ အရပ်ဖက် အဖွဲ့အစည်းများသည် အစိုးရ၏ လုပ်ရပ်များ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်ရေး လုပ်ငန်းအပြင် သူတို့၏ ကျွမ်းကျင်မှုများ၊ အသိပညာများကို ပြစ်ဒဏ်စီရင်ခြင်း ဆိုင်ရာစနစ် ပြောင်းလဲရေး ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုနိုင်ပါသည်။ အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများကို ဆွဲဆောင်စည်းရုံးခြင်း၊ သတင်းဌာနများမှတဆင့် ပြုပြင်ပြောင်းလဲရေး အကြောင်းကို အများပြည်သူ ပိုမိုသိရှိလာစေရန် ဆောင်ရွက်ပေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ဥပဒေ ပြုသူများ မှန်မှန်ကန်ကန်သိစေရန် ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် လူထုကြားဆွေးနွေးမှုများကို ပြုလုပ်လာနိုင်သော်လည်း အစိုးရ၏ မူဝါဒရေးဆွဲရေး အပိုင်း၌မူ အရပ်ဖက် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်နိုင်မှုမှာ အကန့်အသတ်များစွာ ရှိနေသေးသည်ဟု အေအေပီပီ အနေဖြင့် လေ့လာတွေ့ရှိပါသည်။ ဖြစ်သင့်သည်မှာ အစိုးရအနေဖြင့် မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် သက်ဆ်ိုင်ရာ အရပ်ဖက် အဖွဲ့အစည်းများနှင့် တိုင်ပင်သင့်ပါသည်။
အရပ်ဖက် အဖွဲ့အစည်းများကို မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ခွင့်ပေးခြင်းအားဖြင့် ထိုအဖွဲ့များအနေဖြင့် အောက်ခြေတွင် တကယ်ဖြစ်ပျက်နေသော အခြေအနေများကို သက်သေပြနိုင်သော စစ်မှန်တိကျသည့် အချက်အလက်များဖြင့် တင်ပြဆွေးနွေးနိုင်ပြီး လက်တွေ့ကျသော မူဝါဒ တရပ်ပေါ်ထွက်လာရေး အတွက် သေချာစေပါသည်။
၂)။ အရပ်ဖက်အဖွဲ့အစည်းများ၏ စွမ်းဆောင်နိုင်မှု- မော်ဒိုဗာ၊ ဆွီဒင်နှင့် တောင်အာဖရိက (The public role of civil society: Moldova, Sweden and South Africa)
အရပ်ဖက် အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အကျဉ်းထောင်မှ လွတ်မြောက်လာသော အကျဉ်းသားဟောင်းများကို အကူအညီပေးနိုင်ရုံမျှသာမကပဲ အကျဉ်းထောင်နှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်သူလူထုအကြား ဆွေးနွေးပေးနိုင်သည့် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေကြပါသည်။ မော်ဒိုဗာ (Moldova), ဆွီဒင် (Sweden) နို်င်ငံများရှိ အစိုးရမဟုတ်သော အဖွဲ့များသည် လွတ်မြောက်လာသည့် အကျဉ်းသားများအား လူ့အသိုင်းအဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များကို ကူညီဆောင်ရွက်ပေးပါသည်။ တောင်အာဖရိက တွင်ရှိသော ဒေသခံအဖွဲ့အစည်းတခုဖြစ်သည့် Zululand မှ ဒေသဆိုင်ရာ အဖွဲ့တဖွဲ့သည် အကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းရသော ဘဝများကို အများပြည်သူ သိရှိနိုင်ရန် ရည်ရွယ်၍ နံရံတွင်းမှ အသံများ (Voice Beyond the Walls) ခေါင်းစဉ်ဖြင့် ရေဒီယို ပရိုဂရမ် ထုတ်လွှင့်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်ကို လေ့လာသိရှိခဲ့သည်။
(Penal Reform Institute (PRI) (2010). Making Law and Policy that Work: A Handbook for Law and Policy Makers on Reforming Criminal Justice and Penal Legislation, Policy and Practice. London: PRI.)

အစိုးရများအနေဖြင့် နိုင်ငံတွင်း ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် စုံစမ်းဆေးနိုင်သော နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကို တည်ထောင်ခွင့် ရှိပါသည်။ သို့သော် အစိုးရများ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်ရာတွင် လိုက်နာရမည့် နိုင်ငံတကာက လက်ခံထားသော ပါရီစည်းမျဉ်းကို မဖြစ်မနေ လက်ခံကျင့်သုံးရန် လိုအပ်ပါသည်။
၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ထူထောင်ရန် ညွှန်ကြားခဲ့ပါသည်။ ဤအဖွဲ့၏ အဓိက အားနည်းချက်များသည် မြန်မာနိုင်ငံသားများ ခံစားနေရသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သော အခွင့်အာဏာ မရှိခြင်းနှင့် လူ့အခွင့်အရေး ကျူးလွန်သူများအား တာဝန်ခံစေနိုင်သော အာဏာ မရှိခြင်း ဖြစ်ပါသည်။
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် ဖိုရမ် – အေးရှား အဖွဲ့တို့၏ မကြာသေးမီကာလက ထုတ်ပြန်ချက်အရ မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်မှုများကို ယုံကြည်ခြင်း မရှိဘဲ အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်ပေးရန် ဟန်ပြဖွဲ့ထားသည့် အဖွဲ့အဖြစ်သာ အမြင်ရှိပါသည်ဟု ဖေါ်ပြထားပါသည်။ ထုတ်ပြန်ကြေငြာချက်တွင် ကော်မရှင်သည် ပါရီစည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ကိုလည်း သုံးသပ်တင်ပြထားခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခြင်းသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး စိတ်ဆန္ဒကို ပြသရာ ရောက်ပါသည်။ သို့သော် စစ်မှန်သော ပြောင်းလဲမှု ဖြစ်စေရန် ကော်မရှင်ကို ပါရီစည်းမျဉ်းနှင့် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ပြီး လုပ်ပိုင်ခွင့်ကိုလည်း ပြည့်ပြည့်ဝဝ အပ်နှင်းသင့်ပါသည်။

ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း (Local Ownership)
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် ဌာနေတိုင်းရင်းသားများ၏ သဘောတူမှုသည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိနေပြီး သူတို့ဒေသများတွင်လည်း အငြင်းပွားမှု ဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် သူတို့ ဓလေ့ထုံးတမ်းအရ ကျင့်သုံးနေသော ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ်မှာ ရှိနေပြီး ဖြစ်ပါသည်။ ထိုသို့သော ဓလေ့ထုံးတမ်း ဥပဒေများကိုလည်း အသိအမှတ်ပြုရပေမည်။ ထို ဓလေ့ထုံးတမ်း ဥပဒေများသည် တရားဝင်ဥပဒေများ မဟုတ်သော်လည်း နောက်ပိုင်းတွင် ရေးဆွဲမည့် ဥပဒေများအတွက် အခြေခံများ ဖြစ်လာပေမည်။ အစိုးရနှင့် အပစ်အခတ် လက်မှတ်ရေးထိုးထားခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့် ရှိသူ တဦးက အစိုးရအနေဖြင့် ကေအင်ယူ ထိမ်းချုပ်ရာ နယ်မြေများတွင်း အစိုးရဖက်မှ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတွင် ဝင်ရောက်မစွက်ဖက်ရန် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားအဖွဲ့များနှင့် နီးနီးကပ်ကပ် နေထိုင်ခွင့် ရခြင်းကြောင့် သိရသည်မှာ ယခုချိန်တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့များအနေဖြင့်လည်းကောင်း၊ လက်မှတ် မရေးထိုးရသေးသော အဖွဲ့များအနေဖြင့်လည်းကောင်း တိုက်ပွဲများ ဖြစ်နေခြင်းထက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ခြင်း ကိုလိုလားကြပါသည်။ ထိုသို့ ဖြစ်လာလျှင် မြန်မာနို်င်ငံသားများ၏ လုံခြုံရေး အခြေအနေလည်း ပိုမိုကောင်းမွန်လာပါမည်။
ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများတွင် သူတို့အချင်းချင်းဖြစ်သော ပြဿနာများအတွက် ထောင်သွင်းအကျဉ်းချခြင်း အပြစ်ပေးခြင်းကို မသုံးသည်များ ရှိပါသည်။ ထိုအစဉ်အလာကို လက်ခံခြင်းအားဖြင့် အကျိုးကျေးဇူူး (၄) ခုကို ရရှိနိုင်ပါသည်။ ထိုအကျိုးကျေးဇူးများမှာ (၁) အကျဉ်းထောင်တွင်း လူဦးရေ သိပ်သည်းမှုကို ကာကွယ်နိုင်ပြီး အကျဉ်းထောင်နှင့်ပတ်သက်သော ကုန်ကျစားရိတ်များ သက်သာစေပါသည်။ (၂) အကျဉ်းထောင်တွင် ထည့်သွင်း ပြစ်ဒဏ်ကျခံစေခြင်းကို ရှောင်နိုင်ခြင်းအားဖြင့် တဦးချင်းအတွက်သာမက ထိုသူနှင့် ပတ်ဝန်းကျင်ကြား သဟာဇာတ မဖြစ်စေမှုကိုလည်း ဖြေရှင်းပြီးသား ဖြစ်စေပါသည်။ (၃) ထောင်သွင်းအကျဉ်းချ ခြင်းဆိုသည်မှာ အနောက်တ်ိုင်းမှ တင်သွင်းလာသော အယူအဆ တရပ်ဖြစ်ပြီး ပြဿနာများကို ထောင်သွင်းအကျဉ်းချခြင်းဖြင့် မဖြေရှင်းဘဲ သူတို့၏ ရိုးရာဓလေ့ ထုံးတမ်းဖြင့် ဖြေရှင်းခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်မှုဖြစ်သည်။ (၄) ထိုသို့ ထောင်သွင်းအကျဉ်းချခြင်းဖြင့် မဖြေရှင်းခြင်းကြောင့် တရားရုံးများတွင် အလုပ်တာဝန် လျော့ပါးစေပြီး တရားရေးဝန်ထမ်းများ အလုပ်ကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်စေပါသည်။
၃) ရဝမ်ဒါ ၏ ဓလေ့ထုံးတမ်း ဥပဒေ ကျင့်သုံးသော တရားရုံးများ
၁၉၉၄ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ပွဲကြီးအပြီး ရဝမ်ဒါ နိုင်ငံ၏ တရားရေးစနစ်သည် လုံးဝပျက်စီးသလောက် ဖြစ်သွားခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု စစ်ပွဲကြီးအတွင်း အသတ်ဖြတ်ခံရမည့်ဘေးက လွတ်မြောက်ခဲ့သော သူများသည် ရှေ့နေများနှင့် တရားသူကြီးများသည် ဖြစ်လာကြသည်။ ထို့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့စဉ်က ပါဝင်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် လူဦးရေ ၁၂၀၀ဝ ကျော်ကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားသဖြင့် တရားရေးစနစ်အပေါ်တွင်လည်း ဖိအားများ အများအပြားဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ရဝမ်ဒါ အစိုးရအနေဖြင့် “Gacaca” လို့ခေါ်တွင်သော ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများကို ကျင့်သုံးသည့် တရားရုံးများကို ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ချက် ချလိုက်ရပါသည်။ ထိုတရားရုံးများတွင် တရားသူကြီးများကို ဒေသဆိုင်ရာအလိုက် အောက်ခြေလူထုမှ ရွေးချယ်သူများကို ခန့်အပ်ခဲ့ပါသည်။ ထို ဓလေ့ထုံးတမ်း ဥပဒေကို ကျင့်သုံးသော တရားရုံးများရှိ တရားသူကြီးများသည် ဥပဒေရေးရာ ကျွမ်းကျင်သူများ မဟုတ်သလို (တရားဝင် အစိုးရအသိအမှတ်ပြုလက်မှတ်မရှိ) အစွပ်အစွဲခံရသူများအနေဖြင့်လည်း ချေပပိုင်ခွင့် အခွင့်အရေးများ မရရှိဟု အဝေဖန်ခံရသည်များလည်း ရှိခဲ့ပါသည်။ ဥပမာ အားဖြင့် အစွပ်စွဲ ခံရသူများအတွက် ရှေ့နေငှားရမ်းခွင့် နှင့် ထိုသူတို့ကို မည်သည့် ပုဒ်မများဖြင့် စွဲဆိုထားသည် ဆိုသည်ကိုလည်း သိရှိခွင့် မရခဲ့ပေ။ သို့သော်လည်း ဓလေ့ထုံးတမ်း ဥပဒေ ကျင့်သုံးမှုက အောင်မြင်သည်ဟု ဖော်ပြခဲ့ကြပါသည်။ ရဝမ်ဒါ ပြည်သူများကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိုတရားရုံးများက အထောက်အကူ ပြုခဲ့သည်ဟု ဆိုပါသည်။ ထိုတရားရုံးများက အစွပ်စွဲခံရသူများအား လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားနေစဉ် ပျောက်ဆုံးသွားခဲ့ရသည့် မိသားစုများနှင့် အများရှေ့မှောက်တွင် သူတို့၏ မှားယွင်းမှုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုရန် အခွင့်အလမ်းများ ရရှိခဲ့ပါသည်။ ရဝမ်ဒါ အစိုးရ အနေဖြင့် ထိုတရားရုံးများကို ၂၀၁၂ ခုနှစ်တွင် တရားဝင် ဖျက်သိမ်းခဲ့ပါသည်။
ရဝမ်ဒါ အတွေ့အကြုံများမှ သင်ခန်းစာ ထုတ်ယူနိုင်စရာတွေ ရှိပါသည်။ ထိုတရားရုံးများမှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကူအညီဖြစ်ခဲ့သော်လည်း အစွပ်စွဲခံရသူများအတွက် ရသင့်ရထိုက်သော ဥပဒေ ခံစားခွင့် မရရှိခဲ့ပါ။ ထို့အပြင် တရားသူကြီးများသည် လခစား များမဟုတ်သည့်အတွက် အမှုရင်ဆိုင်နေရသူများက တရားသူကြီးအတွက် ပိုက်ဆံပေးရသောကြောင့် လာဘ်ပေးခဲ့ရသည်ဆိုသော စွပ်စွဲချက်များလည်း ရှိခဲ့ပါသည်။ အထက်ပါ အချက်များကြောင့် ဓလေ့ထုံးတမ်း ဥပဒေ ကျင့်သုံးသော တရားရုံးများသည် နိုင်ငံလုံးဆိုင်ရာ တရားရေးစနစ်တွင် အံဝင်ဂွင်ကျ မဖြစ်တော့ဘဲ နိုင်ငံလုံးဆိုင်ရာ တရားရေးစနစ်တွင် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအဖြစ် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို ထည့်သွင်းရန် အရေးကြီးလာရခြင်း ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် တောင်အာဖရိကနိုင်ငံတွင် ဓလေ့ထုံးတမ်းဆိုင်ရာ တရားရုံးများနှင့် ပတ်သက်သောဥပဒေတခုကို အတည်ပြုခဲ့ပါသည်။ ထိုသို့အသိအမှတ်ပြုခြင်းသည် အငြင်းပွားမှု များကို ဖြေရှင်းရာတွင် ဓလေ့ထုံးတမ်း အရ ဖြေရှင်းခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုခြင်းဖြစ်သည်။ သို့သော် ထိုတရားရုံးများကိုလည်း စောင့်ကြည့်ကြီးကြပ်သော အဖွဲ့များက စောင့်ကြည့်နိုင်အောင် လုပ်ဆောင်ထားပါသည်။ တောင်အာဖရိက ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု က အောင်မြင်သည်ဟု ယူဆ၍ ရပါသည်။
Bert Ingelaere (2008). The Gacaca Courts in Rwanda. In: International Institute for Democracy and Electoral Assistance. Tradition Justice and Reconciliation after Violent Conflict: Learning from African Experiences. Stockholm: IDEA. pp 25-59

UN (2014): The Justice and Reconciliation Process in Rwanda: http://bit.ly/1N5aZNQ
Penal Reform Institute (PRI) (2010). Making Law and Policy that Work: A Handbook for Law and Policy Makers on Reforming Criminal Justice and Penal Legislation, Policy and Practice. London: PRI.
Justice system and access to justice
မည်သည့် အပြုအမူများက ရာဇဝတ်မှု မြောက်သနည်း၊ ရာဇဝတ်မှု မြောက်သူများကို မည်သို့ အရေးယူမည်နည်း၊ အကျဉ်းထောင် စနစ်က အကျဉ်းသားတဦးချင်းစီ၏ အခွင့်အရေးများကို မည်သို့ အကျိုးသက်ရောက်မည်နည်း၊ အဆုံးစွန်းဆုံးအားဖြင့် လူ့အဖွဲ့အစည်းကို မည်သို့ သက်ရောက်မည်နည်း စသည်ဖြင့် တရားရေး၊ တရားမျှတမှု ရှိစေရေး တို့အတွက် မေးခွန်းများ ရှိပါသည်။ ဥပဒေ ပြုသူများက ပေါ်လစီများ ချမှတ်ပြီး ဥပဒေ က အထက်ပါ မေးခွန်းများ (သို့မဟုတ်) အလားတူ မေးခွန်းများကို ဖြေဆိုရပေမည်။ ထိုသို့ဖြေဆိုရန် ရံဖန်ရံခါ ပြည်သူလူထု အမြင်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဥပဒေ ပြုပြင်ပြေင်းလဲရေးသည် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ် ပြောင်းလဲရေး၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်ပါသည်။ ဥပဒေ ပြုသူများ အနေဖြင့် မည်သို့သော အပြုအမူများသည် ရာဇဝတ် မြောက်သည် ဆိုသည် ကို သေသေချာချာပြန်စဉ်းစားသင့်ပါသည်။ ထို့နောက် နှစ်ရှည်ပြစ်ဒဏ် ချမှတ်မှုများကို လျှော့ချနိုင်ရေး၊ အကျဉ်းထောင်တွင်း လူဦးရေ သိပ်သည်းမှုကို လျှော့ချနိုင်ရေး အတွက် ထိမ်းသိမ်းစဉ် ကာလဆိုင်ရာ ကိစ္စများကို ပြန်လည်သုံးသပ်ခြင်းနှင့် အကျဉ်းထောင်တွင်း ရှိနေစဉ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်နိုင်ရန် တို့ကိုပါ ပြန်လည်စဉ်းစားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် လူဦးရေ ထူထပ်ရခြင်း အကြောင်းမှာ အင်္ဂလိပ် ကိုလိုနီ၏ အမွေဖြစ်သည့် ခေတ်မမှီတော့သော၊ တိကျမှု မရှိသော ဥပဒေကြောင့်ဖြစ်သည်။ အချို့သော ဥပဒေများသည် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ဖိနှိပ်ရန် အသုံးပြုနေခြင်းဖြစ်သည်။ ဥပမာ – ၁၉၀၈ ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့သည့် မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မ ၁၇/၁ ကို ယနေ့တိုင် အသုံးပြုနေသေးသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် က ထုတ်ပြန်ခဲ့သည့် ပြည့်တန်ဆာ နှိမ်နှင်းရေး ဥပဒေသည် ပြန်လည်ထူထောင်ရေး အစီအစဉ် မပါဝင်ဘဲ ထောင်သွင်းအပြစ်ပေးခြင်းကိုသာ ရည်ရွယ်ထားသည့်အတွက် အခြေအနေကို ပိုဆိုးစေပါသည်။ ထိုနည်းတူ ပုဒ်မ ၃ဝ (ဃ) ကဲ့သို့သော မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းဆီးနေခြင်းများကလည်း အကျဉ်းသားဦးရေကို သိပ်သည်းစေပါသည်။ ထိုသို့ အကျဉ်းသားဦးရေ သိပ်သည်းခြင်းက အကျဉ်းထောင် စီမံခန့်ခွဲမှုအပေါ်များစွာ အနှောင့်အယှက် ဖြစ်စေပါသည့် အပြင် အကြောင်းတရား ခိုင်လံမှုမရှိဘဲ ဖမ်းဆီးခြင်းသည် မတရားသဖြင့် ဖမ်းဆီးရာရောက်သဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးများကို ချိုးဖောက်ရာလည်း ရောက်ပါသည်။
မြန်မာနိုင်ငံတွင်းရှိ တည်ဆဲဥပဒေများသည် အားနည်ချက်များ ရှိနေပြီး SSR ရူထောင့်မှ အကြံပေးရလျှင် တည်ဆဲဥပဒေများအားလုံးကို ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး ပြစ်ဒဏ်များသည်လည်း အမှန်အကန် ကျူးလွန်သောပြစ်မှု နှင့် ကိုက်ညီရန် လိုအပ်ပါသည်။ ထို့အပြင် အထက်တွင် ဖော်ပြခဲ့သလို ပြစ်ဒဏ်ပေးခြင်း ကိစ္စပြီးလျှင် တဆက်တည်း ပြန်လည်ထူထောင်ရေး ကိစ္စကိုပါ အကောင်အထည်ဖော်ဖို့ လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ ရာဇဝတ်တရားစီရင်ရေး စနစ်၏ အရေးကြီးသော မှတ်တမ်းသည် ၁၈၉၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော Code of Criminal Procedure – CCP (ရာဇဝတ်မှုကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ) ဖြစ်ပါသည်။ ထိုလုပ်ထုံးလုပ်နည်းများတွင် ထုတ်ပြန်ကြေငြာခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်တော့မည်ဟု သံသယ ဖြစ်ခြင်း၊ အချက်အလက် ကောက်ယူခြင်းနှင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း တို့ဖြစ်ပါသည်။ တနည်းဆိုရသော် ထိုလုပ်ထုံးလုပ်နည်းများသည် ဖမ်းဆီးခြင်း – အမှုရင်ဆိုင်ခြင်း – ပြစ်ဒဏ်ပေးခြင်း – ပြန်လည်ပေါင်းစည်းရေး ပြုလုပ်ပေးခြင်း စသဖြင့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ ထိုအထဲတွင် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများ၏ ရပိုင်ခွင့်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ထိုဖော်ပြချက်များသည် မျှတသော တရားစီရင်မှု ရရှိအောင် ဆောင်ရွက်မှုများလည်း ဖြစ်ပါသည်။ နိုင်ငံတကာ စာချုပ်စာတမ်းများတွင် နိုင်ငံတကာ နို်င်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး စာချုပ်သည် လူတဦးချင်း၏ လွတ်လပ်ခွင့်၊ လွပ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ မျှတသော တရားစီရင်မှု ခံစားခွင့် အစရှိသဖြင့် လူတဦးချင်းစီ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ပေးထားသည့် စာချုပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ထိုစာချုပ်ကို အသိအမှတ်ပြု လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။ သို့သော်လည်း Universal Periodic Review -UPR (အချိန်အခါလိုက် နိုင်ငံတနိုင်ငံချင်းစီ၏ လူ့အခွင့်အရေးအခြေအနေများကို သုံးသပ်ခြင်း) ၏ ၂၃ ကြိမ်မြောက်ဆွေးနွေးပွဲ မှ တိုက်တွန်းအကြံပြုထားသော နိုင်ငံတကာ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေး စာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးသင့်သည် ဆိုသည်ကိုတော့ (ဦးသိန်းစိန်)အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့မှ သဘောတူညီထားခဲ့ပါသည်။ လက်ရှိ မြန်မာနို်င်ငံ၏ ဖမ်းဆီးမှု နှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များကို ICCPR မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့်ယှဉ်ထိုးကြည့်သော်
ဖမ်းဆီးခြင်း နှင့် ပတ်သက်၍ ICCPR မှ ။
လူတိုင်းလူတိုင်းသည် လွတ်လပ်ခွင့်နှင့် လုံခြုံမှု ရှိရမည်ဖြစ်သည်။ မည်သူတဦးတယောက်မှ မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံရခြင်း မရှိစေရ။ သတ်မှတ်ပြဌာန်းထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်သရွေ့ မည်သူတဦးတယောက်၏ လွတ်လပ်ခွင့်ကို ရုပ်သိမ်းခြင်း မပြုရ။
ထို့ကြောင့် ဖမ်းဆီးခြင်း ဆိုသည်ကို နောက်ဆုံးမဖြစ်မနေ ဆိုသည့်အချိန်ကျမှ ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခွင့်ရှိသူသည် ဖမ်းဆီးထိမ်းသိမ်းခြင်း ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်။ CCP တွင်တော့ တရားရုံး၏ အမိန့်မပါဘဲ လူတဦးတယောက်အား ၂၄ နာရီထက် ကျော်လွန်၍ ထိမ်းသိမ်းခြင်း မပြုရဟု ထည့်သွင်းဖော်ပြထားပါသည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် CCPကို ကျော်လွန်၍ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။ ဥပမာ – နိုင်ငံတော်၏ အေးချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးလိုသူဟု ယူဆရသူကို ရက်ပေါင်း ၃ဝ ဖမ်းဆီးခွင့်ရှိသည် ဟူ၍ဖြစ်ပါသည်။ ထိုပြဌာန်းချက်သည် အစိုးရ နှင့် သဘောထားချင်း မတူသူ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ၂၄ နာရီထက် ပိုမိုဖမ်းဆီးခွင့်နှင့် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း သဘောကို သက်ရောက်သွားပါသည်။ တချို့အမှုများတွင် အမှုရင်ဆိုင်ဆဲ ကာလသည် ရက်ပေါင်း ၃ဝ ထက်မက ကြာသည်များလည်း ရှိပါသည်။
အမှုရင်ဆိုင်ဆဲကာလ (Pre-Trial)
ICCPR အနေဖြင့် အမှုရင်ဆိုင်ဆဲကာလ ထိမ်းသိမ်းထားခြင်းကို ယေဘူယျသတ်မှတ်ချက်မျိုး မဖြစ်သင့်ပါလို့ ဖော်ပြထားသည့်အပြင် အမှုရင်ဆိုင်နေသည့်သူကို တယောက်ယောက်၏ အာမခံမှုဖြင့် လွှတ်ပေးခြင်းမျိုး ပြုလုပ်နိုင်သည်ဟု ဆိုထားပါသည်။ ဥပမာ – အမှုရင်ဆိုင်နေသည့်သူကို အာမခံ ဖြင့် လွှတ်ပေးထားနိုင်သည်၊ (သို့မဟုတ်) သတ်မှတ်ထားသည့် နေရာတွင် နေထိုင်ရမည်ဟု ကန့်သတ်ထားနိုင်သည်။ အကယ်၍ တရားသူကြီးက လွှတ်ပေးဖို့ ခွင့်မပြုသောအခါတွင်လည်း အမှုရင်ဆိုင်နေသူကို အခြားသော ပြစ်ဒဏ်ကျပြီးသော အကျဉ်းသားများနှင့် ထားခွင့်မပြုရပါ။ အမှုရင်ဆိုင်ဆဲ အချုပ်သားအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရသေးသူ မဖြစ်သေးသည့်အတွက် အထူးအခွင့်အရေးများ ပေးရမည် ဖြစ်ပြီး သူ၏ အချုပ်သားအနေဖြင့် အမှုရင်ဆိုင်ရသည့် ကာလသည် အကန့်အသတ်နှင့် ဖြစ်သင့်ပါသည်။ အေအေပီပီ ၏ လေ့လာတွေ့ရှိချက်များအရ အစွပ်စွဲ ခံရသူများ၏ အမှုရင်ဆိုင်ရသောကာလမှာ ရှည်ကြာလွန်းပြီး ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် ရောထားသည်ကိုလည်း တွေ့ရှိရပါသည်။
(၄)။ အကျဉ်းထောင်အား စောင့်ကြပ်ကြီးကြပ်ခြင်း ကို တရားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခြင်း (Transferring Oversight to the Ministry of Justice in Russia)
ရုရှားနိုင်ငံတွင် အကျဉ်းထောင် စောင့်ကြပ်ကြီးကြပ်ခြင်း လုပ်ငန်းစဉ်ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ တရားရေး ဝန်ကြီးဌာနသို့ ၁၉၉၈ ခုနှစ်တွင် ပြောင်းလဲတာဝန်ပေးခဲ့ပါသည်။ ထိုသို့ ပြောင်းလဲတာဝန်ပေးခဲ့ပြီး များမကြာမီကာလတွင်း အကျဉ်းထောင်တွင်း လူဦးရေ သိပ်သည်းမှု ကျဆင်းခဲ့ပြီး ယခုအချိန်ထိလည်း ကျဆင်းနေဆဲဖြစ်ပါသည်။ အုပ်ချုပ်ရေးပိုင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကင်းလွတ်သော လွတ်လပ်သည့် တရားစီရင်ခြင်းမှ အမှုရင်ဆိုင်ဆဲ အချုပ်သားများနှင့် ပတ်သက်ပြီး ပြစ်ဒဏ်စီရင်မှုများအား ပြုလုပ်သည်။
ရုရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှ သင်ခန်းစာ ၂ ခု ရရှိနိုင်ပါသည်။
ပထမ အချက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်နေစဉ်အတွင်း အကျဉ်းထောင်လုပ်ငန်းများ လည်ပတ်နိုင်စေရန် ဘဏ္ဍာရေးပိုင်ဆိုင်ရာ ဆုံးဖြတ်ချက်ပြုလုပ်ခြင်းဖြစ်သည်။ ရုရှားတွင် ပြစ်ဒဏ်ပြုပြင်ခြင်းဆိုင်ရာစနစ် ပြောင်းလဲရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများမှာ ၃ လ အတွက် ဘဏ္ဍာငွေ မရှိဘဲနှင့် လည်ပတ်နေခဲ့ရပါသည်။
ဒုတိယအချက် အနေဖြင့် အကျဉ်းထောင် စီမံခန့်ခွဲ့ခွင့်ကို တရားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီးနောက် တရားရေးဝန်ကြီးဌာနအနေဖြင့် အကျဉ်းထောင်ဝန်ထမ်းများ ကျေနပ်နိုင်လောက်သော လစာနှင့် ပြောင်းလဲလိုက်သော စနစ်သစ်နှင့် လိုအပ်သော အရည်အချင်းပိုင်ဆိုင်ရာ မြှင့်တင်ရေးသင်တန်းများ လုပ်ဆောင်နိုင်ရန် ဘဏ္ဍာငွေ ဖြည့်တင်းမှု ဖြစ်ပါသည်။ အစပိုင်းတွင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကပင် လူသစ်စုဆောင်းခြင်း၊ လစာပေးခြင်း၊ သင်တန်းပေးခြင်းတို့ကို ဥပဒေ သစ်ပေါ်ထွက်လာပြီးနှင့် ဝန်ထမ်းများအတွက် နည်းဥပဒေအသစ်များ ပေါ်ထွက်လာချိန်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ အထက်ပါ ရုရှား ဥပမာကို စနစ်တကျ လေ့လာသင့်ပြီး အခြားသော ဌာနများအတွက် လိုအပ်သလို အသုံးပြုသင့်ပါသည်။
ICCPR မှာ ထပ်မံဖော်ပြထားသည်မှာ မည်သူမဆို မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းကို ပြုကျင့်ခံရလျှင် ထိုသူအား ထိုက်သင့်သော နစ်နာကြေးကို ပေးလျော်ရမည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းသည် ရာဇဝတ်မှု တခုခုနှင့် စွပ်စွဲခံရသူအား မတရားသဖြင့် ပြုကျင့်ခြင်း မခံရအောင် ကာကွယ်ပေးထားသော စည်းမျဉ်းဖြစ်ပါသည်။ ထိုစည်းမျဉ်း သည် အစိုးရ၏ ဂုဏ်သိက္ခာအား ထိခိုက်နို်င်သော မတရားသဖြင့် ဖမ်းဆီးခြင်း မဖြစ်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုအခြေအနေမျိုး မရှိနေခဲ့ပေ။
အစွပ်စွဲခံရသူ အနေဖြင့် မိမိအပြစ်မရှိကြောင်း ခုခံချေပနိုင်ရန် ရှေ့နေငှားရမ်းခွင့် (သို့မဟုတ်) ဥပဒေ ပိုင်းဆိုင်ရာ အကြံပေးမှုကို ရယူပိုင်ခွင့်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ (က) အရ – နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်၊
သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အခြားသော ဥပဒေများအရ အထက်ပါကဲ့သို့ ပြဌာန်းထားသော်ငြားလည်း မြန်မာနိုင်ငံတွင် ရှေ့နေ မငှားရမ်းနိုင်သူများနှင့် ဥပဒေ အကြံပေး မရရှိနို်င်သူများအတွက် အစိုးရက အမှုရင်ဆိုင်နေသူ အားလုံးအတွက် မစီစဉ်ပေးဘဲ သေဒဏ်ကျခံနိုင်ရသော အမှုသည်များအတွက်သာ စီစဉ်ပေးပါသည်။ ထိုလုပ်ရပ်များ သည် မလိုအပ်ဘဲ လူများ ပြစ်ဒဏ်ပေးခံရပြီး အကျဉ်းထောင်တွင်း လူဦးရေ သိပ်သည်းသွားစေခြင်း ဖြစ်ပါသည်။
တရားစီရင်ရေးတွင် နောက်ထပ်အရေးကြီးသော အချက်မှာ ပြစ်ဒဏ်စီရင်ခြင်းတွင် တရားသူကြီး၏ ဆုံးဖြတ်နိုင်စွမ်းပင်ဖြစ်ပါသည်။ နိုင်ငံတကာ ရှေ့နေများအသင်း၏ သုတေသန အစီရင်ခံစာ၏ တွေ့ရှိချက်အရ ရဲစခန်းတွင် ပေးထားသော ဖြောင့်ချက်များသည် တရားရုံးတွင် အကျူံးမဝင်ဟု ဆိုထားသော်လည်း တရားသူကြီးများသည် ရဲစခန်းတွင်ပေးထားသော ဖြောင့်ချက်များကို စီရင်ချက် ချရာတွင် ထည့်သွင်းအသုံးချလေ့ရှိသည် ဟူ၍ ဖြစ်သည်။ ထိုသို့ ရဲ အရာရှိများက အစွပ်စွဲခံရသူများအား ရဲစခန်းတွင် အတင်းအကျပ် ဖြောင့်ချက်ပေး ရေးခိုင်းပြီး လက်မှတ်ရေးထိုးစေခြင်း သည် မလိုလားအပ်ပဲ ဥပဒေမဲ့ အစွပ်စွဲခံရသူများအား ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ထဲ တွန်းပို့နေခြင်း ကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်ပါသည်။ ထိုကိစ္စရပ်များသည် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအတွက် စိမ်ခေါ်မှု ပင်ဖြစ်ပေသည်။ ထိုကိစ္စရပ်များ ပပျောက်စေရန်မှာမူ အစိုးရ အနေဖြင့် လိုအပ်သော မူဝါဒ ရေးရာများ ရေးဆွဲခြင်း နှင့် ရဲများ၊ တရားရေးဌာန ဝန်ထမ်းများ၊ စံမံခန့်ခွဲရေး ဝန်ထမ်းများအား အရည်အချင်းမြှင့်သင်တန်းများပေးရန်အတွက် ဘဏ္ဏာငွေ သုံးစွဲခြင်း တို့ပြုလုပ်ရပေမည်။ သို့မှသာ ထိုဝန်ထမ်းများအနေဖြင့် သူတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နို်င်မည်။
ပြစ်ဒဏ်ပေးခံရခြင်း နှင့် လွတ်မြောက်ခြင်း
အစွပ်စွဲခံရသူတယောက် အဖမ်းခံရချိန်မှစပြီး အမှုရင်ဆိုင်ချိန်ကာလနှင့် နောက်ပိုင်း အပြစ်ပေးခံရပြီး အကျဉ်းထောင်အတွင်း နေထိုင်ခဲ့စဉ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသည် သူပြန်လည်လွတ်မြောက်ပြီး လူ့အသိုင်းအဝန်းထဲသို့ ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိစေရန်အတွက် အရေးကြီးသော အချက်များ ဖြစ်ပါသည်။ အမှန်စင်စစ် ပြစ်ဒဏ်မှ လွတ်မြောက်ခြင်း ဆိုသည်မှာ သူခံစားရမည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးခြင်းသာ ဖြစ်ပါသည်။ သို့သော် လွတ်မြောက်ပြီးနောက် အစီအစဉ်ကို ထည့်သွင်းစဉ်းစားလေ့မရှိပါ။ လူ့အသိုင်းအဝန်းအနေဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားဟောင်းများ ၏ အခြေအနေကို ဂရုမမူဘဲ မနေသင့်ပါ။ အကူအညီပေးရေး အဖွဲ့များ အနေဖြင့်လည်း ပြန်လွတ်လာသော အကျဉ်းသားဟောင်းများကို အကူအညီပေးသင့်ပါသည်။
အကျဉ်းသားဟောင်းတဦးအတွက် အကျဉ်းထောင်တွင်းမှ လူ့အသိုင်းအဝန်းတွင်းသို့ ပြန်လည်ကူးပြောင်းရာတွင် လွယ်ကူချောမွေ့စေရန်မှာ အလွန်အရေးကြီးပါသည်။ ထိုသို့ လွယ်ကူမှသာ ထိုအကျဉ်းသားနှင့် သူ၏ မိသားစုအပါအဝင် လူ့အသိုင်းအဝန်းအတွက် အကျိုးကျေးဇူးများပါမည်။ ထိုသို့ ဖြစ်မှသာ အကျဉ်းသားဟောင်း အနေဖြင့် နောက်ထပ် အမှုကျူးလွန်ရန် အခွင့်အလမ်းနည်းပါးသွားမည်ဖြစ်ပြီး အများပြည်သူ လုံခြုံအေးချမ်းရေးအတွက် ပိုအားကောင်းလာပါမည်။ ထို့ကြောင့် လွတ်မြောက်လာသူများအတွက် အစိုးရမှ ဖြစ်စေ၊ အစိုးရ မဟုတ်သော အဖွဲ့များမှ ဖြစ်စေ လူ့အသိုင်းအဝန်းတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် မည်သို့ ပြုမူနေထိုင်သင့်သည် ဆိုသည်ကို ဆွေးနွေးပေးခြင်း၊ ဝိုင်းဝန်းကူညီခြင်းသည် အကျဉ်းသားများအတွက် အရေးပါပါသည်။ ဥပမာ – အကျဉ်းသားဟောင်းအတွက် ဘဝသစ် ပြန်စနိုင်စေရန် အလုပ်အကိုင် ရနိုင်သော နည်းလမ်းများ၊ ဆက်သွယ်ရန် လိပ်စာများကို ကူညီရှာဖွေပေးခြင်း မျိုးဖြစ်ပါသည်။ နောက်ထပ်အရေးကြီးသည့်အချက်မှာ ကျန်းမာရေးဖြစ်ပါသည်။ အကျဉ်းသားသည် ထောင်မှ ပြန်လွတ်ချိန်တွင် ကျန်းမာရေး ကောင်းနေရန် လိုအပ်ပါသည်၊ (သို့မဟုတ်) လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးရပါမည်။ အကျဉ်းထောင်များတွင် တီဘီ၊ ကိုယ်ခံအားကျဆင်းမှုရောဂါလိုမျိုး ကူးစက်ရောဂါများ ဖြစ်ပွားနေသော အကျဉ်းသားများ ရှိနေပြီး ထိုအကျဉ်းသားများ ပြန်လည်လွတ်မြောက်ပြီး လူ့အသိုင်းအဝန်းတွင် ထိုရောဂါ ကူးစက်မှု ပျံ့ပွားသွားနိုင်သောကြောင့် ဖြစ်ပါသည်။
အကျဉ်းသားများ ကျန်းမာရေးကောင်းမှသာ ပြန်လည်လွတ်မြောက်လာပြီး အလုပ်အကိုင် ရရှိနိုင်ရန် အခွင့်အလမ်း ပိုရနိုင်ပါမည်။ ထိုသို့ အလုပ်အကိုင် ရရှိမှာသာ တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိနိုင်မှာဖြစ်ပါသည်။

နိဂုံး
ပဋိပက္ခအလွန် လူ့အဖွဲ့အစည်းများတွင် လုံခြုံရေးကဏ္ဍနှင့် စီမံခန့်ခွဲမှုများကို ပြုပြင်ပြောင်းလဲခြင်းသည် တိုင်းပြည်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြံရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။ ယနေ့အချိန်ဆိုလျှင် မြန်မာပြည်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုများနှင့် ပါဝင်သင့်ပါဝင်သင့်သူများအကြား နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကြတော့မည်ဖြစ်ရာ ထိုဆွေးနွေးပွဲတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ထည့်သွင်းဆွေးနွေးသင့်ပါသည်။ နောက်တက်လာမည့် အစိုးရသစ် အတွက်လည်း ထိုဆွေးနွေးပွဲများတွင် အပစ်ရပ် သဘောတူ လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးသည်လည်း အရေးကြီးသည်ဟု အကြံပြုချင်ပါသည်။ ကုလသမဂ္ဂမှ အကြံပြုထားသည်မှာလည်း SSR ပြောင်းလဲမှုတွင် သက်ဆိုင်သူအားလုံးပါဝင်နိုင်ခြင်း အရေးကြီးသည်ဟု ဖြစ်ပါသည်။ ထိုသို့ အားလုံးပါဝင်ဆွေးနွေးထားသော ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်သည်သာ တတိုင်းပြည်လုံး၏ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအတွက် အကျိုးဖြစ်ထွန်းပါမည်။
ထို့အပြင် အေအေပီပီ အနေဖြင့် အကြံပြုလိုသည်မှာ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်ကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် တရားရေးဆိုင်ရာစနစ်နှင့် အခြားသော ဥပဒေစိုးမိုးကာကွယ်ရေး အဖွဲ့အစည်းများဖြစ်သည့် အကျဉ်းထောင်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ကဲ့သို့ အဖွဲ့များ၏ စွမ်းရည်များလည်း တိုးတက်လာမည် ဖြစ်ပါသည်။ ထို့ထက်ပို၍ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများ အတွက်လည်း ဖမ်းဆီးခံရချိန်မှစပြီး အပြစ်ပေးခံရချိန်၊ အကျဉ်းထောင်တွင်းနေထိုင်ရချိန်နှင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးသည် အချိန်ထိ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိနိုင်ပါမည်။ ဤစာတမ်းမှ အဓိက ထောက်ပြချင်သည်မှာ တကယ်ကောင်းမွန်သော ပွင့်လင်းမြင်သာမှုရှိသည့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ စနစ်သည် ပြည်သူလူထု လုံခြုံအေးချမ်းမှုကို တကယ်ကို အထောက်အကူဖြစ်စေသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထို့ထက်ပို၍ အရေးကြီးသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက်ကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ နောက်ဆုံး တချက်အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တပ်မတော် ပါဝင်သင့်သည့် ကဏ္ဍ ကိုလည်း တွေ့ရှိစေနိုင်ပါသည်။
ပြစ်ဒဏ်စီရင်ခြင်း ဆိုင်ရာ စနစ်ပြုပြင်ပြောင်းလဲမှုကို လုံခြုံရေးကဏ္ဍ ပြောင်းလဲခြင်း ရူထောင်မှ ချဉ်းကပ်ရာတွင် ဘက်ပေါင်းစုံမှ ချဉ်းကပ်ရသည် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်သည်ဆိုရာတွင်အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ကဲ့သို့ ဥပဒေ စိုးမိုးရေးဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ စီမံခန့်ခွဲရေး အဖွဲ့များ၏ စွမ်းရည် မြှင့်တင်ခြင်းကို အဓိက ထားပါသည်။ ထို့ကြောင့် SSR ရူ့ထောင့်မှ ချဉ်းကပ်ခြင်းသည် အကျဉ်းထောင်နှင့် အကျဉ်းသားများအတွက်သာ အကျိုးရှိသည်မဟုတ်ဘဲ သန့်ရှင်းသော အစိုးရ ဖြစ်လာစေရန်လည်း အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် သက်ဆိုင်ရာ အဖွဲ့များကြား ပွင့်လင်းမြင်သာမှု ရှိစေပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အရည်အသွေးလည်း တိုးမြှင့်စေပါသည်။
အကြံပြုချက်များ —
နိုင်ငံရေးဆွေးနွေးပွဲ
– နိုင်ငံရေးဆွေးနွေးပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲရေး ပါဝင်ရမည်ဖြစ်ပြီး စစ်ဖက်မှ အရပ်သား အစိုးရသို့ အာဏာလွှဲပြောင်းရေးသည် အရေးကြီး ဆွေးနွေးရမည့် ခေါင်းစဉ်ဖြစ်ရမည်။
– နိုင်ငံရေးဆွေးနွေးပွဲတွင် အောက်ခြေလူထု၏ ခံစားချက်များကို သိနားလည်သော၊ အချက်အလက်ဖြင့် ဆွေးနွေးနို်င်သော ကျွမ်းကျင်မှုရှိသည့် အရပ်ဖက် လူထု အဖွဲ့အစည်းများ ပါဝင်စေရမည်။
– နိုင်ငံရေးဆွေးနွေးပွဲတွင် တပ်မတော်နှင့် လုံခြုံရေးတာဝန်ယူထားသည့် အဖွဲ့များပါဝင်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ထည့်သွင်းဆွေးနွေးရမည်၊ ထိုသို့ဆွေးနွေးရာတွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကိုလည်း ချန်လှပ်ထားခြင်း မဖြစ်စေရပါ။
– အစိုးရ အနေဖြင့် အပစ်ရပ်လက်မှတ် ရေးထိုးမထားရသေးသောအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ပြီး ထိုအဖွဲ့များအားလည်း နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းရမည်။
– နိုင်ငံရေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းရေးကို ဆောင်ရွက်သင့်သည်။

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ်
– အကျဉ်းထောင် ဥပဒေကြမ်းကို ကုလသမဂ္ဂမှ ချမှတ်ထားသော အကျဉ်းသားများအား ဆက်ဆံရန် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြင်ဆင်သတ်မှတ်ရမည်။
– အစိုးရ အနေဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး စာချုပ်ကို ချက်ခြင်း လက်မှတ်ရေးထိုးရမည်။
– မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ၁၉၉၃ ခုနှစ်တွင် ချမှတ်ခဲ့သည့် ပါရီစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြောင်းလဲ ဖွဲ့စည်းရမည့်အပြင် အစိုးရနှင့် အစိုးရ မဟုတ်သောအဖွဲ့များ၊ ပုဂ္ဂိုလ်များမှ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် စုံစမ်းစစ်ဆေး အရေးယူနိုင်သော အခြေအနေ ဖြစ်လာစေရန်။
– အကျဉ်းထောင် စီမံခန့်ခွဲမှု တာဝန်ကို စစ်တပ်မှ တိုက်ရိုက်ကိုင်တွယ်သော ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှနေ၍ အရပ်သားအစိုးရ ဦးဆောင်သော ဝန်ကြီးဌာနလက်အောက်သို့ ရွှေ့ပြောင်းရန်။ တရားဝန်ကြီးဌာနကို အသစ်ထပ်မံ ဖွဲ့စည်းပြီး တာဝန်ပေးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။
– ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ် ပြောင်းလဲခြင်း ပြုလုပ်ရာတွင် တိုင်းရင်းသားအင်အားစုများနှင့် အရပ်ဖက် အဖွဲ့အစည်းများပါဝင်ရမည်။
– CCP – Code for Criminal Procedre ကို နိုင်ငံတကာ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေး စာချုပ်ကဲ့သို့သော နိုင်ငံတကာ ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရမည်။
– ခေတ်မမှီတော့သော၊ တိကျမှု အားနည်းသော ဥပဒေများကို ဖျက်သိမ်းခြင်း (သို့မဟုတ်) နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနူန်းများဖြင့် ကိုက်ညီအောင် ပြင်ဆင်ခြင်းများ ပြုလုပ်ရမည်။ ပြစ်ဒဏ်များကိုလည်း ပြန်လည်ပြင်ဆင်ရမည်။
– ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ဘာသာရပ်အလိုက် ကျွမ်းကျင်မှု ရှိသော အရပ်ဖက်အဖွဲ့အစည်း များကိုလည်း တိုင်ပင်ရမည်။

References:
(1)Myanmar Times, July 28, 2015: http://bit.ly/1I31Vri
(2)Bastick, M. (2010).The Role of Penal Reform in Security Sector Reform. London: DCAF. p. 65
(3)Any reference to the 2015 Draft Prison Law is to an unofficial translation by the Assistance Association for Political Prisoners – Burma (AAPP), unpublished.
(4)Bastick, M. (2010).Ibid. p. 10
(5)AAPP will, in the beginning of 2016 publish research findings and policy recommendations on the draft Prison Law in: AAPP (2016, forthcoming). Report on Prison Conditions in Burma and the Potential For Prison Reform. Mae Sot, Thailand. The current paper draws from the former’s analysis and conclusions.
(6)Schnabel and Ehrhart (2005a).“Post-Conflict Societies and the Military: Challenges and Problems of Security Sector Reform” in Schnabel, A. and Ehrhart, H. (eds.), Security Sector Reform and Post-Conflict Peacebuilding. New York: United Nations University Press, pp. 1-16; p. 1
(7)Organisation for Economic Co-operation and Development (OECD) (2005).Security Sector Reform and Governance: A DAC Reference Document. Paris: OECD Publications. p. 11
(8)United Nations (UN) (2012). Security Sector Reform: Integrated Technical Guidance Notes. New York: United Nations SSR Task Force. p. XI
(9)Schnabel, A and Ehrhart, H. (2005b).“Post-Conflict Societies and the Military: Recommendations for Security Sector Reform” in in Schnabel, A. and Ehrhart, H. (eds.), Security Sector Reform and Post-Conflict Peacebuilding. New York: United Nations University Press, pp. 315-322. p. 316
(10)OECD (2005).Ibid. pp. 22-23
(11)OECD (2005).Ibid. pp. 20-21
(12)OECD (2005).Ibid. p. 28
(13)Bastick, M. (2010).Ibid. p. 27
(14)UNODC (2006a).Criminal Justice Assessment Toolkit: Custodial and Non-Custodial Measures; the Prison System. Vienna: UNODC. p. 1
(15)Bastick, M. (2010).Ibid. p. 44
(16)United Nations Office on Drugs and Crime: http://bit.ly/1Jawyvg
(17)Penal Reform Institute (PRI) (2010). Making Law and Policy that Work: A Handbook for Law and Policy Makers on Reforming Criminal Justice and Penal Legislation, Policy and Practice. London: PRI. p. III, 42
(18)PRI (2010).Ibid. p. 18
(19)PRI (2010).Ibid. p. 42
(20)UNODC (2006b).Criminal Justice Assessment Toolkit: Policing: Public Safety and Police Service Delivery. Vienna: UNODC. p. 14
(21)Bastick, M. (2010).Ibid. p. 49
(22)In this paper, when referred to the SMR, we mean the Annex to UN resolution E/CN.15/2015/L.6/Rev.1, which includes additional Rules to the SMR adopted on 13 May, 1977. Available at: http://bit.ly/1NvQ2Aw.
(23)AAPP has been redesigning the draft Prison Law in compliance with international standards and will present their suggestions for amendments in the beginning of 2016.
(24)Bastick, M. (2010).Ibid. p. 5
(25)Transnational Institute (TNI) (2015a).Political Reform and Ethnic Peace in Burma/Myanmar: The Need for Clarity and Achievement. Myanmar Policy Briefing nr. 14, April 2015. pp. 7-8
(26)Bakrania, S. (2014).Safety, Security and Justice: Topic Guide. Birmingham, UK: GSDRC, University of Birmingham. p. 18.
(27)Schnabel and Ehrhart (2005a).Ibid. p. 5
(28)International Bar Association (IBA) (2012). The Rule of Law in Myanmar: Challenges and Prospects. London: International Bar Association. pp. 29, 39
(29)IBA (2012).Ibid. p. 29
(30)PRI (2013).Ibid. p. 72
(31)OECD (2005).Ibid. p. 21
(32)Schnabel and Ehrhart (2005a).Ibid. p. 8
(33)Bastik, M. (2010).Ibid. p. 33
(34)TNI (2015a), pp. 10, 17
(35)The Principles Relating to the Status of National Institutions of 1993 (The Paris Principles) are available here: http://bit.ly/1SGrPXt
(36)IBIA (2012).Ibid. p. 49-50
(37)November 18, 2015. Press statement of Burma Partnership and FORUM-ASIA http://bit.ly/1HacLBb
(38)Myanmar Times, October 15, 2015: http://bit.ly/1M3cL4G
(39)Bastick, M. (2010).Ibid. p. 27
(40)Bastick, M. (2010).Ibid. p. 8
(41)UNODC (2006a).Ibid. p. 3
(42)AAPP published a document on laws that are used against political land human rights activists in Myanmar: http://bit.ly/1QhkDDF
(43)Myanmar Times, November 19, 2015: http://bit.ly/214ALfu
(44)For example Article 505(b) of the Myanmar Penal Code, 1861: http://bit.ly/1ShwyyI
(45)A draft version of the Working Group on the UPR Myanmar can be found here: http://bit.ly/1Qapsx4
(46)ICCPR, Article 9(1)
(47)PRI (2013).Ibid. p. 42
(48)CCP, Article 61
(49)2008 Consitution, Article 376
(50)ICCPR, Article 9(3)
(51)PRI (2013).Ibid. p. 43-44
(52)ICCPR, Article 9(5)
(53)PRI (2013).Ibid. p. 45
(54)IBA (2012).Ibid. p. 46
(55)IBA (2012).Ibid. p. 63
(56)Bastick, M. (2010).Ibid. p. 16
(57)SMR Rule 80 for example.
(58)SMR Rules 64 and 81 refer to this
(59)PRI (2013).Ibid. p. 77
(60)Bastick, M. (2010) Ibid. p. 18
(61)PRI (2013.Ibid. p. 75-76

ဆက်သွယ်မေးမြန်းနိုင်ရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉၄၂၈ဝ ၂၃၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃
အောင်မျိုးကျော် (ရုံးတာဝန်ခံ) ရန်ကုန် +၉၅ (၀) ၉၄၂၈၁၁ ၇၃၄၈

ဒေါင်းလော့ရယူရန်PENAL REFORM PAPER