မြင်းခြံအကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် ကျောင်းသားများအား ဥပဒေမဲ့ဖိနှိပ်မှုများအတွက် အေအေပီပီမှ သတင်းထုတ်ပြန်ချက်

AAPP New Letterhead

သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၁၂ နိုဝင်ဘာ ၂၀၁၅
အမျိုးသားပညာရေးဥပဒေ မူကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် မြင်းခြံအကျဉ်းထောင်တွင် အချုပ်ကျခံနေရပြီး အမှုရင်ဆိုင်နေရသော ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင် နှစ်ဦးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အတွက် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

ထိုသို့အစာငတ်ခံဆန္ဒပြသည်ကို ထောင်ဝန်ထမ်းများမှ စောင်နှင့်အုပ်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ထိုနေ့က တနေကုန် ရေလည်းဖြတ်လိုက်ပြီး ညဖက်မှသာ ရေပေးခဲ့သည်။ ထိုသို့ ရိုက်နှက်မှု၊ ရေဖြတ်မှုများကြောင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် အစာငတ်ခံဆန္ဒပြခြင်းအား ရပ်တန့်ခဲ့သည်။

ထိုဖြစ်စဉ်အား ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့သည် ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) တွင် တရာရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော်လည်း အချိန်နောက်ကျနေပြီဟု အကြောင်းပြကာ အမှုကို လက်မခံခဲ့ကြောင်းသိရှိရသည်။

စည်သူမြတ်သည် မြင်းခြံထောင် သီးသန့်တိုက် (၁ တိုက်) အခန်း ၁၉ တွင်အကျဉ်းကျခံနေရပြီး စိုးလှိုင်သည် မြင်းခြံထောင် သီးသန့်တိုက် (၁တိုက်) အခန်း ၁၆ တွင် အကျဉ်းကျခံနေရသူဖြစ်သည်။

ကိုစည်သူမြတ်သည် မြင်းခြံဒီဂရီကောလိပ် သချင်္ာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး မြင်းခြံမြို့၌ ၂၀၁၅ ခုနှစ် မတ်လ ၂ရ ရက်နေ့တွင် လက်ပံတန်းကျောင်းသားသပိတ်အား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းသည့် ဖြစ်ရပ်အားဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကိုစိုးလှိုင်သည် မုံရွာနည်းပညာတက္ကသိုလ် တတိယနှစ် စက်မှုကျောင်းသားဖြစ်ပြီး ဗကသ (ဗဟိုအလုပ်အမှုဆောင်) အဖွဲ့ဝင်ဖြစ်ကာ မြင်းခြံမြို့၌ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်အလံဖြုတ်ချပြီး ခွပ်ဒေါင်းအလံတင်ခဲ့သည်ဟု စွပ်စွဲကာ ၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကိုစိုးလှိုင်သည် မြင်းခြံအထိ လိုက်ပါလာခြင်းမရှိခဲ့ပေ။

ထိုဖြစ်စဉ်တွင် ထောင်ပိုင် ဦးသီဟထွဋ်တွင် အများဆုံးတာဝန်ရှိပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ထိုသို့ အကျဉ်းထောင်တွင်း အကြမ်းဖက်ရိုက်နှက်ခြင်းနှင့် ရေဖြတ်ခြင်းအား အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုလိုက်ပြီး ထိုအချုပ်သားများ၏ ကျန်းမာရေးအား အထူးဂရုပြု ဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ပါသည်။

ယနေ့အချိန်သည် အထွေထွေရွေးကောက်ပွဲကြီးအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ တိုင်းပြည်၏ နောက်ငါးနှစ်သက်တမ်းအတွက် အစိုးရသစ်မှ တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်သည်။ ထိုသို့ နောင်ငါးနှစ်အတွက် တာဝန်ယူမည့် အစိုးရသစ်အား အဆင်ပြေချောမွေ့စွာ အာဏာလွှဲပြောင်းရေးအတွက် ယခင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ၊ အမှုရင်ဆိုင်နေရသော အချုပ်သားများအား အမြန်ဆုံးလွှတ်ပေးရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအရ ချုပ်နှောင်ခံထားရပြီး အမှုရင်ဆိုင်နေရသူများသည် အဓိကအားဖြင့် လက်ရှိအစိုးရနှင့် သဘောထားကွဲလွဲမှုအတွက် ဖမ်းဆီးထားခြင်းဖြစ်ရာ အာဏာမလွှဲပြောင်းမီ လွှတ်ပေးခြင်းသည် လက်ရှိအစိုးရ၏ စိတ်ကောင်း စေတနာကောင်းများကို ပြသရာရောက်သည့်အပြင် ပြည်သူများ နိုင်ငံတကာ မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူများ၏ လေးစားအသိအမှတ်ပြုမှုကိုလည်း ခံစားရမည်ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁ ၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃

အပြည့်အစုံကိုဒေါင်းလော့ရယူရန် Statement on Myingyan prison