အေအေပီပီနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ထုတ်ပြန်ကြေညာချက်

statement cover

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်

မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား ပညာရေးဥပဒေ အလိုမရှိ” “သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထားသော ကျောင်းသားများအား ချက်ခြင်းလွှတ်” “စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ” စသည့်တောင်းဆိုချက်များ ရေးသားခဲ့သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားလေးဦးတို့သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု စတဲ့ ဥပဒေပုဒ်မ များဖြစ်သော ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားရင်ဆိုင်နေရပါသည်။

ကျောင်းသားများသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ရ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည့်စာမေးပွဲအား ဖြေဆိုရန်အတွက် ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် တတိယ အကြိမ်မြောက်ရုံးချိန်းတွင် အာမခံရရှိရန် တရားရုံးသို့ လျှောက်ထားခဲ့သော်လည်း၊ ဩဂုတ်လ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားသူကြီးမှ အာမခံပေးရန် ပယ်ချခဲ့ပါသည်။ ကျောင်းသားများအား လွှတ်ပေးလိုက်ပါက နောက်ထပ်တစ်ကြိမ် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်နိုင်ပြီး တက္ကသိုလ်အတွင်း အခြားကျောင်းသားများအ ပေါ် အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ထိုကဲ့သို့ အာမခံမပေးရန် တရားသူကြီးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ကျောင်းသားလေးဦးထဲမှ တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေမှ ထိုကဲ့သို့အာမခံ မပေးသည်ကို ပြန်လည် တုန့်ပြန်သည့်အနေဖြင့် ဩဂုတ်လ ၂၂ ရက်နေ့ညနေမှစတင်ပြီး အစာငတ်ခံဆန္ဒပြခဲ့ပါသည်။ ပြည်တွင်းမှ ရရှိသောသတင်းများအရ အစာငတ်ခံဆန္ဒပြသည့်အတွက် အာဏာပိုင်များမှ ကျောင်းသားလေးဦး စလုံးအား ဩဂုတ်လ ၂၂ ရက်မှ အစပြုပြီး ပြစ်ဒဏ်တိုက်အတွင်း တိုက်ပိတ်ပြစ်ဒဏ်များ ချမှတ်ထားပါသည်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့သည် ပြစ်ဒဏ်ချမှတ်ခံထားရသူများ မဟုတ်သေးဘဲ အမှုရင်ဆိုင်နေရသော သူများသာဖြစ်သည်။ ထိုသို့ အမှုရင်ဆိုင်နေရသူများအား အပြစ်မရှိသော သူများကဲ့သို့ ပြုမှု ဆက်ဆံရမည်ဟု နိုင်ငံတကာ ဥပဒေများ က အတိအလင်း ပြဌာန်းထားပေသည်။ (ထိုု့အတူ ပြည်ထောင်စုု အစိုုးရမှ ထုုတ်ပြန်ထားသော ၂၀၁၅ အကျဉ်းထောင် ဥပဒေ မူကြမ်း ၏ အကျင့်စာရိတ္တပြုပြင်ပြောင်းလဲခြင်းနှင့် အသက်မွေးပညာလေ့ကျင့်သင်ကြားပေးခြင်း ခေါင်းစဉ်ပါ အပိုုဒ် (၁၄) တွင် အကျဉ်းဦးစီးဌာနသည် ပညာတစ်ပိုုင်းတစ်စ ဖြစ်နေသော အကျဉ်းသားများနှင့် စာပေမတတ်မြောက်သူ အကျဉ်းသားများအား စာပေပညာများ သင်ကြားနိုုင်ရန် စီမံဆောင်ရွက်ပေးရမည် ဟုုပါရှိပါသည်။)
ထို့အတွက် ထိုကျောင်းသား လေးဦးအား စာမေးပွဲဖြေဆိုခွင့် ပေးကိုပေးရပေမည်။ ထို့အပြင် အကျဉ်းထောင်၏ ရည်မှန်းချက်သည် ပြုပြင်ပြောင်းလဲရေးကို ရည်မှန်းသည် ဆိုလျှင်လည်း ကျောင်းသား များ၏ တောင်းဆိုချက်ကို တရားရုံးက အလေးအနက်ပြုပြီး ခွင့်ပြုရမည်ဖြစ်ပေသည်။

သို့သော် စာမေးပွဲဖြေဆိုခွင့် ပေးရမည့်အစား ကျောင်းသားများအစာငတ်ခံ ဆန္ဒပြသည့်အတွက် တိုက်ပိတ်ခြင်းဖြင့် ပြစ်ဒဏ်ပေးခြင်းသည် လုံးဝမျှတခြင်းမရှိပဲ၊ ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အာဃာတဖြင့် အာဏာပိုင်များဘက်မှ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ရန် အားထုတ်လိုက်ခြင်းပင်ဖြစ်သည်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့အား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အာဏာပိုင်တို့၏ နောက်ဆက်တွဲပြုမှုဆက်ဆံမှုများသည် မြန်မာနိုင်ငံ၏ တရားရေးစနစ်နှင့် အကျဉ်းထောင် စနစ်များကို ပြုပြင်ပြောင်းလဲရန် လုုံးဝ လိုအပ်နေကြောင်း မီးမောင်းထိုးပြ လိုက်ခြင်းပင်ဖြစ်သည်။

ထိုကျောင်းသားများ၏အမှုဖြစ်စဉ်မှ လေ့လာတွေ့ရှိလိုက်ရသည်မှာ မြန်မာနိုင်ငံရှိ တည်ဆဲ ဥပဒေများ ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ခြင်းဆိုင်ရာ ဥပဒေပုဒ်မများသည် အစိုးရနှင့် သဘောထား ကွဲလွဲသူများ၊ တက်ကြွလှုပ်ရှားသူများအား ဖိနှိပ်ရန် အာဏာပိုင်များက လိုသလို အသုံးချနိုင်သည့် ဥပဒေများ ဖြစ်နေသည် ဟု ပြည်သူများက ရှုမြင်လာနိုင်ပြီး အုပ်ချုပ်ရေးယန္တရား နှင့် တရားစီရင်ရေး ယန္တရား အပေါ်ယုံကြည် ကိုးစားလိုစိတ် ကျဆင်းလာစေပါသည်။

တိုက်ပိတ်အပြစ်ပေးထားသည့် ကျောင်းသားလေးဦးအား တိုက်ပိတ်ပြစ်ဒဏ်မှ ချက်ချင်းပယ်ဖျက်ပေးရန်နှင့် အကျဉ်းထောင်မှ ချက်ခြင်းလွှတ်ပေးကာ စာမေးပွဲ ဖြေဆိုခွင့်ပြုရန် အေအေပီပီနှင့် FPPS မှ အလေးအနက်တောင်းဆို တိုက်တွန်းလိုက်ရပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)

ဆက်သွယ်ရန်-
တိတ်နိုင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း +၆၆(၀)၈၁၂၈၇၈ ၇၅၁
တင်မောင်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ +၉၅(၀) ၉၅၅ ဝ၁၄ ၂၉

ဒေါင်းလော့ရယူနိုင်ရန် AAPP and FPPS calls for the release of the Graffiti Students (Bur)