နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တို့၏ သဘောထားထုတ်ပြန်ချက်

coverရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။
အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဖြစ်သည်။
သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀၀ဝ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်။
နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅ ဦးအား ဥပဒေအရ တသတ်တကျွန်း ပြစ်ဒဏ်ချမှတ်ပြီး ၈ ရက်အကြာတွင် ချွင်းချက်မရှိလွှတ်ပေးလိုက်ခြင်းသည် ဥပဒေစိုးမိုးမှုကို စိန်ခေါ်လိုက်ခြင်း ပင်ဖြစ်သည်ဟု မှတ်ယူရပေမည်။ ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကြိုက်သလို လုပ်နိုင်သည်ဟု အိမ်နီးချင်းနိုင်ငံမှ နိုင်ငံသားများမှ မှတ်ယူသွားနိုင်ပေသည်။ ယခုလို မိမိနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံမှ နိုင်ငံသားများက လုပ်ချင်တိုင်း ဝင်ရောက်လုပ်ကိုင်နေခြင်းသည် လုံခြုံရေးစည်းပေါက်သည် ဟု မှတ်ယူသည်။ ထိုသို့ဖြစ်ပျက်ခြင်းက တိုင်းသူပြည်သားများအနေဖြင့်လည်း အစိုးရအား အယုံအကြည်ကင်းမဲ့စေသော လုပ်ရပ်ပင်ဖြစ်သည်။
ချစ်ကြည်ရေးတည်ဆောက်ရာတွင် တနိုင်ငံချင်း၏ ပိုင်နက် နယ်နမိတ်နှင့် အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုရန်၊ မကျူးကျော်ရန်၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖက်ရန်၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ကြရန်ဆိုသည့် အချက်များအပေါ် အဓိကထားခြင်းပင်ဖြစ်သည်ဟု ဘန်ဒေါင်းမူ ငါးချက်တွင် အတိအလင်း ပြဌာန်းထားပြီး မြန်မာ၊ တရုတ် နိုင်ငံခေါင်းဆောင်များက ထိုအချက်များကို လိုက်နာပါမည်ဟု ကတိပြု လက်မှတ်ထိုး ထားခဲ့သည်လည်း ဖြစ်သည်။ တိုင်းပြည်၏ သံယံဇာတကို အခြားနိုင်ငံသားများမှ ဂိုဏ်းဖွဲ့ခိုးယူခြင်းသည် မည်သို့မျှခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပေ။ ဤသည်မှာ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက်ခြင်းပင်ဖြစ်သည်။
တိုင်းပြည်အာဏာပိုင်များအနေဖြင့် အချုပ်အခြာအာဏာ၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို ခွဲခြားသိမြင် ဆုံးဖြတ်နိုင်ရန်အတွက် မိမိတို့မှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
ထို့အတူ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေးတို့အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းဖြင့် အစိုးရ၏ စိတ်ကောင်း၊ စေတနာကောင်းများကို ပြသရန်လိုအပ်ကြောင်း ထပ်မံတိုက်တွန်းလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
ဆက်သွယ်ရန်- ကိုတိတ်နိုင် +၆၆(၀) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည် +၉၅ (၀) ၉၄ ၂၅၃ဝ ၈၈၄၀
ကိုတင်မောင်ဦး +၉၅(၀) ၉၅ ၅၀၁၄၂၉
ဒေါင်းလော့ရယူရန် Statement on Amnesty 31-7-2015