အကျဉ်းထောင်များအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေခြင်း

Ko Tin Win Pictureဓါတ်ပုံအားကိုဘသက်အောင်ဖေ့ဘုတ်မှကူးယူဖော်ပြပါသည်။

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇွန်လ (၁၁) ရက်
အကျဉ်းထောင်များအတွင်း ထိန်းသိမ်းထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာ ယခုလပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာသည်ကို သိရှိရပါသည်။
၂၀၁၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင် လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်စစ်ကြောင်းကို ဝန်းရံပေးရင်း ကျောင်းသားများနှင့်အတူ သာယာဝတီထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံနေရသည့် ကိုတင်ဝင်းသည် ယခုလ ဇွန်လ ၂ ရက်နေ့တွင် တရားရုံးထုတ်ရာ၌ အသက်ပုံမှန်ရှူမရဘဲ တရားခွင်တွင်လဲကျသွား၍ ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကုသနေခဲ့ရသည်။ ကိုတင်ဝင်းသည် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရစဉ်က နံရိုးများတွင် ရရှိခဲ့သည့်ဒဏ်ကြောင့် အကြောများ ပုံမှန်အလုပ်မလုပ်ခြင်း၊ သွေးအန်ခြင်းတို့ ခံစားနေရသည့်အပြင် လည်ပင်းနေရာတွင် ရရှိခဲ့သည့် ဒဏ်ချက်ကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရသည်အထိ ကျန်းမာရေး ဆိုးရွားခဲ့ပါသည်။
ကျောင်းသားသပိတ် စစ်ကြောင်းတွင်ပါဝင်ခဲ့သည့် ဝန်းရံပြည်သူတဦးဖြစ်သူ ကိုခင်လှိုင်သည်လည်း သာယာဝတီထောင်တွင်းတွင် ချောင်းဆိုးကာ သွေးများပါ ပါလာ၍ အကြိမ်ကြိမ် သတိလစ်ခဲ့သည်။ ဇွန်လ ၉ ရက်နေ့ တရားရုံးထုတ်သို့ပင် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ ကိုခင်လှိုင်အား သာယာဝတီဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရပြီး ဇွန်လ ၉ ရက်နေ့မှာပင် သာယာဝတီဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိနေသည်ဟု သိရှိရသည်။
ထို့အတူ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၄ နှစ် ၄ လ ထောင်ဒဏ်ကျခံနေရပြီး လက်ကျန်အမှုများ ရင်ဆိုင် နေရသော နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်သည်လည်း ခါးဆစ်ရောဂါကြောင့် လမ်းမလျှောက်နိုင်သည်အထိ ကျန်းမာရေးဆိုးရွားနေပါသည်။
၂၀၁၄ ခုနှစ်တွင် ဖမ်းဆီးခံရကာ ပခုက္ကူထောင်တွင် ထောင်ဒဏ် ၁ဝ နှစ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသားတဦးဖြစ်သူ ယူနတီဂျာနယ် သတင်းထောက် ကိုသဲရာဇာဦးသည်လည်း အသည်းရောင် ဘီ ရောဂါကို ပြင်းပြင်းထန်ထန်ခံစားနေရပါသည်။ ခန္ဓာကိုယ်အောက်ပိုင်း ပုံမှန်အလုပ်မလုပ်သဖြင့် ဒုတ်ကောက်နှင့် လမ်းလျှောက်နေရသည့်အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေသည်ဟု ကိုသဲရာဇာဦး၏ အမျိုးသမီးမှ ပြောပြချက်အရ သိရှိရသည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရသည့် နိုင်ငံရေးအကျဉ်းသား စိုင်းတင်မင်းထွန်းနှင့် ဇော်သက်အောင် တို့သည်လည်း AIDS ရောဂါခံစားနေရသည်ဟု သူတို့၏ မိသားစုများမှ ပြောကြားခဲ့ပါသည်။ ထို့အပြင် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား အများစုသည် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သလောက် မရရှိကြောင်းသိရှိရပါသည်။
ထို့ကြောင့် အကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးရွားနေသည့် နိုင်ငံရေးအကျဉ်းသားများကို ကျန်းမာရေး စောင့်ရှောက်မှုများ စံနစ်တကျ ပံ့ပိုးဆောင်ရွက်ပေးရန် အရေးတကြီးလိုအပ်လျှက်ရှိပါသည်။ အထူးသဖြင့် လက်ပံတန်းမြို့ ဒီမိုကရေစီပညာရေး စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီးခြင်းခံရပြီး သာယာဝတီ ထောင်အတွင်းရောက်ရှိနေသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး ကျန်းမာရေး စစ်ဆေးပေးရန်အတွက် လိုအပ်နေပါသည်။
မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအား ပြည့်ပြည့်ဝဝ ပြုစုစောင့်ရှောက်ပေးရန်၊ အကျဉ်းထောင်များတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရအာဏာပိုင်အဆင့်ဆင့်အနေဖြင့် တာဝန်ရှိသည့်အတိုင်း အထူးဂရုပြု ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာအစိုးရအား အလားတူ တောင်းဆိုပေးရန် တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆ (၀) ၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် +၉၅ (၀) ၉၄ ၂၅၃ဝ ၈၈၄၀

အေအေပီပီမှ ထုတ်ပြန်ကြေညာချက် ဒေါင်းလော့ရယူရန် AAPP calls for adequate healthcare for political prisoners