စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၉၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၄၂၅) ဦးရှိပြီး ထိုအထဲမှ (၁၉၆၉၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၁၁၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၂၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သတင်းပတ်အတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲများကြောင့် ဒေသခံ အများစုမှာ မြို့တွင်း၌ ပိတ်မိနေကြပြီး စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀ ဦးဝန်းကျင် သေဆုံးခဲ့သည်။ ၎င်းအပြင် ပြည်သူအများစုမှာ ထိခိုက်ဒဏ်ရာရရှိကြပြီး ဒေသခံ လေးသောင်းနီးပါးမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။
ရခိုင်ပြည်နယ်၌ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သော ရက္ခိုင့်တပ်တော်နှင့် စစ်အုပ်စုကြား တကျော့ပြန် တိုက်ပွဲများတွင် စစ်အုပ်စုမှ စစ်ရေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ အရပ်သားပြည်သူများကို ပစ်ခတ်၊ ဖမ်းဆီးခဲ့ပြီး ၎င်းမှ တိုက်ပွဲအတွင်း ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားလျက်ရှိသည်။ ထို့ပြင် တိုက်ပွဲအတွင်း ပိတ်မိနေသူများ ရှိပြီး အများစုမှာ အိုးအိမ်စွန့်ခွာ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသလို ရခိုင်ပြည်နယ်တစ်ခုလုံးကို စစ်အုပ်စုက ပိတ်ဆို့ထားသည့်အတွက် စစ်တွေတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများမှာ နေရပ်ပြန်နိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရလျက်ရှိသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဒေသများတွင် စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် နေရာများကို သာလွန်အင်အားသုံး၍ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏တပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များ အပါအဝင် ၁၁ ဦးသေဆုံးခဲ့သည်။
၎င်းအပြင် စစ်အုပ်စုက ၎င်းတို့စစ်ကြောင်းထိုးရာတလျှောက် အရပ်သားများကို လူသားဒိုင်းအဖြစ်သော်လည်းကောင်း၊ ဓားစားခံအဖြစ်သော်လည်းကောင်း ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်လျက်ရှိသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သရက်ကိုင်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံ ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း