စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၀၈၉) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၄၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၇၈၈) ဦးရှိပြီး ထိုအထဲမှ (၁၉၂၁၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၃၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၇) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၀) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၅၆၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လေတပ်ဦးစီးချုပ်က ဦးဆောင်၍ ဥက္ကဋ္ဌအဖြစ် နေပြည်တော်၌ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က တက်ရောက်ခဲ့သည်။ ၎င်းကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ အင်းတော်မြို့နယ်၊ ပုလဲမြို့နယ်နှင့် အရာတော်မြို့နယ်များ၌၎င်း၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၌၎င်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်၌၎င်း၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အပါအဝင် နိုင်ငံတဝန်း၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ယခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများ၊ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခဲ့မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးမှုမှာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်အထိ စစ်အုပ်စုက ၎င်းတို့ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အပြင် ပြစ်ဒဏ်မှ လွတ်မြောက်၍ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာဒေသများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်က တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သက်တော် ၇၇ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒ ကျည်စထိမှန်၍ နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ ဦးဝင်းသိန်းသည်လည်း ကျည်စထိမှန်၍ သေဆုံးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း