စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၀၃၅) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၆၇၄) ဦးရှိပြီး ထိုအထဲမှ (၁၉၈၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၂၉၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ 

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၄၇၈၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို စစ်ကြောင်းထိုးသောကြောင့် ဒေသခံပြည်သူများမှာ နေရပ်ဒေသများကို စွန့်ခွာ၍ တိမ်းရှောင်ထွက်ပြေးနေရသည်။ ဩဂုတ်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို အင်အား ၁၅၀ ကျော် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၃၆၁ က စစ်ကြောင်းထိုးသောကြောင့် တောင့်တဲကုန်းကျေးရွာ၊ ကိုးမြို့ကျေးရွာ၊ ညောင်ဇင်ကြီးကျေးရွာ၊ ဖလုံချိုင်ကျေးရွာ၊ သရက်ခေါင်းကျေးရွာ၊ သိုးဘိုးကျေးရွာ၊ ငါးရာနဲကျေးရွာ၊ မင်းဘာကျေးရွာနှင့် လက်ခုပ်ကုန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၄ ရွာမှ အရပ်သား ၈၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ဒေသများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ ပလမြို့ရဲစခန်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ပလမြို့၊ အမှတ် ၃ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး အပါအဝင် ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ကျည်ထိမှန်ပျက်စီးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၄ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၁၁၁) ဦး သေဆုံးခဲ့သည်။ ၎င်း (၁၁၁၁) ဦးအနက် ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၃၉၈) ဦး ပါဝင်ပြီး၊ အဆိုပါကာလအတွင်း သေဆုံးမှုများတွင် စစ်ကိုင်းတိုင်းမှာ (၆၂၀) ဦးဖြင့် အများဆုံးဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း