အသက်အန္တရာယ်ဘေးကျရောက်နေသည့်၊ စစ်အကြမ်းဖက်အုပ်စုလက်ထဲက နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံမှု(လုံးဝ)ကင်းမဲ့နေသည့်ဘဝ

ရက်စွဲ။  ။ ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်

မည်သူမဆို အခြေခံလူ့အခွင့်အရေးများဖြစ်သည့် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိရ မည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းက အတိအလင်း ညွှန်းဆိုထားသည်။

ယခုအခါ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းကျနေစဉ်အတွင်း အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အခွင့်အလမ်း အလွန်နည်းပါးလာခြင်းကို အလွန်အမင်း စိုးရိမ်စွာ ရင်ဆိုင်နေကြရပါသည်။

အကျဉ်းသားများအား ချုပ်နှောင်ထားရာတွင် ချုပ်နှောင်ထားစဉ်ကာလအတွင်း ထိုအကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးကိစ္စအဝဝနှင့် လုံခြုံရေးကို အကျဉ်းထောင်နှင့် ဖမ်းဆီးထားသူများက အပြည့်အဝ တာဝန်ယူရမည်ဖြစ်သော်လည်း  ဘက်ပေါင်းစုံမှ ဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများသည် အစားအသောက်ဆင်းရဲခြင်း၊ အနေအထိုင်ဆင်းရဲခြင်း၊ လုံခြုံရေးအရ ကိုယ်စိတ်ဆင်းရဲခြင်းများကို အပြင်းအထန် ခံစားနေကြရသည်။

ယခု လပိုင်းအတွင်း အကျဉ်းထောင်ထဲမှ လူမသိသူမသိ အပြင်သို့ခေါ်ထုတ်၍ စစ်ကြောရေးပြုလုပ်ရာတွင် လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရယ်ထိခိုက်သည်ထိကျုးလွန်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခြင်းများအား  ဆက်တိုက်ဆိုသလို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ထိုသို့သောအခြေအနေတွင် အတင်းအကျပ် ထောင်ပြောင်းရွှေ့ခြင်းများအား မကြာခဏပြုလုပ်လာပြီး၊ ထိုသို့ ထောင်ပြောင်းရွှေ့ရာတွင် အကျဉ်းသားများ၏ လုံခြုံရေးအား လုံးဝ တာဝန်ယူခြင်းမရှိသည်ကို တွေ့ရသည်။

မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် ယခုလပိုင်းအတွင်း အာဏာလု အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်များအတွင်းမှ အပြင်သို့ ခေါ်ထုတ်၍ ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခြင်း၊ မတရား သတ်ပစ်ခြင်းများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် မုံရွာထောင်မှ မန္တလေးထောင်နှင့် မြင်းခြံထောင်များသို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို (စစ်ကားများကိုအသုံးပြု၍) ကား (၅) စီးဖြင့် အတင်းအကျပ် ထပ်မံပြောင်းရွှေ့ခဲ့သည်။ ထိုထောင်ပြောင်းကားတန်းအား မုံရွာအထွက် မြေနဲရွာအနီး တံတားဖြူနားအရောက် တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ရပြီး သူနှင့်အတူ ခြေကျဉ်းတွဲခတ်ထားခံရသည့် (ခြေထောက်တဖက်မရှိသူ) နိုင်ငံရေးအကျဉ်းသား အာကာငြိမ်းချမ်း သည်လည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အခြားနိုင်ကျဉ်း ၅ ဦးမှာလည်း ဒါဏ်ရာရရှိခဲ့ကြသည်။ မည်သည့်အဖွဲ့က မိုင်းဆွဲခဲ့သည်ကို (ယခုအချိန်အထိ) မသိရသေးပါ။ (သို့သော် ထိုဒေသများသည် အပြန်အလှန်မိုင်းဆွဲတိုက်ခိုက်ရာ စစ်မြေပြင်အခြေအနေ၌ ကျရောက်နေသည်ကို သတိပြုအပ်သည်။)

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ တွင်လည်း မုံရွာထောင်မှ မြင်းခြံထောင်သို့ အကျဉ်းသား ( ၁၅၀ ) ခန့် အား ထောင်ပြောင်းရွှေ့ရာတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူကျေးရွာအနီး ချင်းတွင်းတံတားထိပ်တွင် မိုင်းဆွဲခံရကာ နိုင်ငံရေးအကျဉ်းသားတချို့ ဒဏ်ရာရခဲ့သည်။ အမျိုးသမီး အကျဉ်းသူ ၇ ဦး ထိခိုက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ မမြင့်မြင့်ခိုင်နှင့် မဝင်းဝင်းနွယ်တို့ ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ အပြင်သို့ ခေါ်ထုတ်ပြီး သတ်ပစ်ခံရမှုများရှိခဲ့သည်။ ထိုနိုင်ငံရေးအကျဉ်းသားများထဲမှ အနည်းဆုံး ၈ ဦး အသတ်ခံခဲ့ရပြီး၊ စစ်အုပ်စုမှ ထောင်ပြောင်းရာတွင် ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု အကြောင်းပြခဲ့သော်လည်း ဘယ်နှစ်ဦး သေဆုံးခဲ့သည်ကို ထုတ်ပြန်ခြင်း မရှိခဲ့သလို သွားရောက်မေးမြန်စုံစမ်းသော မိသားစုများအားလည်း ပြန်လည် ဖြေဆိုခြင်းမရှိဘဲ သတင်း အမှောင်ချထားခဲ့သည်။ ထို့ပြင် မိသားစုများနှင့် အဆက်အသွယ်ပြတ်စေရန် ထောင်ဝင်စာတွေ့ခွင့်များကိုပါ ပိတ်ပင်ပစ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

ဤသည်မှာ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအပေါ် ရည်ရွယ်ချက်ရှိရှိ အသက်သေဆုံးသည်အထိ ထပ်မံ၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ဆက်လက်ကျုးလွန်လျှက်ရှိကြောင်း ဖေါ်ပြနေပေသည်။

မည်သို့ပင်ဖြစ်စေ အကျဉ်းချထားစဉ်အချိန်အတွင်း အကျဉ်းသားများ၏ လုံခြုံရေးကို အကျဉ်းချထားသူများမှ အပြည့်အဝ တာဝန်ယူရမည်သာဖြစ်သည်။ ယခုဖြစ်ရပ်တွင် အကျဉ်းချထားသည့် စစ်အုပ်စုဘက်မှ မည်သည့်ထုတ်ပြန်မှုမျိုးမှ ပွင့်လင်းလွတ်လပ်စွာ မပြုလုပ်ခဲ့သလို တာဝန်ယူမှုလည်း လုံးဝ မရှိခဲ့ပါ။

အေအေပီပီအသင်း အတွင်းရေးမှူးဦးတိတ်နိုင်က “အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ ၎င်းတို့အား ဆန့်ကျင်သူများကို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားရုံမက အကျဉ်းထောင်များထဲမှ ခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ပြောင်းရွှေ့တာ၊ သတ်ဖြတ်တာ၊ အသက်အန္တရာယ်တွေကို တာဝန်ယူမှုကင်းမဲ့စွာ ပြောင်ကျကျ ပြုမူကျုးလွန်နေတာတွေဟာ နိုင်ငံတကာဥပဒေများကို ပြက်ရယ်ပြု စိန်ခေါ်ရာရောက်သလို နိုင်ငံတကာ တရားရေးယန္တရားအနေနဲ့လည်း အရှက်ရစရာဖြစ်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ထို့ပြင် တွဲဘက်အတွင်းရေးမှူးဦးဘိုကြည်ကလည်း “အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့  ဘက်ပေါင်းစုံနဲ့ ထိတွေ့ရမယ်ဆိုပြီး စစ်အုပ်စုနဲ့ ဆက်ဆံနေမှုတွေ ရှိပေမဲ့ စစ်အုပ်စုက အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘော တူညီချက် ၅ ချက်ကို အခုချိန်အထိ လိုက်နာခြင်းမရှိတဲ့အပြင် ပြည်သူလူထုအပေါ်ကို အကြမ်းဖက်မှုတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးဝါးလာနေပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုကို တိကျတဲ့အချိန်သတ်မှတ်မှုတွေနဲ့ ဆက်ဆံသင့်ပါတယ်။ တကယ်လို့ သတ်မှတ်ချိန်အတွင်းမှာ စစ်အုပ်စုဘက်က အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ရင် စစ်အုပ်စုကို အာဆီယံရဲ့ ဘယ်လို အစည်းအဝေးကိုမဆို ဖိတ်ခေါ်ခြင်းမပြုတာ၊ ထိရောက်တဲ့ ဖိအားပေးတာမျိုးတွေ ဆက်လက်လုပ်ဆောင်သင့်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေး ဆိုတာကိုလည်း တစိုက်မတ်မတ် တောင်းဆိုသင့်ပါ တယ်” ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အပ်စုက ယခုကဲ့သို့ ၎င်းတို့စိတ်အလိုရှိသည့်အတိုင်း ဥပဒေမဲ့ တရားလက်လွတ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအား နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြင်းပြင်းထန်ထန် တုန့်ပြန်တားမြစ်ပြီး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် အမြန်ဆုံး ဖိအားပေး အရေးယူဆောင်ရွက်ကြပါရန် တောင်းဆိုလိုက်သည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း 

ဆက်သွယ်ရန်- info@aappb.org

စတိတ်မန့်အားဒေါင်းလော့ရယူရန် Statement on current situation_18august2023