အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ ထောက်ခံသူများအပေါ် အကြမ်းဖက် ဖြိုခွဲခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ ဖြစ်ပွားလာသည့်အတွက် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသည့် ၂၀၁၅ ခုနှစ် လှုပ်ရှားမှုအား အချိန်တိုးချဲ့လုပ်ဆောင်ခြင်း

aapp and fpps logoနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ ပူးတွဲလုပ်ဆောင်သော နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုသည် မူလအစီအစဉ်အရ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း ကျောင်းသားများ၏ဆန္ဒပြမှုကို အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့် ယနေ့ မြန်မာနိုင်ငံ လူအခွင့်အရေးနေ့ ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်သော်လည်း လတ်တလောတွင် အစိုးရမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွဲကာ အနည်းဆုံး ၁၂ရ ယောက်အား ဖမ်းဆီးခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအား အချိန်တိုးကာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ငြိမ်းချမ်းစွာဆန္ဒပြသူများအား အစိုးရအာဏာပိုင်များမှ ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများသည် အလွန်စိုးရိမ်စရာအခြေအနေ ဖြစ်လာသဖြင့် AAPP နှင့် FPPS တို့မှ အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါသည်။ အဖမ်းခံရသူများထဲမှ အများအပြားမှာ ပုဒ်မပေါင်းများစွာဖြင့် တရားစွဲဆိုသည်ကို ရင်ဆိုင်နေကြရပါသည်။ ထို့အတွက် အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက်သာမက လတ်တလော ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများပါ ခြွင်းချက်မရှိ ချက်ခြင်းလွတ်မြောက်ရေးအတွက် တောင်းဆိုရန် အဓိကဖြစ်လာပါသည်။
ကမာ္ဘတလွှားမှ ရာပေါင်းများစွာသော ထောက်ခံသူများသည် ၂၀၁၅ လက်ဝါးကမ်ပိန်းတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ကြပါသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အသုံးပြုသည့် ဖိနှိပ်သောဥပဒေများ ဖျက်သိမ်းပစ်ရန်၊ စစ်မှန် တည်တံ့သည့် တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဏိုင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ကိုလည်း တောင်းဆို ခဲ့ကြပါသည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပေးသော ထောက်ခံသူများအားလုံးကို ကျေးဇူးတင်ရှိသကဲ့သို့ ၎င်းတို့၏ ထောက်ခံရပ်တည်မှုများကို လတ်တလော ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက်ပါ ဆက်လက်တိုးချဲ့ရပ်တည်ပေးပါရန် မေတ္တာရပ်ခံလိုပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများကို ထောက်ခံသည့်ပြပွဲကိုလည်း မတည်ငြိမ်သော လက်ရှိအခြေအနေကြောင့် ထပ်မံအသိပေး အကြောင်းကြားမည့်အချိန်အထိ ရွှေ့ဆို်င်းလိုက်ကြောင်း အသိပေးလိုပါသည်။
၂၀၁၅ လက်ဝါးကမ်ပိန်း နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါလျှင် (သို့မဟုတ်) မြန်မာ့ နိုင်ငံရေးအကျဉ်းသားများကို မည်သို့ ထောက်ခံရမည်ကို သိရှိလိုပါလျှင် www.aappb.org/2015-political-prisoners-campaign သို့ ၎င်း၊ အီးမေးလ် campaigns@aappb.org သို့ ၎င်း ကြည့်ရှုနိုင်ပါသည်။
ဆက်သွယ်ရန်
အောင်မျိုးကျော် AAPP: +၉၅ ၉၄၂ ၈၁၁ ၇၃၈၄
သက်ဦး FPPS: +၉၅ ၉၄၂ ၁၁၁ ၃၈၇၁

ဒေါင်းလော့ရယူရန်AAPP & FPPS Campaign Extension in Light of the Recent Mass Arrests (Burmese)