စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၅၆၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၆၂၄) ဦးရှိပြီး ထိုအထဲမှ  (၁၈၃၀၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၀၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၆) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၁၆) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တမာခေါကျေးရွာနှင့် တောင်စု(အနောက်)ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသောကြောင့် အဆိုပါ ကျေးရွာနှစ်ရွာမှ ဒေသခံ ၈၀၀ နီးပါးမှာ ကြောက်ရွံ့ထိတ်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို စီးနင်း၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ မကျီးကုန်းကျေးရွာ၊ ဆူးတပ်ကျေးရွာ၊ ဖုတ်ကုန်းကျေးရွာ၊ ဘုတ်ကုန်းကျေးရွာနှင့် ပစ်တိုင်းထောင်ကျေးရွာကို အင်အား ၁၀၀ ကျော် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၃၆၈နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး လေးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်နေရသည်။

ယနေ့ရရှိသော အချက်အလက်များအရ မေလ ၁၉ ရက်နေ့တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို  မုံရွာအကျဉ်းထောင်တွင်းတရားရုံးမှ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၀ နှစ် ထပ်မံချမှတ်ခဲ့သောကြောင့် စုစုပေါင်း ထောင်ဒဏ်  ၅၂ နှစ် ချမှတ်ခံထားရသည်။ ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ၎င်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ငါးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၁၄၈၊ ၃၂၃ (က)၊ ၃၉၅ နှင့် ၃၉၇ တို့ဖြင့် ထောင်ဒဏ် ၂၀ နှစ် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရပြီးဖြစ်သည်။

ထို့ပြင် မေလ ၁၉ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၌ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက အဆိုပါကျေးရွာသို့ ရောက်ရှိလာပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ခုနှစ်ဦးကို ပုလောမြို့ အခြေစိုက် ခလရ-၂၈၅ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း