စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၅၀၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၂၅၂) ဦးရှိပြီး ထိုအထဲမှ  (၁၇၉၄၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၉၂၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၀၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ စောင့်ကြည့် လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏တပ်က အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက် ဖမ်းဆီး၍ သတ်ဖြတ်မှုများနှင့် မုန်တိုင်းဒဏ်သင့်ဧရိယာများရှိ အရပ်သားပြည်သူများ၏ နေထိုင်ရာဒေသများအား စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ မေလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီခန့်အချိန်အထိ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏ စစ်ကြောင်းက ကျေးရွာအတွင်းမှ အသက် ၁၈ နှစ်နှင့်အောက် ကလေးခြောက်ဦး အပါအဝင် အရပ်သား ၁၈ ဦးအား ဖမ်းဆီး၍ မီးရှို့ သတ်ဖြတ်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ အရပ်သားပြည်သူ နှစ်သောင်းခွဲဝန်းကျင်မှာ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးသောကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်တွင်ပင် မိုးထဲလေထဲ၌ အသက်လု ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့ရရှိသော အချက်အလက်များအရ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မင်္ဂလာဆောင်အတွက် အကြိုဓါတ်ပုံရိုက်ရန် ကျေးရွာအတွင်း ရောက်ရှိနေသော ဖမ်းဝရမ်းထုတ်ခံထားရသည့် ရန်တောင်ကျေးရွာမှ ကိုတင်ရှိန်နှင့် ၎င်း၏ သတိုးသမီးလောင်းတို့ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် မေလ ၁၁ ရက်နေ့ ညနေပိုင်းအချိန်တွင် အကြမ်းဖက်စစ်အုပ်စုက ကိုတင်ရှိန်ကို ၎င်း၏နေအိမ်ရှိရာ ရန်တောင်ကျေးရွာသို့ ခေါ်ဆောင်ခဲ့ပြီး ၎င်း၏နေအိမ်အရှေ့တွင်ပင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ 

ထို့ပြင် မေလ ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက အကြမ်းဖက်စစ်အုပ်စု၏ ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကော့ကရိတ်မြို့မှ ဒေသခံ ၄၀ ဦးခန့်ကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကော့ကရိတ် စစ်ဗျူဟာတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ကော့ကရိတ်မြို့မ ရဲစခန်း၌ စစ်ဆေးနေကြောင်း သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ လုပ်ငန်းရှင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူများ ပါဝင်ကြောင်းနှင့် ဖမ်းဆီးခံထားရသူများကို မိသားစုဝင်များက တွေ့ခွင့်မရရှိသေးကြောင်း သိရှိရသည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း