စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်

ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၇၀၁၂) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည် လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ AAPP မှ အဆိုပါ အကျဉ်းထောင်လွှတ်ပေးမှု အခြေအနေနှင့်ပတ်သက်၍ စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိရာ လက်ရှိအချိန်ထိရရှိထား သော အချက်အလက်များအရ အကျဉ်းထောင် (၁၉) ခုထက်မနည်းမှ  နိုင်ငံရေး အကျဉ်းသား (၃၀၀) ဝန်းကျင် လွတ်မြောက်လာကြောင်းသိရှိရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ အဆိုပါ အကျဉ်းသားလွှတ်ပေးမှုဖြစ်စဉ်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၁၉၃) ဦးကို ယနေ့အထိ မှတ်တမ်းပြုနိုင်ခဲ့သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင် သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွား ပါမည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၀၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၂၈၄) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၉၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၆၆၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

ယနေ့ရရှိသော အချက်အလက်များအရ ဇန်နဝါရီလ ၃ ရက်နေ့၊ ည ၇ နာရီခွဲခန့်အချိန်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်မှာ ဒေါတငူးကျေးရွာအနီးရှိ တဲအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်ရှောင် အမျိုးသမီးတစ်ဦးဖြစ်သူ စိုးမြာသည် ပေါင်ကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်။

ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင်းအထူးတရားရုံးမှ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အတွင်းရေးမှူး ဦးအောင်ကြွယ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ဦးအောင်ကြွယ်သည် အသက် ၇၀ ကျော်အရွယ် ရှိပြီဖြစ်ပြီး တစ်နှစ်ကျော်ကြာဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။  

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း