စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၅၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၄၀) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၆၈၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၃) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၄၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးနှင့် လူငယ် (၄) ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းစစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း AAPP ၏ သတင်းရင်းမြစ်များ မှတဆင့် အတည်ပြုနိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ဖြစ်သွားခဲ့သော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်းအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ကျောင်းသား (၇) ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (က) ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ 

လူငယ် (၄) ဦးကို ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်း ပစ်သတ်ခံရမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မကွေးမြို့ ဆေးတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ကိုကောင်းဆက်နိုင်အား  CRPH၊ NUG နှင့် PDF များကို ထောက်ပံ့ပေးနေသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)ဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကိုကောင်းဆက်နိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အလုပ်ကိစ္စဖြင့် မြဝတီမြို့သို့သွားရောက်ရာ မြဝတီနှင့်လေးကေ့ကော်မြို့သစ်ကြားရှိ အကြမ်းဖက်စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း