စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၉၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇူလိုင် ၁၉) တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို  ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။    

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၆၆၈) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၃၄၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ  (၇၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၁) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၄၇) ဦး ရှိသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှ ကျောင်းဆရာနှစ်ဦးဖြစ်သော ဦးဇော်ထက် (ခ) ရွှေမန်းနှင့် ဦးနေလင်းတို့ကို အကြမ်းဖက်စစ်အုပ်စုမှ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကျောင်းဆရာ နှစ်ဦးသည် CDM ပြုလုပ်ပြီးနောက် ပြင်ပ၌ အင်္ဂလိပ်စာသင်ကြားနေကြသူများဖြစ်ပြီး ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်သည်၊ တရားမဝင်စာသင်သည်ဟုစွပ်စွဲခြင်းခံရကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် မြိတ်ကွန်ပျူတာက္ကသိုလ်မှ မော်ကွန်းထိန်း ဒေါ်သီသီဆွေ၊ မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဆရာ ဦးအာကာမောင်နှင့် မြိတ်မြို့ အ.ထ.က (၁) မှ ကျောင်းဆရာမ တစ်ဦးတို့ကို ရဲနှင့် စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တို့က ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဇူလိုင်လ ၁၄ ရက်နေ့ ညအချိန်၌ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း